Healthy Life Ad
Life Style

ကြီးထွားမြန် ရင်သားအကျိတ် (Phyllodes Tumor) အကြောင်း သတိပြုဖွယ်ရာ

ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ရင်သားအကျိတ် (Phyllodes Tumor) အကြောင်း သိပါရစေ ဆရာ။
ဖြေ ။ Phyllodes Tumor ဆိုတာ ရင်သားအကျိတ် တစ်မျိုးပါပဲ။ ဒါပေမဲ့ တွေ့နေကျ ရင်သားအကျိတ်တွေ၊ ရင်သားကင်ဆာအကျိတ်တွေတော့ မဟုတ်ပါ ဘူး။ သီးသန့် ရောဂါတစ်ခု ဖြစ်ပါတယ်။ အပွားမြန်တဲ့ ရောဂါဖြစ်ပြီး သုံးလေးပတ်အတွင်း၊ လပိုင်းမှာ အကျိတ်က ရုတ်တရက် ကြီးလာပါတယ်။

မေး ။ ရင်သားအကျိတ် (Phyllodes Tumor) က အဖြစ်များပါသလား ဆရာ။
ဖြေ ။ ဒီအမျိုးအစားက အဖြစ်တော့ မများပါဘူး၊ ရှားပါတယ်။ အဖြစ်မများပေမယ့် သိထားသင့်တဲ့ ရောဂါ တစ်ခုပဲဖြစ်ပါတယ်။ ရင်သားအကျိတ်အားလုံးရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တစ်နှစ်အတွင်း ရင်သားအ ကျိတ်ဖြစ်သူ အယောက် ၁၀ဝ မှာ တစ်ယောက်လောက်ပဲရှိပါတယ်။ နေ့စဉ် ခွဲစိတ်ကုသမှုပေးနေတဲ့ ဆရာတို့လို ခွဲစိတ်ဆရာဝန်ကြီးတွေတောင် တစ်နှစ်မှာ တစ်ယောက်၊ နှစ်နှစ်မှာ တစ်ယောက် . .အဲဒီ လောက်ပဲတွေ့ရပါတယ်။ ဆရာဆို မကွေးမှာတာဝန်ကျတာ ခြောက်နှစ်အတွင်း ရင်သားအကျိတ် (Phyllodes Tumor) ဖြစ်သူတွေ့တာ သုံးယောက်ပဲရှိပါသေးတယ်။

မေး ။ ရင်သားအကျိတ် (Phyllodes Tumor)က တခြား ရင်သားအကျိတ်၊ ရင်သားကင်ဆာအကျိတ်တွေ နဲ့ ဘယ်လိုခြားနားနေပါသလဲ ဆရာ။
ဖြေ ။ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ရင်သားအကျိတ် Fibroadenoma ဆိုရင် အကြီးမမြန်ပါဘူး၊ နှစ်နဲ့ ချီပြီး ရှိနေတတ်ပါတယ်။
ရင်သားကင်ဆာအကျိတ်ဆိုရင်လည်း ဒီလောက် အကြီးမမြန်ဘူး၊ ၄-၅-၆ လအတွင်းကျမှ ခန္ဓာကိုယ်တစ်ခုလုံး၊ ချိုင်း(ဂျိုင်း)တွေအထိ အကျိတ်တွေပြန့် လာတတ်ပါတယ်။ ဒီရင်သားအကျိတ် (Phyllodes Tumor) ဆိုရင် တစ်နေရာတည်းမှာပဲ ရှိနေတတ်ပြီး ကြီးလာတတ်တယ်။ တခြားနေရာတွေကို သိပ်မပြန့်ဘူး။ ဒါက ဒီအကျိတ်ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။ သစ်ပင်ကြီးထွားလာသလို ရုတ်တရက် ထွားလာပါတယ်။

မေး ။ ရင်သားအကျိတ် (Phyllodes Tumor) ရဲ့ လက္ခဏာတွေကို သိပါရစေ ဆရာ။
ဖြေ ။ ရင်သားအကျိတ် (Phyllodes Tumor) ဖြစ်ရင် အကျိတ်အလုံး တစ်လုံးတည်းကနေ ကြီးလာတာ ဖြစ်ပါတယ်။ အကျိတ်က နည်းနည်းလည်း မာပါတယ်။ပြီးတော့ နို့သီးခေါင်း ချိုင့်ဝင်တာလည်း မရှိပါဘူး။ဒီလို လက္ခဏာတွေပေါ်တာနဲ့ ရင်သားအကျိတ် (Phyllodes Tumor) လို့ အတိအကျ ပြောလို့ မရပါဘူး။ တစ်သျှူးအသားစယူစစ်ဆေးမှု (Biopsy) ယူမှ သိနိုင်ပါတယ်။

မေး ။ ရင်သားအကျိတ် (Phyllodes Tumor) က ဘယ်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ။
ဖြေ ။ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်က အသက် ၁၅ နှစ်ကနေ ၃၀ နှစ်အတွင်း အဖြစ်များပေမယ့် ဒီ ရင်သားအကျိတ် (Phyllodes Tumor)က အသက် ၃၅ နှစ်အထက် အသက် ၄၀-၅၀ အရွယ်မှာ အဖြစ် များတာကို တွေ့ရပါတယ်။

မေး ။ ရင်သားအကျိတ် (Phyllodes Tumor) ကစိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာလား ဆရာ။
ဖြေ ။ အကျိတ်က အရမ်းကြီးပေမယ့် အပွားမမြန်ဘူး။ အရိုးတွေ၊ သွေးကြောတွေကို ပြန့်လေ့မရှိဘူး။ ဒီရင် သားအကျိတ်ဖြစ်ရင် ခွဲထုတ်လိုက်ရတယ်။ ဒါပေမဲ့ အဓိက ပြဿနာက ပြန်ပြန်ဖြစ်တာပါပဲ။ ခွဲပြီးရင် ဓာတ်ရောင်ခြည်ကင်တာ၊ ကင်ဆာဆေးသွင်းကုသတာ၊ ဟော်မုန်းဆေးပေးတာတို့ လုပ်ရင်လည်း သိပ် အဆင်မပြေပါဘူး။ အဓိက ကုထုံးက ခွဲတာပဲ ဖြစ်ပြီး အကျိတ်တင်မက ဘေးကတစ်သျှူးအကောင်းတွေ ကိုပါ ခွဲထုတ်ရပါတယ်။

မေး ။ ရင်သားအကျိတ် (Phyllodes Tumor) အမျိုးအစား ဘယ်နှစ်မျိုးလောက် ရှိပါသလဲ ဆရာ။
ဖြေ ။ ရင်သားအကျိတ် (Phyllodes Tumor) ကို ရောဂါဗေဒဆရာဝန်ကြီးတွေက အမျိုးအစား သုံးမျိုးထပ် ခွဲခြားထားပါတယ်။
(၁) ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ် (Benign Phyllodes Tumor) ၊
(၂) ရင်သားအကျိတ်ကင်ဆာ (Malignant Phyllodes Tumor) နဲ့
(၃) ဘော်ဒါလိုင်း ရင်သားအကျိတ် (Borderline Phyllodes Tumor) ဆိုပြီး ဆဲလ်တွေ၊ ပုံစံတွေ ကြည့်ပြီး သုံးမျိုးခွဲထားပါတယ်။

မေး ။ ရင်သားအကျိတ် (Phyllodes Tumor) ဖြစ်သူ နဲ့ ပတ်သက်ပြီး ဆရာ့အတွေ့အကြုံလေးကို ပြောပြပေးပါ ဆရာ။
ဖြေ ။ ရန်ကုန်ဆေးရုံကြီးမှာ ဆရာတွေ့ဖူးတဲ့ လူနာတစ်ယောက်ဆို ရင်သားအကျိတ်(Phyllodes Tumor) ဖြစ်ပြီး ပြန်ပြန်ဖြစ်လို့ ၁၃ ခါအထိ ခွဲခဲ့ရပါတယ်။ ဒီလိုထပ်တလဲလဲဖြစ်လာတော့ သွေးကြောတွေကို ထိခိုက်ပြီး အသက်အန္တရာယ်ထိခိုက်မှု ရှိပါတယ်။ အခု မကွေးဆေးရုံကြီးမှာ ကုနေတဲ့လူနာဆိုရင် အခုခွဲတာ ၆ ကြိမ်ရှိပါပြီ။ တွေ့တုန်းက ခပ်သေးသေး ခပ်မာမာအကျိတ်၊ ကြီးတာက မြန်တယ်။ အဲဒါ နဲ့ ခွဲထုတ်လိုက်တယ်။ ခွဲရတာ လွယ်ပေမယ့် ပြန်ဖြစ်လာတယ်။ ဒါနဲ့ ပြန်ခွဲလိုက်ရတယ်။ အခုဆို ၆ ကြိမ်တောင်ရှိနေပြီ။

မေး ။ ရင်သားအကျိတ် (Phyllodes Tumor) နဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ ရင်သားအကျိတ်ပေါ်လာရင် ဆရာဝန်တွေကို အမြန်ဆုံး ပြသင့်ပါတယ်။ အသက် ၃၀ အောက်အရွယ် ဆိုရင် မိသားစုမှာ ရင်သားကင်ဆာ ရာဇဝင်မရှိဘူး ဆိုတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါပေ မဲ့အိမ်ထောင်ရှိရှိ၊ မရှိရှိ၊ သားသမီးရှိရှိ၊ မရှိရှိ ရင်သား အကျိတ်ဖြစ်ပြီး ရုတ်တရက် အကြီးမြန်လာမယ်ဆို ရင်တော့ အမြန်ဆုံး ခွဲလိုက်ဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top