Healthy Life Ad
Q & A

အကြောက်လွန်စိတ်ရောဂါ

မေး။ အကြောက်လွန်စိတ်ရောဂါအကြောင်း သိချင်ပါတယ်ဗျ။ ရောဂါနဲ့ပက်သက်ပြီး ဘယ်လိုနေထိုင် ပြုမူသင့်ပါသလဲ။ နောက်ပြီး Zosert ၅၀ ဆေးအကြောင်းလည်း သိချင်ပါတယ်။ ဖြေကြားပေးစေချင် ပါတယ်ဗျ။

ကောင်ကလေး (FB)

ဒေါက်တာဦးအုန်းကျော် စိတ်ကျန်းမာရေးဆရာဝန်ကြီး(အငြိမ်းစား)ဖြေကြားသည်။

ဖြေ။ ကိုကောင်ကလေးရဲ့ မေးခွန်းအတွက် ကျေးဇူး တင်ပါတယ်။ ကြောက်စိတ်ဟာ လူတိုင်းခံစားရဖူးတဲ့ စိတ်ခံစားမှုဖြစ်ပါတယ်။ ဘေးအန္တရာယ်နဲ့ အမှန်တကယ်လက်တွေ့ရင်ဆိုင်နေရတဲ့ အချိန်အခါမှာ ပေါ်ပေါက်လာတဲ့ စိတ်ခံစားတုန့်ပြန်မှု ဖြစ်ပါတယ်။ (ဥပမာ- ကျားနဲ့ ရင်ဆိုင်တွေ့နေချိန်) အကြောက်လွန်စိတ်ရောဂါမှာတော့ ဘေးအန္တရာယ်မရှိတဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လူ၊ တိရစ္ဆာန် ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုကို အလွန်အမင်းကြောက်တတ်နေတာ ဖြစ်ပါတယ်။

အကြောက်လွန်ကဲစိတ်ရောဂါ (Phobic Disorder)ရှိသူတွေ ကြောက်လေ့ရှိတဲ့ အခြေအနေ တွေကတော့ ဈေးတန်း၊ လူစုလူဝေး၊ အများသုံး ယာဉ်(ဘတ်စ်ကား၊ မီးရထား၊ လေယာဉ်ပျံ)၊ ကွင်း ပြင်ကျယ်၊ ပရိသတ်ရှေ့မှာ စကားပြောရတာ၊ လူစိမ်းသူစိမ်းကို စတင်စကားပြောရတာ၊ မိုးသက်မုန် တိုင်း၊ လျှပ်စီးလက်တာ၊ ပင့်ကူ၊ ပိုးဟပ်၊ ဆေးထိုးအပ်၊ သွေး၊ ဒဏ်ရာ၊ အနာ . . စတာတွေဖြစ်ပါတယ်။

တချို့ဝေဒနာရှင်တွေကတော့ ကိုယ့်စိတ်ထဲမှာ ထပ်တလဲလဲပေါ်လာတဲ့ အတွေးတစ်မျိုးကြောင့် ကြောက်စိတ်၊ စိုးရိမ်စိတ် လွန်ကဲလာပါတယ်။ ဥပမာ ခြေတွေ၊ လက်တွေဟာ ညစ်ပေနေတယ်၊ ရောဂါပိုးတွေ တွယ်ကပ်နေတယ် . . စတဲ့ အတွေးတွေကြောင့် ကြောက်စိတ်လွန်ကဲပြီး မကြာခဏ လက်ဆေးတဲ့အကျင့် ပေါ်လာပါတယ်။ အဲဒီလိုဝေဒနာကို “ အစွဲအလမ်းလွန်ကဲစိတ်ရောဂါ ” ( Obsessional Disorder) လို့ ခေါ်ပါတယ်။

အကြောက်လွန်ကဲစိတ်ရောဂါရှိသူတွေမှာ ကြောက်စိတ်နဲ့အတူ တခြား လက္ခဏာတွေကို လည်းတွေ့ရှိရပါတယ်။ အဲဒါတွေကတော့ မိမိကြောက်တဲ့ အခြေအနေ ဒါမှမဟုတ် အရာဝတ္ထုကို တတ်နိုင်သမျှ ရှောင်ကြဉ်တယ်၊ ခပ်ဝေးဝေးက ပြေးလွှားသွားဖို့ ကြိုးစားမယ်၊ ဆင်တူတဲ့ အရာတွေကိုလည်း ကြောက်လာတတ်တယ်။ (ဥပမာ ယုန်ကိုအကြောက်လွန်စိတ်ရှိသူဟာ အမွေးဖွား အင်္ကျီတွေကိုလည်း ကြောက်နေတတ်တယ်၊ အဲဒီလို လွန်ကဲတဲ့ကြောက်စိတ်ကြောင့် ဝေဒနာရှင်ဟာ စိတ်ဖိစီးမှုဒဏ်ခံရတယ်၊ လူမှုရေး၊ အလုပ်အကိုင်၊ စီးပွားရေးနဲ့ မိသားစုဆက်ဆံရေးတွေကိုလည်း ထိခိုက်စေပါတယ်။ ကြောက်စိတ်လွန်ကဲတဲ့ စိတ်ရောဂါရှိသူတွေ ကို အကြံပေးလိုပါတယ်။

– ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ ကြောက်စိတ်ကို ဖြစ်စေတဲ့ ခန္ဓာကိုယ်ရောဂါနဲ့ တခြားစိတ်ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါ။

-“ ကြောက်စိတ်ကို ကြောက်တဲ့ စိတ် ”ပေါ်မလာပါစေနဲ့။ ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာ ကိုယ်လက္ခဏာတွေကို ခန္ဓာကိုယ်ရောဂါလို့ ယူဆ ပြီး ရောဂါကြောက်စိတ်ဝင်မလာစေဖို့ သတိပြုပါ။

– “လာမယ့်ဘေးကို ပြေးတွေ့”တဲ့ နည်းပရိယာယ်ကိုသုံးပါ။ ကြောက်တဲ့ အရာတွေကနေ ရှောင်မပြေးဘဲ တဖြည်းဖြည်းကျင့်သားရလာအောင် ထိတွေ့ပေးဖို့ကြိုးစားပါ။ ပင့်ကူကြောက်ရင် ပထမ ပင့်ကူရဲ့ဓာတ်ပုံကို ကြည့်ပါ။ ရိုးလာရင် ပင့်ကူ အသေကိုကြည့်ပါ။ ကိုင်ကြည့်ပါ။ ရိုးလာရင် ပင့်ကူ အရှင်နားမှာ နေကြည့်ပါ၊ ခဲတံနဲ့တို့ကြည့်ပါ၊ ပင့်ကူ ကို ကြောက်စိတ်လျော့နည်းလာပါလိမ့်မယ်။ ဆေးပညာမှာ Exposure Therapyလို့ ခေါ်ပါတယ်။

– စိုးရိမ်ကြောင့်ကြစိတ်ကို လျော့နည်းစေတဲ့ လေ့ ကျင့်ခန်းတွေ- ကြွက်သားပြေလျော့တဲ့ လေ့ကျင့်ခန်း၊ တရားထိုင်တာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း စတာတွေ လေ့ကျင့်ပါ။

ကျန်းမာရေးပညာရှင်တွေက ကူညီနိုင်တာ ရှိပါတယ်။

၁။ စိတ်ကုထုံးကုနည်း

လာမယ့်ဘေးပြေးတွေ့ကုနည်း (Exposure Therapy)နဲ့ “အသိစိတ်ဝင်လာအောင် ကုသနည်း”  (Insight-oriented Psychotherapy) ကုထုံးတွေကို အသုံးပြုတာများပါတယ်။

အကြောက်လွန်စိတ်ရောဂါမှာ အသုံးပြုတဲ့ စားဆေးတွေရှိပါတယ်။

စိုးရိမ်ကြောင့်ကြတာ သက်သာစေတဲ့ ဆေး (Anti-Anxiety)တချို့ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်မသုံးသင့်ပါ။ ဆေးစွဲရောဂါကို ရရှိ နိုင်ပါတယ်။

စိတ်ကျကုသဆေး (Anti-depressant)တချို့ကိုအကြောက်လွန်ကဲစိတ်ရောဂါမှာ သုံးပါတယ်။

ဥပမာ ကိုကောင်ကလေးပြောတဲ့ Zosert ၅၀ (ဓာတုအမည် Sertraline) ဖြစ်ပါတယ်။ အဲဒါက စိတ်ကျကုသဆေးတစ်မျိုး (SSRI မျိုးနွယ်ဝင်) ဖြစ်ပါတယ်။ အပြင်ကဝယ်ပြီး ကိုယ့်သဘောနဲ့ ကိုယ် မသောက်သုံးသင့်ပါ၊ ဆရာဝန်နဲ့ တိုင်ပင်ပါ။

Most Popular

Healthy Life Ad
To Top