Healthy Life Ad
Life Style

စိတ်ကစဉ့်ကလျားရောဂါ Schizophrenia ရှိသူကို ရဲဝံ့ကြင်နာစောင့်ရှောက်ပါ . . .

ဒေါက်တာဦးဇော်စိန်လွင် (ဆေးရုံအုပ်ကြီး-ငြိမ်း) စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

မေး. စိတ်ကစဉ့်ကလျားရောဂါအကြောင်း သိပါရစေဆရာ။

ဖြေ. Schizophreniaကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က အနုပညာရသမြောက်အောင် စိတ်ကစဉ့်ကလျားရောဂါဆိုပြီး နာမည်ပေးခဲ့တာပါ။ ဆရာတို့စိတ်ကျန်းမာရေး ဆရာဝန်တွေကတော့ စကီဇိုဖရန်းနီးယား (Schizophrenia)ဆိုပြီးပဲ ဝေါဟာရသတ်မှတ်ပါတယ်။ ဒီရောဂါက ရှေးဦးကတည်းကရှိခဲ့တယ်ဆိုတာ သမိုင်းကြောင်း အထောက်အထားတွေအရ သိရပါတယ်။

အရင်တုန်းကတော့ ဝိဉာဉ်လောကတွေ၊ တခြား အယူအဆတွေကြောင့်ဆိုပြီး ဒီရောဂါကိုထင်ခဲ့ကြပေမယ့် ဒီရောဂါကို ၁၈ ရာစုနှစ်အကျော်မှာ အင်္ဂလန်နိုင်ငံက စိတ်ပညာရှင်ဘရိုင်လာက ရောဂါအမည်တပ်ခဲ့ပါတယ်။ ဒီရောဂါလက္ခဏာတွေကို စုစည်းပြီး စကီဇိုဖရန်းနီးယား (Schizophrenia) ရောဂါလို့ တိတိကျကျထုတ်ဖော်ခဲ့ ပါတယ်။ အဲဒီတုန်းက ဒီရောဂါဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ဖော်ထုတ်လို့မရခဲ့သေးပါဘူး။

ဒါပေမဲ့ စိတ်ပညာရှင် ဆစ်ဂမန်ဖရိုဒ်ကစပြီး စိတ်ပညာရှင်တွေက ဘာကိုတွေ့ရှိလာသလဲဆိုတော့ ငယ်ငယ်တုန်းက စိတ်ရဲ့ဖွံ့ဖြိုးမှုဖြစ်စဉ်တွေမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းချက်တွေ၊ စိတ်ဒဏ်ရာတွေရှိလာရင် အသက်ကြီးလာတဲ့အခါ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေနဲ့ ခံစားချက်တွေရှိလာတယ်လို့ ပြောကြပါတယ်။ ကိုယ်ရည် ကိုယ်သွေးဖွံ့ဖြိုးမှုဖြစ်စဉ်မှာ ချို့ယွင်းချက်တွေ၊ ထိခိုက်မှုတွေရှိလာရင် ကြီးလာတဲ့အခါ စံချိန်မီကိုယ်ရည်ကိုယ်သွေးမဖြစ်တော့ဘူး၊ အဲဒီအချိန်မှာ မျှော်လင့်ချက်နဲ့ လက်တွေ့ဘဝကွာဟတဲ့အခါ သူရဲ့ကိုယ်ရည်ကိုယ်သွေးက အရာရာကို အံဝင်ခွင်ကျဖြစ်အောင် လုပ်နိုင်စွမ်းမရှိတော့ဘဲ ပုံမှန်ကိုယ်ရည်ကိုယ်သွေးနဲ့ ပုံမမှန်ကိုယ်ရည်ကိုယ်သွေးကို ခွဲခွဲခြားခြား မဆုံးဖြတ်နိုင်တော့တဲ့အတွက် ဒီအခြေအနေကို စကီဇိုဖရန်းနီးယား (Schizophrenia)လို့ သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်တည်းမှာ စိတ်က ဟိုဘက်ရောက်လိုက်၊ ဒီဘက်ရောက်လိုက်ဖြစ်နေတဲ့ နှစ်စိတ်နဲ့တစ်ကိုယ်၊ တချို့မှာ သုံးစိတ်နဲ့တစ်ကိုယ် အခြေအနေကို စိတ်ကစဉ့်ကလျားရောဂါလို့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က အမည်ပေးခဲ့တယ်။

၁၉၅၀ ကျော်လာတော့ ဆေးပညာတိုးတက်လာတဲ့အတွက် ဦးနှောက်ထဲမှာရှိတဲ့ ဓာတုပစ္စည်းတစ်မျိုး ဖောက်ပြန်မှုဟာ ဒီလိုရောဂါလက္ခဏာ ဖြစ်စေတယ်လို့ တွေ့ရှိခဲ့ရတယ်။ ဒီတွေ့ရှိချက်ကြောင့် ဒီဓာတုပစ္စည်းလျော့စေတတ်တဲ့ ဆေးဝါးတစ်မျိုးကိုထုတ်ဖော်ပြီး ကုထုံးတွေရလာခဲ့တယ်။ ၁၉၅၀ နောက်ပိုင်း တိုးတက်တဲ့ ဆေးဝါးတွေပေါ်လာတော့ အရင်တုန်းကလိုကုမရဘူးဆိုတဲ့ ဒီရောဂါက အခုဆိုရင် ၆၀-၇၀ ရာခိုင်နှုန်းအထိ လက်တွေ့ကျကျ ကုသနိုင်လာပြီ ဖြစ်ပါတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကလည်း တခြားကုသနည်းတွေနဲ့ တွဲဖက်ကုသလိုက်တဲ့အခါ အောင်မြင်မှုကအတော်များများရလာပါတယ်။

ဒါကြောင့် ၂၀ဝ၀ ခုနှစ်တုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီလူနာတွေကိုဦးတည်ပြီး “ရဲဝံ့ကြင်နာစောင့် ရှောက်ပါ” (Dare To Care) ဆိုပြီး ဆောင်ပုဒ်အနေနဲ့ ကုသမှုအများကြီးပေးခဲ့ကြပါတယ်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့တိုင်းမှာ ဒါကိုလှုံ့ဆော်ပြီး အဓိကလုပ်ဆောင်ခဲ့ကြပါတယ်။ ဆေးဝါးတင်မကဘဲ ပြည်သူလူထုက လက်ခံဖို့၊ သူတို့ကိုဝိုင်းမပယ်ဖို့၊ သူတို့ကိုနေရာပေးဖို့၊ သူတို့တွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ သူတို့ရောဂါတွေကိုလည်း နားလည်ဖို့ Campaign တွေ အများကြီးဆောင်ရွက်ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။

မေး. စိတ်ကစဉ့်ကလျားရောဂါဖြစ်တဲ့သူက များပါသလားဆရာ။

ဖြေ. ဆရာတို့ သုတေသနပြုချက်တွေအရ ကမ္ဘာ့စံနှုန်းနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်နိုင်ငံကမှ ပိုဖြစ်တယ်ဆိုတာမရှိပါဘူး။ ယေဘုယျအားဖြင့်ပြောမယ်ဆိုရင် လူတစ်ထောင်မှာ ခုနစ်ယောက်က ဖြစ်တတ်တယ်ဆိုတာတွေ့ရပါတယ်။ ဒါပေမဲ့ကုသတဲ့ လူက ၂ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

မေး. စိတ်ကစဉ့်ကလျားရောဂါဖြစ်ရင် ဘယ်လိုကုသမှုပေးလေ့ရှိပါသလဲဆရာ။

ဖြေ. ၁၉၁၂ သူရူးဥပဒေအရ Schizophrenia အပါအဝင် စိတ်ဖောက်ပြန်ခြင်း (Psychosis) ရှိသူအားလုံး လူနာတွေကို ထောင်ထဲထည့်ပြီး ဆေးကုတာမဟုတ်ဘဲ ထိန်းသိမ်းခဲ့တယ်။ ကုဖို့ဆေးကလည်း မပေါ်သေးဘူးလေ။ ၁၉၅၀ နောက်ပိုင်းကျမှ ဆေးဝါးတွေပေါ်လာသလို စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေး ကုထုံးတွေပေါ်လာတဲ့အတွက် ဒီရောဂါရှင်တွေက လူကြားထဲမှာ သူလိုငါလိုနေနိုင်လာကြပါတယ်။

စိတ်ကျန်းမာရေးဆေးရုံကြီးမှာ ဆရာရှိကတည်းကလုပ်ခဲ့တဲ့ ကုထုံးတွေကတော့ သူတို့တွေကို အသိအမှတ်ပြုတယ်၊ သူတို့တွေမှာရှိနေတဲ့ အရည်အချင်းတွေကို ဆရာတို့ထုတ်ဖော်တယ်၊ အဆိုတော် ဒေါ်ကေဂျာနူးဦးဆောင်တဲ့ ခရစ်ယာန်တေးသံရှင်များ မိတ်သင်္ဂဟအဖွဲ့နဲ့ပေါင်းပြီး ဒီလူနာတွေကိုပါ တေးသီချင်းတွေ သီဆိုခိုင်းခဲ့ပါတယ်။ ဆရာမကြီး ဒေါ်သန်းမြင့်အောင်တို့နဲ့ပူးပေါင်းပြီး ပန်းချီ၊ ဘာသာရေး သင်တန်းတွေ ပေးခဲ့တယ်။

ဒေါ်ဒေဝီခင်တို့အဖွဲ့နဲ့ပေါင်းပြီး လူမှုရေးကုထုံးတွေဖြစ်တဲ့ ဘုရားသွားတာ၊ သူတို့နဲ့အတူ စကားစမြည်ပြောတာ၊ သူတို့တွေနဲ့ ရင်းရင်းနှီးနှီးနေတာတွေလုပ်ပြီး လူမှုအဖွဲ့အစည်းထဲကို ပြန်လည်ဝင်ဆန့်နိုင်အောင်လုပ်ဆောင်ပေးခဲ့ပါတယ်။ တခြားအနုပညာရှင်တွေ၊ ကာတွန်းပညာရှင်တွေ၊ ပန်းချီပညာရှင်တွေနဲ့ပေါင်းပြီး၊ သူတိုရဲ့လက်ရာတွေကို အနုပညာနဲ့ထုတ်ဖော်ပြီး ပြပွဲတွေတောင် လုပ်ပေးခဲ့ပါတယ်။

ဆေးရုံမှာလည်း နှစ်စဉ်အောက်တိုဘာလရောက်တိုင်း ပြခန်းတွေလုပ်တော့ လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်။ တစ်ဆက်တည်းပြောချင်တာကတော့ အဲဒီလိုစိတ်ကျန်းမာရေးလူနာတွေကို အာဟာရဒါနအပြင် စဉ်ဆက်မပြတ်ကူညီခဲ့သူအားလုံး စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည်ထီဆိုင်မိသားစုအပါအဝင် ဒီနေ့အထိ ငွေအား၊ စေတနာမေတ္တာတွေနဲ့ ကူညီခဲ့သူအားလုံးကို မှတ်တမ်းတင်ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

မေး. မိသားစုဝင်ထဲမှာ စိတ်ကစဉ့်ကလျားရောဂါရှင် တစ်ဦးရှိနေရင် မိသားစုဝင်တွေက ဘယ်လိုမျိုး ပံ့ပိုးပေးသင့်ပါသလဲဆရာ။

ဖြေ. မိသားစုဝင်ထဲမှာ စာမလိုက်နိုင်တဲ့ ကလေးရှိနေခဲ့ရင် စာမလိုက်နိုင်ဘူး၊ ကျောင်းထားရတာ စရိတ်ကုန်တယ် . . ဆိုပြီး ကျောင်းမထားဘဲထားမလား၊ အဲဒီလိုလုပ်လို့ မဖြစ်ဘူးလေ၊ သူရဲ့အခွင့်အရေး မကုန်ဆုံးအောင် လုပ်ပေးရပါမယ်။ ပြီးတော့ သူ့ကိုတစ်ချိန်လုံး နင်စာညံ့လှချည်လားဆိုပြီး ဆူပူကြိမ်း မောင်းနေလို့လည်းမဖြစ်ပါဘူး။ ကျောင်းကိုကြောက်သွားမှာပေါ့။ ဒါကြောင့် သူရဲ့စွမ်းနိုင်တဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြီး သူမစွမ်းနိုင်တဲ့ အရည်အချင်းတွေကို ဖေးမကူညီပေးရပါမယ်။

အလားတူပဲ Schizophrenia ရောဂါသည်တစ်ဦးရှိနေရင် မိသားစုဝင်တွေက ဖေးမကူညီပေးရမယ်။ သူတို့မှာသိမ်ငယ်စိတ်ရှိနေတဲ့အတွက် အားငယ်တာ၊ သိမ်ငယ်တာမဖြစ်အောင် အားပေးရပါမယ်၊ တစ်ခါတလေ သူရဲ့အပြုအမူမှားတာ၊ အပြောအဆိုမှားတာတွေရှိနေရင် နားလည်ပေးရပါမယ်။ အဓိကကတော့ နွေးထွေးမှုနဲ့ မေတ္တာတရားထားပြီး ကူညီဖေးမပေးလိုက်မယ်ဆိုရင် ၆၀ ရာခိုင်နှုန်းက အဲဒါနဲ့သက်သာသွားပါလိမ့်မယ်။

ဆရာတို့ ဆေးကုသမှုအတွေ့အကြုံအရ ရန်ကုန်မြို့ရဲ့ တကယ့်လူကုံထံအသိုင်းအဝိုင်းမှာ ဒီရောဂါသည် ရှိနေတာကို လူသိမခံဘဲ နောက်ဖေးမီးဖိုချောင်အခန်းလေးထဲ သော့ပိတ်ပြီးထားတဲ့ လူနာမျိုးတွေလည်း တွေ့ဖူးပါတယ်။ ရောဂါရှိတဲ့သူကနစ်နာတာမဟုတ်ပါဘူး၊ ကျန်တဲ့သူတွေက ရက်စက်တာပဲဖြစ်ပါတယ် . . .

ဆရာတို့ ဆေးကုသမှုအတွေ့အကြုံအရ ရန်ကုန်မြို့ရဲ့ တကယ့်လူကုံထံ အသိုင်းအဝိုင်းမှာဒီရောဂါသည် ရှိနေတာကို လူသိမခံဘဲ နောက်ဖေးမီးဖိုချောင်အခန်းလေးထဲသော့ပိတ်ပြီးထားတဲ့ လူနာမျိုးတွေလည်းတွေ့ဖူးပါတယ်။ ရောဂါရှိတဲ့သူက နစ်နာတာမဟုတ်ပါဘူး၊ ကျန်တဲ့သူတွေက ရက်စက်တာပဲဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top