Healthy Life Ad
Health Tips

သင် သတိမပြုလိုက်မိဘဲ ကျောက်ကပ် ထိခိုက်သွားစေနိုင်သည့် အမူအကျင့်များ

မီမိုး ( ဆေးဝါးတက္ကသိုလ် )

ကျောက်ကပ်က လူ့ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တယ်လို့ အများစုက သတိမပြုမိကြပါဘူး။ ကျောက်ကပ်ဟာ သွေးစစ်ထုတ်တာ၊ ဟော်မုန်းစစ်ထုတ်တာ၊ ဆီးသွားတဲ့နည်းနဲ့ ရေအပိုတွေ ဖယ်ရှားတာ၊ အက်ဆစ်ချေဖျက်တာ၊ သတ္တုဓာတ် စုပ်ယူတာနဲ့ အဆိပ်အတောက်ရှိတဲ့ ဓာတ်တွေ စွန့်ထုတ်တာ စတာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ ဒါကြောင့် ကျောက်ကပ်ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့ အောက်ပါ အမူအ ကျင့်တွေကို ရှောင်သင့်ပါတယ်။

 ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတိုင်းကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာနဲ့ ကျောက်ကပ်ရောဂါအကြား ဆက်စပ်မှုကို အကြိမ်ကြိမ် လေ့လာခဲ့တဲ့အခါ လေ့လာမှုရလဒ်အရ သွေးတိုးရောဂါရှိလို့ ဆေးသောက်နေသူတွေမှာ ဆေးလိပ်သောက်တာကြောင့် ဆေးအာနိသင် လျော့ကျပြီး ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေး ကြီးအင်္ဂါအစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှု နှေးစေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်စေနိုင်ပါတယ်။

 အရက်အလွန်အမင်း သောက်ခြင်း
အရက်ကို အလွန်အမင်းသောက်တာကြောင့် ကျန်းမာနေသူတွေမှာတောင် အသည်း၊ ကျောက်ကပ်နဲ့ နှလုံးသွေးကြောတွေကို ရောဂါဝေဒနာ ဖြစ်စေနိုင်ပါတယ်။

ပရိုတင်းပါဝင်မှု များသော အစာစားခြင်း
ပရိုတင်းဓာတ် ပါဝင်မှုများတဲ့ အစာကို များများစားတာကြောင့် ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပြီး ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

 အကိုက်အခဲပျောက်ဆေးကို ရေရှည် မှီဝဲခြင်း
အကိုက်အခဲပျောက်ဆေးတွေကို များများ မှီဝဲတာကြောင့် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ၊ အထူးသဖြင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက ကျောက်ကပ်ဆီကို သွေးစီးဆင်းမှု လျော့ကျစေပြီး လုပ်ငန်းဆောင်တာ ထိခိုက်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါရှိသူတွေမှာ အကိုက်အခဲပျောက်ဆေးကို ရေရှည် မှီဝဲတာကြောင့် ကျောက်ကပ် ပျက်စီးမှု ဖြစ်တတ်ပါတယ်။

ကော်ဖီများများ သောက်ခြင်း
ကဖင်းဓာတ်မှီဝဲမှုများတာက ကျောက်ကပ် ကျောက်တည်တာနဲ့ ဆက်စပ်နေပါတယ်။ ကျောက်ကပ်ကျောက်တည်တာမှာ အဖြစ်များဆုံးက ကယ်လ်ဆီယမ်အောက်ဇဲလ်လိတ်ကျောက်ဖြစ်ပြီး ကယ်လ်ဆီယမ်နဲ့ အောက်ဇဲလ်လိတ်ကျောက်မှုန်တွေ စုပုံရာက ဖြစ်တတ်ပါတယ်။ လတ်တလော လေ့လာမှုအရ ကဖင်းဓာတ်များများ မှီဝဲတာက လူတစ်ယောက်ရဲ့ ဆီးထဲမှာ ကယ်လ်ဆီယမ်စုပုံမှု များစေပြီး ကျောက်ကပ်ကျောက်တည်နိုင်ခြေ မြင့်တက်စေတယ်လို့ သိ ရပါတယ်။

ဆားများသော အစာများများ စားခြင်း
ဆားများတဲ့ အစာစားတာကြောင့် ဆီးထဲက ပရိုတင်းဓာတ်ကို မြင့်တက်စေတဲ့အတွက် ဆားများတဲ့ အစာစားတာက ကျောက်ကပ်ရောဂါနဲ့ ဆက်စပ်နေတတ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ လူ့ ခန္ဓာကိုယ်က ပုံမှန်အတိုင်းကောင်းစွာ အလုပ်လုပ် နိင်ဖို့ ဆားလိုအပ်ပေမယ့် ဆားများများ မှီဝဲတာက သွေးတိုးစေပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ဆား ၅ ဂရမ်ပဲကန့်သတ် မှီဝဲသင့်ပါတယ်။

 ဆီးသွားချင်စိတ်ကို အောင့်ထားခြင်း
ဆီးအိတ်ထဲမှာ ဆီးမရှိတာက ကျောက်ကပ် အန္တရာယ်ကင်းစေပါတယ်။ ဆီးသွားချင်စိတ်ကို အောင့်ထားရင် ဆီးထဲမှာ ဘက်တီးရီးယားပိုးတွေကို ပေါက်ပွားစေနိုင်ပါတယ်။ အဲဒီဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်း ပိုးဝင်တဲ့ အန္တရာယ် ဖြစ်စေပြီး ကျောက်ကပ်တွင်း ပိုးဝင်တတ်ပါတယ်။ ဆီးအိတ်ထဲမှာ အချိန်ကြာကြာ ဆီးတွေ ကျန်နေတာက ကျောက်ကပ်မှာ ဖိအားတိုးစေပြီး ကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။

ရေသောက်နည်းလွန်းခြင်း
ကျောက်ကပ်ရဲ့ အဓိက လုပ်ငန်းဆောင်တာက စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ နဲ့ သွေးတွေကို စစ်ထုတ်ဖို့ ဖြစ်ပါတယ်။ အဲဒီအဆိပ် အတောက်တွေက ရေအလုံအလောက် မသောက်ရင် ခန္ဓာကိုယ်ကနေ မဖယ်ထုတ်နိုင်ဘဲ ကျောက်ကပ် နဲ့ တစ်ကိုယ်လုံးကို ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

Ref; HD

Most Popular

Healthy Life Ad
To Top