Healthy Life Ad
Life Style

လေးဖက်နာရောဂါ

ဒေါက်တာဒေါ်ဝေဝေလွင်ဇော်(အထူးကုဆရာဝန်၊ အရိုး၊ အကြော၊ အဆစ်ဆေးကုဌာန၊ ခုတင်၅၀ဝဆံ့ဆေးရုံကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး. လေးဖက်နာရောဂါအကြောင်း သိပါရစေဆရာမ။

ဖြေ. လေးဖက်နာလို့ ဘာကြောင့်ခေါ်သလဲဆိုတော့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်နာလို့ လေးဖက်နာလို့ ပြောကြတာပါ။ လေးဖက်နာဆိုတဲ့ အခေါ်အဝေါ်က နည်းနည်းတော့ကျယ်ပြန့်ပါတယ်။ လူနာတစ်ဦး လေးဖက်နာပြီဆိုရင် ဟိုးတုန်းကတော့ ASO တက်ပြီးဖြစ်တဲ့ လေးဖက်နာကိုပဲ လူသိများခဲ့ပါတယ်။ အဲဒီအမျိုးအစားက ဟိုတစ်ချိန်က အဖြစ်များခဲ့တာမှန်ပါတယ်။

စတပ်ပတိုကော့ကိုင်းဆိုတဲ့ ပိုးဝင်ပြီး အဲဒီပိုးကို ခန္ဓာကိုယ်ကတိုက်တယ်၊ ကြာလာတော့ ခန္ဓာကိုယ်ထဲမှာ ပဋိပစ္စည်း (Antibodies) တွေထွက်လာပါတယ်။ အဲဒီပဋိပစ္စည်းတွေက အဆစ်တွေကိုသွားတိုက်တယ်။ အဆစ်တွေတိုက်ပြီး နှလုံးကို သွားတိုက်တဲ့အတွက် နှလုံးအဆို့ရှင်ရောဂါတွေ ဖြစ်လာပါတယ်။ အဓိကတရားခံက စတပ်ပတိုကော့ကိုင်းပိုးကြောင့်ဖြစ်ရတာပါ။ ဒါကြောင့် အဲဒီလေးဖက်နာရောဂါ (Rheumatic Fever)ကို ဆရာကြီးဦးချစ်စိုးက ပိုး ကြောင့်ဖြစ်လို့ “ပိုးလေး ဖက်နာ”လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ပိုးလေးဖက်နာက အသက် ၅ နှစ်ကနေ ၁၅ နှစ်အတွင်း အဖြစ်များပါတယ်။ ပိုးဝင်တုန်းမှာ သေချာအပြတ်ကုလိုက်ရင် ပိုးကနှလုံးကို ထိခိုက်မှုမရှိတော့ပါဘူး။

မေး. ပိုးလေးဖက်နာအပြင် တခြားလေးဖက်နာအမျိုးအစားတွေ ဘယ်နှမျိုးရှိပါသလဲ ဆရာမ။

ဖြေ. ပိုးလေးဖက်နာအပြင် အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာနဲ့ အရေပြားထူ လေးဖက်နာဆိုပြီး ရှိပါတယ်။ အရေပြားလေးဖက်နာဆိုတာ SLE (Systemic Lupus Erythematosus)ကို မြန်မာလိုခေါ်ရလွယ်အောင် ဆရာကြီးဦးချစ်စိုးက ဖလှယ်ထားတာပါ။ အရေပြားလေးဖက်နာလို့ ဘာကြောင့်ခေါ်တာလဲဆိုတော့ အရေပြားမှာ အနီကွက်တွေထွက်တယ်၊ နေပူထဲသွားရင် ပိုဆိုးတယ်၊ အဆစ်တွေရောင်တယ်၊ ကိုက်တယ်၊ ကြွက်သားတွေနာတယ်။

ဒီလိုအပေါ်ယံထိတာအပြင် ကျောက်ကပ်တွေလည်း ထိတတ်ပါတယ်။ ကျောက်ကပ်ရောင်တယ်၊ နှလုံးရောင်တယ်၊ နှလုံးအမြှေးပါးနဲ့ အဆုတ်အမြှေးပါးရောင်တတ်တယ်၊ အဆုတ်ခဲတာ ဖြစ်တတ်တယ်၊ မျက်လုံးထဲက သွေးကြော၊ ဦးနှောက်ထဲက သွေးကြောတွေရောင်တတ်တယ်၊ ပြောရရင် တစ်ကိုယ်လုံးကိုထိတယ်။ အများအားဖြင့် ၉၀ ရာခိုင်နှုန်းကျော်လောက်က အရေပြားမှာ စထိပြီးမှ တစ်ကိုယ်လုံးကို ထိတာများပါတယ်။ ဒီရောဂါက ဆယ်ကျော်သက်၊ ၂၀ ကျော်၊ ၃၀ ကျော်အရွယ်တွေမှာ အဖြစ်များပေမယ့် ၅၀ကျော်-၆၀ လောက်မှာ ဖြစ်တာလည်းတွေ့ဖူးပါတယ်။

မေး. သွေးလေးဖက်နာအကြောင်းကိုလည်း ရှင်းပြပေးပါဦး ဆရာမ။

ဖြေ. သွေးလေးဖက်နာ (Rheumatoid Arthritis) ရောဂါက ခန္ဓာကိုယ်ထဲမှာ ပဋိလှုံ့ပစ္စည်း (Antigen) နဲ့ ပဋိပစ္စည်း (Antibodies) နှစ်ခုဓာတ်ပြုပြီး အဆစ်တွေရောင်ရမ်းလာပါတယ်။ အဲဒါကိုမကုဘဲ ကြာလာရင် အဆစ်တွေပျက်စီးပြီး ကောက်ကွေးလာပါတယ်။ သွေးလေးဖက်နာက အဆစ်မှာစဖြစ်တယ်၊ အဆစ်ကိုပဲ နောက်ဆုံးကောက်ကွေးအောင် လုပ်ပစ်တဲ့အတွက် “တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆို ပိတောက်” ဆိုပြီး ဆရာကြီး ဦးချစ်စိုးက တင်စားပြောပြထားပါတယ်။

ဒါပေမဲ့ ရောဂါရင့်လာရင် ကိုယ်တွင်းအင်္ဂါတွေ ဖြစ်တဲ့နှလုံး၊ ကျောက်ကပ်၊ အဆုတ်စတာတွေ ထိတတ်ပါတယ်။ အဓိက သိသိသာသာဖြစ်တာကတော့ အဆစ်တွေ ကောက်ကွေးသွားတာပဲဖြစ်ပါတယ်။ သွေးလေးဖက်နာသမားက မနက်ပိုင်းအိပ်ရာကနိုးတာနဲ့ လက်တွေက တင်းတောင့်ပြီး မျက်နှာမသစ်နိုင်၊ သွားမတိုက်နိုင်ဖြစ်လာပါတယ်။

အရင်ဆုံး လက်ချောင်းလေး တွေက အရင်ရောင်လာတယ်၊ တင်းတောင့်လာတယ်၊ အဲဒီတော့ လူနာတချို့က အလွယ်တကူပဲ ဆေးခန်းမှာ ဆေးတွေ ထိုးလိုက်ကြတယ်၊ တချို့ကျတော့ ဆေးဆိုင်တချို့ကနေ စပ်ဆေးဆိုပြီး ပရက်နီစလုံးစတီးရွိုက် တွေပါတဲ့ ဆေးတွေဝယ်သောက်ကြတယ်၊ အဲဒီအခါ ဆေးသောက်ရင် သက်သာလိုက်၊ ဆေးပြတ်ရင် မသက်သာလိုက်နဲ့ လူကတော့ စတီးရွိုက်ကြောင့် ဖောင်းကားလာတော့တယ်။

တကယ်တော့ လူနာတွေကို သိစေချင်တာက ဒီဆေးတွေက အဆစ်တွေကောက်တာ၊ ကွေးတာကို မတားဆီးနိုင်ပါဘူး။ အရိုးတွေ ပျက်စီးမှာကို တားဆီးမယ့်ဆေး၊ အဆစ်တွေကောက်ကွေးမှာကို တားဆီးမယ့်ဆေး၊ အထဲက အင်္ဂါအစိတ် အပိုင်းတွေ ထိခိုက်မှာကို တားဆီးမယ့်ဆေးရှိပါတယ်။ အဲဒါကို DMARDs (Disease Modifying AntiRheumatic Drugs) လို့ ခေါ်ပါ တယ်။ အဲဒီဆေးကို စောစောစီးစီးပေးနိုင်မှ အရိုးအဆစ်တွေ မကောက် ကွေးအောင်၊ အထဲကအင်္ဂါအစိတ်အပိုင်းတွေမထိခိုက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ရိုးရိုးကိုက်ခဲနာကျင်တာထင်ပြီး ဆေးသောက်လို့ တစ်ပတ်လောက်အတွင်း သက်သာသွားရင် တော့ကိစ္စမရှိပါဘူး၊ တစ်ပတ်လည်းမသက်သာ၊ နှစ်ပတ်လည်းမသက်သာဘဲ ဆေးကိုဖြတ်လို့မရတာ သုံးပတ်လောက်ရှိလာပြီဆိုရင်တော့ သွေးလေးဖက်နာဖြစ်နိုင်ခြေများလာပြီလို့ ခန့်မှန်းရပါတယ် . . .

အဲဒီဆေးတွေကို ဒီရောဂါလက္ခဏာပေါ်ပြီး ခြောက်ပတ်ထက် နောက်မကျဘဲပေးသင့်ပါတယ်။ စောစောစီးစီး လက်ဆစ်တွေနာပြီဆိုရင် အရိုး၊ အကြော၊ အဆစ်အထူးကုနဲ့ပြဖို့လိုပါတယ်။ ရိုးရိုးကိုက်ခဲနာကျင်တာထင်ပြီး ဆေးသောက်လို့ တစ်ပတ်လောက်အတွင်း သက်သာသွားရင်တော့ ကိစ္စမရှိပါဘူး၊ တစ်ပတ်လည်းမသက်သာ၊ နှစ်ပတ်လည်းမသက်သာဘဲ ဆေးကိုဖြတ်လို့မရတာ သုံးပတ်လောက်ရှိလာပြီဆိုရင်တော့ သွေးလေးဖက်နာ ဖြစ်နိုင်ခြေများလာပြီလို့ ခန့်မှန်းရပါတယ်။

အဲဒီတော့ ခြောက်ပတ်အတွင်း ဆရာမတို့ဆီကိုရောက်လာရင် DMARDs ဆေးပေးလိုက်တဲ့အခါ ကောက်ကွေးတာသက်သာနိုင်ပါတယ်။ ဒီဆေးက အကိုက်အခဲပျောက်ဆေးလို ချက်ချင်းမသက်သာဘဲ တဖြည်းဖြည်းနဲ့ သက်သာလာတာဖြစ်ပါတယ်။ အသက် ၂၀ ကျော်ကနေ ၆၀ အတွင်း ဖြစ်တတ်ပါတယ်။

မေး. အရေပြားထူ လေးဖက်နာအကြောင်းကိုလည်းသိပါရစေ ဆရာမ။

ဖြေ. အရေပြားထူလေးဖက်နာဖြစ်ရင် မျက်နှာကတင်းတင်းကြီးဖြစ်လာတယ်၊ ပါးစပ်ဟရတာခက်လာတယ်၊ နှာခေါင်းထိပ်က ချွန်ချွန်လေးဖြစ်သွားတယ်၊လက်ဖမိုးအရေပြားဆွဲကြည့်ရင် သာမန်ဆိုရင် ဆွဲလို့ရပေမယ့် သူတို့မှာတင်းတင်းကျပ်ပြင်ကြီး ဖြစ်လာပါတယ်။ များသောအားဖြင့် လက်ချောင်းအရေပြားက စထူလာတတ်တယ်၊ တချို့ကျတော့လည်း မျက်နှာမှစပြီး တခြားနေရာတွေမှာ အကွက်လိုက်ဖြစ်တာမျိုး ရှိတတ်ပါတယ်။ အရေပြားထူတဲ့အပြင် အဆစ်အမြစ်တွေကိုက်တတ်တယ်။

ပြီးတော့ အဆုတ်ခဲတာ၊ ကျောက်ကပ်ထိတာတွေနဲ့ တွဲတတ်တယ်၊ နှလုံးထဲ ဖိအားများပြီး နှလုံးကိုလည်းထိတတ်ပါတယ်။ ဒီရောဂါရဲ့ ထူးခြားချက်က အရေပြားကမထူခင်မှာ စရောင်တယ်၊ ရောင်တဲ့အဆင့်မှာ မြန်မြန်ကုလိုက်ရင် အရေပြားက ခပ်ထူထူ ကျပ်ပြင်ကြီး မဖြစ်တော့ဘူး။ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါတွေကိုလည်း မထိတော့ပါဘူး။ အဓိကတော့ စောစောစီးစီးသိဖို့နဲ့ သက်ဆိုင်ရာ အထူးကု ဆရာဝန်ဆီ ရောက်ဖို့လိုတယ်။ ဒါဆိုရင် လူကောင်းလိုနေနိုင်ပါတယ်။ အသက် ၂၀ကျော်ကနေ ၅၀ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။

မေး. ဒီလေးဖက်နာရောဂါတွေက မျိုးရိုးလိုက်တတ်ပါသလား ဆရာမ။

ဖြေ. ပိုးလေးဖက်နာကတော့ မျိုးရိုးမလိုက်ပါဘူး၊ ပိုးကြောင့် ဖြစ်တာဖြစ်တဲ့အတွက် အမေမှာဖြစ်လို့ ကလေးမှာ ဖြစ်ရမယ်ဆိုတာမျိုး မရှိပါဘူး။အရေပြားလေးဖက်နာ(SLE) ဆိုရင်လည်း မျိုးရိုးမလိုက်ဘူးလို့လည်း ပြောလို့မရဘူး၊ မျိုးရိုးလိုက်တယ်လို့လည်း ပြောလို့မရပါဘူး။

အမေမှာဖြစ်ရင် ကလေးမှာ ၁၀ဝ ရာခိုင်နှုန်း ဖြစ်လေ့ဖြစ်ထမရှိဘူး၊ သာမန်လူထက်စာရင် အရေပြားလေးဖက်နာ မျိုးရိုးရှိသူမှာတော့ အရေပြားလေးဖက်နာရောဂါဖြစ်ဖို့ အခွင့်အလမ်းပိုရှိပါတယ်။ ဆရာမတို့ Ward ထဲမှာ ညီအစ်မနှစ်ယောက်စလုံး ဖြစ်တာမျိုးတွေ့ဖူးပါတယ်။ HLA မျိုးဗီဇနဲ့ ဆက်နွှယ်တဲ့ အတွက် အဲဒီမျိုးဗီဇအခံရှိနေရင် အရေပြားလေးဖက်နာဖြစ်စေတဲ့ ပတ်ဝန်းကျင်အကြောင်းရင်းရယ်၊ လှုံ့ဆော်မှုရယ် သုံးခုတိုက်ဆိုင်တဲ့အခါ ရောဂါဖြစ်လာတတ်ပါတယ်။ အလားတူပဲ သွေးလေးဖက်နာနဲ့ အရေပြားထူ လေးဖက်နာကလည်း ဒီသဘောတရားအတိုင်းပဲ ဖြစ်ပါတယ်။

မေး. ဒီရောဂါတွေရဲ့ မျိုးဗီဇပါ၊ မပါဆိုတာ စစ်ဆေးလို့ရပါသလားဆရာမ။

ဖြေ. စစ်လို့တော့ရပါတယ်။ စင်ကာပူ၊ ဘန်ကောက် စသဖြင့် ပို့ပြီးစစ်ဆေးလို့တော့ရပါတယ်။ မျိုးဗီဇ ပါတိုင်းလည်း မဖြစ်ပါဘူး။

မေး. အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာနဲ့ အရေပြားထူ လေးဖက်နာရောဂါရှိသူအမျိုးသမီးတွေက သားသမီးမွေးဖွားလို့ ရပါသလား ဆရာမ။

ဖြေ. ဒီရောဂါတွေကို Autoimmune Disease လို့ ခေါ်ပါတယ်။ ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲ ပိုးဝင်လာရင် ကိုယ့်ခန္ဓာကိုယ်က တိုက်တယ်။ ဒါပေမဲ့ ဒီ Autoimmune Disease ရှိသူတွေမှာတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ အချင်းချင်းတိုက်တယ်။ များသောအားဖြင့် Autoimmune Disease တွေဖြစ်တဲ့ ဒီရောဂါတွေက အမျိုးသမီးတွေပိုအဖြစ်များပါတယ်။ ဖြစ်တဲ့ အသက်အရွယ်ကြည့်လိုက်ရင်လည်း ကလေးမွေးနိုင်တဲ့အရွယ်တွေမှာ တွေ့ရတဲ့အတွက် သားသမီးမွေးဖွားလို့ ရ၊ မရဆိုတာ သိထားသင့်ပါတယ်။

(၁) SLE အရေပြားလေးဖက်နာဝေဒနာရှင်က ကိုယ်ဝန်တော့ယူနိုင်ပါတယ်။ ဒါပေမဲ့ အကြောင်းညီညွတ်မှ SLE မကြွဘဲ ငြိမ်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက ကလေးယူမယ့် အစီအစဉ်ရှိတဲ့အကြောင်း ဆရာဝန်တွေကို အသိပေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ SLE အတွက် ပေးတဲ့ဆေး (DMARD) တွေက ကလေးမှာပုံမှန်မဟုတ်တဲ့ ထိခိုက်မှုလေးတွေ ဖြစ်တတ်လို့ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဆရာဝန်ကို အရင်ဆုံးတိုင်ပင်ရမယ်။

ဆရာဝန်က တချို့ဆေးတွေကို ၆ လ အနည်းဆုံး၊ တချို့ဆေးကို တစ်နှစ်၊ နှစ်နှစ်လောက် ကြိုဖြတ်ဖို့လိုပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်နဲ့ သင့်တော်တဲ့ ဆေးကိုပြောင်းသောက်ရပါမယ်။ ခြုံပြောရမယ်ဆိုရင် ကိုယ်ဝန်ယူလို့ရတယ်၊ ရောဂါငြိမ်နေတဲ့အချိန်မှာ ကိုယ်ဝန်ယူရမယ်၊ ဆေးတွေဖြတ်ထား ပြီးသား၊ ကိုယ်ဝန်ဆောင်နဲ့ သင့်တော်တဲ့ဆေးတွေသောက်နေပြီးသားဖြစ်ရပါမယ်။ ရောဂါကြောင့် ကလေးမရနိုင်တာမျိုးမရှိပါဘူး။ ကလေးလည်းရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါမှာ သေချာပြင်ဆင်ပြီး မွေးဖွားရင် အန္တရာယ်ကင်းကင်း မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။

(၂) RA သွေးလေးဖက်နာသမားကလည်း ရောဂါငြိမ်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ခုနက SLE သမားလိုပဲ ဆေးတွေကို တည့်တဲ့အမျိုးအစား ပြောင်းသောက်ထားရပါမယ်။

(၃) အရေပြားထူလေးဖက်နာသမားကလည်း အတူတူပါပဲ။ ရောဂါမကြွရဘူး၊ ကိုယ်ဝန်ထိခိုက်မယ့်ဆေးတွေ ဖြတ်ထားပြီးသား၊ ကိုယ်ဝန်ဆောင်နဲ့ သင့်တော်တဲ့ဆေးတွေ သောက်ထားပြီးသားဆိုရင် ကလေးယူလို့ရပါတယ်။ မွေးတဲ့နေရာမှာ အရေပြားလေးဖက်နာသမားတွေက ပုံမှန်သဘာဝအတိုင်း မွေးနိုင်ပေမယ့်မွေးပြီးအချိန်မှာ ရောဂါ ပြန်ကြွတတ်တဲ့အတွက် သေချာစောင့်ကြည့်ဖို့လိုပါတယ်။

သွေးလေးဖက်နာသမားတွေကတော့ အဆစ်တွေတင်းတောင့်နေတတ်တဲ့အတွက် သဘာဝအတိုင်း မွေးရတာမျိုး ခက်တတ်ပါတယ်။ ဒီတော့ ခွဲမွေးတဲ့နှုန်းကများပါတယ်။ အရေပြားထူလေးဖက်နာက အရေပြားလေးဖက်နာသမားတွေလိုပဲ သဘာဝအတိုင်းမွေးလို့ရပြီး မွေးပြီးတာနဲ့ သက်ဆိုင်ရာ အထူးကုဆရာဝန်တွေက စောင့်ကြည့်ဖို့လိုပါတယ်။

မေး. ဒီရောဂါတွေကမဖြစ်အောင် ကာကွယ်လို့ရပါသလား ဆရာမ။

ဖြေ. ပိုးလေးဖက်နာကတော့ မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ ပိုးတွေမရှိအောင်နေလိုက်ရင် ပိုးဝင်ခဲ့ရင် လည်း ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်လိုက်တယ်ဆိုရင် ပိုးလေးဖက်နာရောဂါရယ်လို့ ဖြစ်လာစရာအကြောင်း မရှိတော့ပါဘူး။

တခြား အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာနဲ့ အရေပြားထူ လေးဖက်နာတွေကတော့ ကာကွယ်လို့မရပါဘူး။ သူ့မှာ(၁)ဒီမျိုးရိုးဗီဇလည်းပါနေတယ်၊ (၂)ပတ်ဝန်းကျင်အကြောင်းရင်းလည်းပါနေတယ်၊ (၃)ရောဂါထအောင်လှုံ့ဆော်တဲ့ အခြေအနေလည်းရှိတယ်ဆိုရင် ဖြစ်ချိန်တန်တဲ့အခါ ဖြစ်လာမှာပါပဲ။ ဒါပေမဲ့ ဒီသုံးချက်ကို မထိတွေ့အောင် လုပ်ဆောင်ပေးရင်တော့ကာကွယ်နိုင်ပါတယ်။

မျိုးဗီဇက ပါလာတယ်၊ ဒါပေမဲ့ ပတ်ဝန်းကျင်အကြောင်းရင်းဖြစ်တဲ့ ဆိုးဆေးတွေ၊ ဓာတုပစ္စည်းတွေ များများစားတာကိုရှောင်ကြဉ်မယ်ဆိုရင် ဖြစ်ဖို့ အခွင့်အလမ်းက နည်းသွားပါတယ်။ ဆိုးဆေးတွေ၊ ဓာတုပစ္စည်းတွေ များများစားတဲ့အခါ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ Apopotosis ဆိုတဲ့နည်းနဲ့သေမယ်။ အဲဒီအခါ ဆဲလ်သေတွေကို Macrophage ဆိုတဲ့ အမှိုက်သိမ်း ဆဲလ်က လိုက်ရှင်းတယ်။ သိပ်များတဲ့အခါ မရှင်းနိုင်တော့တဲ့အတွက် ဆဲလ်အပိုင်းအစလေးတွေ သွေးထဲ၊ ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့တယ်။

အဲဒီအပိုင်းအစလေးတွေကို T-Cell ခေါ်တဲ့ သွေးဖြူဥက မှတ်ထားပြီး B-Cell လို့ခေါ်တဲ့ သွေးဖြူဥတွေကို အဲဒီကြွင်းကျန်တဲ့ အပိုင်းအစလေးတွေကို တိုက်ဖျက်တဲ့ပဋိပစ္စည်း (Antibodies) တွေ ထုတ်ခိုင်းတယ်။ အဲဒီအခါကျတော့ ထုတ်လိုက်တဲ့ပဋိပစ္စည်းတွေက ဆဲလ် အပိုင်းအစလေးတွေနဲ့တူတဲ့ အရာမှန်သမျှကို လိုက်တိုက်တယ်။ အဲဒါတွေက အဆစ်၊ အရေပြား၊ နှလုံး စတာတွေမှာရှိတဲ့အတွက် အဲဒါတွေပါ ထိခိုက်ရတာပါ။ ကျန်းမာတဲ့ နေထိုင်စားသောက်ပုံကို လိုက်နာနိုင်ရင်တော့ ကိုယ့်မှာမျိုးဗီဇပါလာဦးတော့ ဖြစ်ဖို့နည်းသွားပါတယ်။

အရေပြားလေးဖက်နာဆိုရင်လည်း မျိုးဗီဇပါလာပေမယ့် နေရောင်ခြည်နဲ့ထိတွေ့မှု ရှောင်ရင်၊ ရောဂါကိုလှုံ့ဆော်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ရှောင်လိုက်ရင် ဖြစ်ဖို့နှုန်းက နည်းသွားပါတယ်။ အဓိကကတော့ စောစောစီးစီးသိဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပိုမဆိုးအောင် ထိန်းနိုင်မှာပါ။

မေး. လေးဖက်နာရောဂါနဲ့ ပတ်သက်ပြီး အများပြည် သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေဆရာမ။

ဖြေ. လေးဖက်နာရောဂါနဲ့ ပတ်သက်ပြီး ပြောလိုတာက အဆစ်နာတယ်၊ ကိုက်တယ်ဆိုတာတွေ ဖြစ်တဲ့အခါ အကိုက်အခဲပျောက်ဆေးလောက်နဲ့ တစ်ပတ်-နှစ်ပတ်-သုံးပတ်လောက်အတွင်း မပျောက်ဘူးဆိုရင် သွေးလေးဖက်နာများ ဖြစ်နေမလားဆိုပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပြစေချင်ပါတယ်။

တချို့ကျတော့ စပ်ဆေးတွေနဲ့ လပေါင်းများစွာကြာပြီး ကောက်ကွေးပြီးမှ ဆေးရုံရောက်လာတတ်တယ်၊ ဒါမျိုးတွေကြည့်ရတာ စိတ်မကောင်းပါဘူး။ ဆရာမတို့ဆေးရုံက ကုပေးနေတာက စပ်ဆေးဝယ်ရသလောက်တောင် ကုန်ကျမှု မရှိဘဲနဲ့တောင် သူတို့ကမသိဘဲမလာကြဘူး။ ဒါကြောင့် ပြည်သူလူထုရဲ့ ကျန်းမာရေးအသိမြင့်တက်လာဖို့ များများစာဖတ်ဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top