Healthy Life Ad
Child

ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာနိုင်စွမ်းကို တိုးတက်စေမည့် အစာ

သဒ္ဒါထက်

ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လေ့လာနိုင်စွမ်း ကောင်းဖို့အတွက် အာဟာရရဲ့ အခန်းကဏ္ဌ က အရေးကြီးပါတယ်။ နံနက်စာကို ပုံမှန်စားတဲ့ ကလေးတွေက နံနက်စာကို မစားသူတွေထက် ကျောင်းစာမေးပွဲတွေမှာ ရလဒ်ကောင်းကောင်း ရရှိတာ၊ အပြုအမူကောင်းမွန်တာနဲ့ တက်ကြွလွန်မှု လျော့နည်း တာတွေကို တွေ့ရတယ်လို့ လေ့လာမှုတွေအရ သိရ ပါတယ်။

– အရေးကြီးလှသည့် နံနက်စာ

ကျောင်းသား၊ ကျောင်းသူတွေအတွက် နံနက်စာအနေနဲ့ ဘာကို ကျွေးသင့်သလဲ။ ဥပမာအနေနဲ့ ပြောရရင် အဆီနည်း နွားနို့တစ်ခွက်၊ သစ်သီးစိတ်၊ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ညိုတစ်ချပ်နဲ့ ကြက်ဥ၊ ဘဲဥ တစ်လုံး ပါဝင်သင့်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ(ပေါင်မုန့်ညို)မှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် နေ့လယ်စာစားချိန် အထိ သူတို့ကို ဗိုက်ပြည့်နေစေပါတယ်။

ကျောင်းသား၊ ကျောင်းသူကို ကိတ်မုန့်နဲ့ အချိုကဲတဲ့ ဖျော်ရည် တွေ မကျွေးပါနဲ့။ ဒီအစာတွေကြောင့် ကလေးက နံနက်ခင်းမှာ ပင်ပန်းနေတတ်ပြီး ဗိုက်ဆာနေနိုင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေက နေ့လယ်စာ မစားခင်ကြားမှာ ဗိုက်ဆာနေနိုင်တာကြောင့် ပန်းသီးတစ်လုံး၊ အခွံမာသီး အနည်းငယ်၊ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့ ခရက်ကာမုန့် (Whole grain crackers) တို့ကို ထည့်ပေးလိုက်ဖို့ လိုပါတယ်။

– ကျောင်းမှာစားသည့် နေ့လယ်စာ

ကျောင်းမှာ ရောင်းတဲ့ နေ့လယ်စာ အများစုနဲ့ သရေစာအများစုက အာဟာရမပြည့်ဝတဲ့ အစာတွေ ဖြစ်တာများပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို နေ့လယ်စာအတွက် အိမ်ကနေ ထမင်းဘူး ထည့်ပေးလိုက်ဖို့ လိုပါတယ်။
နေ့လယ်စာကို ကျန်းမာရေးနဲ့အညီ စားတာက ကျောင်းသား၊ ကျောင်းသူတွေကို ဉာဏ်ရည် ထက် မြက်နေစေပြီး နေ့လယ်ခင်း တစ်လျှောက်လုံး လေ့လာဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။

– ကျောင်းမှာ စားရန်သရေစာ

ကျောင်းသား၊ ကျောင်းသူကို ဗိုက်ဆာတဲ့အခါ စားဖို့ သရေစာကို အိမ်ကနေထည့်ပေးလိုက်ဖို့ လိုပါတယ်။ သရေစာအဖြစ် အချိုရည်၊ အာလူးချောင်းကြော်တို့ကို မစားပါစေနဲ့။ သစ်သီးတွေ၊ ဆင်းဒဝစ်ချ် မုန့်တွေနဲ့ ရေကိုသာ ထည့်ပေးလိုက်ပါ။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျန်းမာရေးအတွက် မသင့်တော် တဲ့ သရေစာတွေကို အိမ်မှာ လုံးဝမထားပါနဲ့။

– မိသားစုစုံညီစားသည့် ညစာ

ကျောင်းသား၊ ကျောင်းသူတွေကို ညစာကျွေး ရာမှာ မိသားစုထမင်းဝိုင်းထဲ ပါဝင်ခွင့်ပေးပါ။ ဒီလို မိသားစုနဲ့အတူစားတာကြောင့် အစာအာဟာရနဲ့ ပတ်သက်ပြီး အရွယ်ရောက်တဲ့အထိ ကောင်းကောင်း ရွေးချယ်တတ်သွားပါလိမ့်မယ်။ အစားအသောက် ရွေးချယ်မှု မှားတာကြောင့် အဝလွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ အရွယ်ရောက်ချိန်မှာ အဝလွန်သူ တစ်ဦး ဖြစ်လာနိုင်ခြေ များပါတယ်။

ငယ်တဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို အစုံအလင် စားတတ်အောင် သင်ပေးထားပါ။ ကျောင်းသား၊ ကျောင်းသူကို အစာကျွေးတိုင်း အသားဓာတ်ပါဝင်ဖို့အပြင် ဟင်းသီးဟင်းရွက် နှစ်မျိုးလောက် စားဖြစ်အောင် စီမံပြီး ကျွေးသင့်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အာဟာရပြည့်ပြည့်ဝ၀ စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ဆောင်စေတာက လေ့လာသင်ယူတဲ့ နေရာမှာ ကောင်းကောင်း စွမ်းဆောင်နိုင်စွမ်း ရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top