Healthy Life Ad
Health Tips

တညင်းသီးနှင့် ကျောက်ကပ်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

တညင်းသီးက စားသင့်တဲ့အစာထဲမှာ မပါဝင်ပါဘူး။ တညင်းသီးတစ်လုံးစားပြီး ကျောက်ကပ်ပျက်လို့ ရောက်လာတဲ့လူနာတွေအများကြီး တွေ့ရလို့ပါ။

တညင်းသီးမှာ အဆိပ်အတောက်ဖြစ်စေတဲ့ Djenkolic acid ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်လို့ပါ။ ဒါပေမဲ့လူအများစုက တညင်းသီးစားနေတာပဲ၊ သူတို့ကျတော့ ဘာမှမဖြစ်ဘူးဆိုပြီး ပြောကြတယ်။ ဖြစ်တဲ့သူတွေကျတော့ ကျောက်ကပ်ထိတာ၊ ပျက်တာတွေအထိ ဖြစ်ကြပါတယ်။

ဒါကပင်ကိုကတည်းက ကျောက်ကပ်အားနည်းတဲ့သူတွေ၊ နာတာရှည်ကျောက်ကပ်ရောဂါ ရှိတဲ့သူတွေဆိုရင် တညင်းသီးကများများမဟုတ်ဘူး၊ တစ်လုံး – နှစ်လုံးစားလိုက်ရင်တောင် ကျောက်ကပ်ပျက်သွားတတ်ပါတယ်။

ဒါကြောင့် ကျောက်ကပ်မကောင်းတဲ့သူတွေနဲ့ ကျောက်ကပ်ရောဂါရှိတဲ့သူတွေက လုံးဝမစားသင့်ပါဘူး။ တညင်းသီးကိုအများကြီးစားလိုက်ရင် လတ်တလောကျောက်ကပ်ထိခိုက်မှု ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားလို့မရတာအထိ ဖြစ်တတ်ပါတယ်။

တကယ်တော့တညင်းသီးက ဘယ်လိုလူမျိုးမှ မစားသင့်ပါဘူး။ ဒါပေမဲ့ကိုယ့်မှာ ဘာရောဂါဝေဒနာမှမရှိဘူးဆိုရင်၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် (Immune System) က ကောင်းနေတယ်ဆိုရင်၊ အသည်းကောကျောက်ကပ်ပါ ကျန်းမာနေတယ်ဆိုရင် တညင်းသီးကို မစားရမနေနိုင်ဘူးဆိုတဲ့အခါ နည်းနည်းပါးပါးပဲ စားသင့်ပါတယ်။ ဒီနေရာမှာပြောချင်တာက တညင်းသီးကိုပြုတ်လိုက်တဲ့အခါ အဆိပ်အတောက်နည်းနည်းထွက်သွားပေမယ့် အစိမ်းလိုက်စားရင်ပိုပြီး အဆိပ်အတောက်ဒဏ်ကို ခံရတတ်ပါတယ်။ ဒါကြောင့် အစိမ်းလိုက်စားတာမျိုး၊ မီးကင်စားတာမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top