Healthy Life Ad
International

တိဘက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကို ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားအဖြစ် သိပ္ပံပညာရှင်များကသတ်မှတ်

၊ မိုးမင်းထွန်း ၊

ကမ္ဘာ့အပျော်ရွွှင်ဆုံးလူသားဟာ ဘယ်သူလဲဆိုတာကို ဂူးဂဲလ်မှာရှာဖွေကြည့်ရင် မက်သယူးရီကာ့ဒ်ဆိုတဲ့နာမည်ကို တွေ့ရမှာဖြစ်ပါတယ်။

အသက် ၆၉နှစ်ရှိပြီဖြစ်တဲ့ တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ရီကာ့ဒ်ကို ကမ္ဘာ့အပျော်ရွွှင်ဆုံးလူသားအဖြစ် သိပ္ပံပညာရှင်များက သတ်မှတ်ထားကြပါတယ်။ ဝစ်ကွန်စင်တက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာရှင် ရစ်ချက်ဒေ့ဗစ်ဆန် ဦးဆောင်တဲ့အဖွဲ့ဟာ သူရဲ့တရားထိုင်တာနဲ့ မေတ္တာပို့သမှုတွေအပေါ်မှာ သူရဲ့ဦးနှောက်အလုပ်လုပ်ပုံကို ၁၂ နှစ်ကြာ စမ်းသပ်ခဲ့ကြပြီး အဲဒီတွေ့ရှိချက်တွေအပေါ်မှာ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒေ့ဗစ်ဆန်ဟာ ရီကာ့ဒ်ရဲ့ဦးခေါင်းမှာ အာရုံခံကိရိယာ ၂၅၆ ခုကိုတပ်ဆင်ပြီး စမ်းသပ်ရာမှာ တရားထိုင်နေတဲ့အချိန်မှာ သူရဲ့ဦးနှောက်ဟာ အသိ၊ ဂရုစိုက်မှု၊ လေ့လာမှု၊ မှတ်ဉာဏ်တို့နဲ့ ဆက်စပ်တဲ့ ဂမ်မာရောင်ခြည်လှိုင်းတွေကို လွှင့်ထုတ်တာကို တွေ့ရှိရပါတယ်။

နောက်ပြီး သူရဲ့ဦးနှောက်ဘယ်ဘက်အခြမ်း အရှေ့ဘက်အလွှာမှာလည်း သာမန်ထက်ပိုတဲ့လုပ်ဆောင်မှု တိုးတက်လာတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒီဦးနှောက်အလွှာဟာ ပျော်ရွှင်မှုကိုတိုးတက်စေပြီး အဖျက်စိတ်ကိုလျော့ကျအောင်ပြုလုပ်ပေးတဲ့ အလွှာလို့လည်းသိရပါတယ်။ ဒီလိုတွေ့ရှိမှုကို အရင်က အာရုံကြောသိပ္ပံပညာမှာ မှတ်တမ်းမတင်ရသေးဘူးလို့လည်း ဒေ့ဗစ်ဆန်ကပြောပါတယ်။

ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားအဖြစ် မီဒီယာတွေက အလွန်အကျွံ ချီးမြှောက်တာကို သဘောမကျပေမယ့် တစ်နေကုန်မပျင်းမရိဘဲ တရားထိုင်တာကို နှစ်သက်တဲ့ရီကာ့ဒ်က သူဟာပုံမှန်အားဖြင့် စိတ်ချမ်းသာပျော်ရွှင်တဲ့ လူတစ်ယောက်ပါလို့ဝန်ခံပါတယ်။

စိတ်ချမ်းသာပျော်ရွှင်စေမယ့် နည်းလမ်းတွေကိုလည်း ရီကာ့ဒ်က အကြံပြုခဲ့ပါတယ်။ “ငါ ငါ ငါ” လို့တွေးတာကို ရပ်ရမယ်လို့သူကဆိုပါတယ်။ တစ်နေကုန် ငါ ငါ လို့တွေးနေတာဟာ မွန်းကျပ်မောပန်းကာ ဖိအားတိုးစေပြီး စိတ်မချမ်းသာမှုကိုဖြစ်စေပါတယ်။ စိတ်ချမ်းသာလိုရင် အများအကျိုးဆောင်တဲ့ စိတ်ကိုထားရမယ်လို့ ပြောပါတယ်။ ပရဟိတစိတ်ထားတာဟာ အများအတွက်ကောင်းမွန်သလို ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းကိုဖြစ်စေတယ်လို့ ပြောပါတယ်။

မာရသွန်သမားတွေဟာ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ လေ့ကျင့်ရသလို စိတ်ချမ်းသာဖို့လည်း လေ့ကျင့်နိုင်တယ်လို့လည်း ဆိုပါတယ်။ ရီကာ့ဒ်ရဲ့ လေ့ကျင့်နည်းကတော့ တရားထိုင်တာပဲဖြစ်ပါတယ်။ စိတ်ချမ်းသာစေမယ့် အတွေးတွေကို စိတ်မပျံ့လွင့်စေဘဲ တစ်နေ့ ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့်တွေးပေးတာကလည်း ပျော်ရွှင်စေတဲ့ နည်းလမ်းကောင်းပါပဲ။ ဒီလိုလေ့ကျင့်မှုကို နှစ်ပတ်လောက်ပြုလုပ်လိုက်ရင်ပဲ သိသိသာသာပျော်ရွှင်မှုကို ခံစားရမယ်လို့ နှစ် ၅၀ကြာ လေ့ကျင့်မှုအတွေ့အကြုံရှိတဲ့ ရီကာ့ဒ်ကဆက်ပြောပါတယ်။ တစ်နေ့ မိနစ် ၂၀ တရားထိုင်ပေးတာကလည်း လူတွေကို ပိုမိုပျော်ရွှင်လာစေတယ်ဆိုတာကို သူရဲ့လေ့လာမှုအရ တွေ့ရှိရတယ်လို့လည်း ဒေ့ဗစ်ဆန်က ထောက်ခံပြောဆိုခဲ့ပါတယ်။

Most Popular

Healthy Life Ad
To Top