Healthy Life Ad
Health Tips

ရင်သားကျန်းမာ စိတ်ချမ်းသာအောင် . .

မီမိုး(ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံဟာ ခန္ဓာကိုယ်မှာ ဖြစ်တတ်တဲ့ ရောဂါအမျိုးမျိုး ကိုသာမက ရင်သားမှာ ဖြစ်တတ်တဲ့ ရောဂါဝေဒနာ တွေကိုပါ ကာကွယ်နိုင်ပါတယ်။

(၁) မျိုးရိုးဗီဇစစ်ဆေးမှု လုပ်ပါ

BRCA mutation ဖြစ်တာကြောင့် ရင်သား ကင်ဆာနဲ့ သားဥအိမ် ကင်ဆာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါကြောင့် ဒီမျိုးရိုးဗီဇစစ်ဆေးမှုကို လုပ်ဆောင်သင့်ပါတယ်။

(၂) ရင်သား စစ်ဆေးမှု လုပ်ဆောင်ပါ

မိန်းကလေးတွေ အပျိုဖော်ဝင်ပြီးချိန် ကစပြီး လစဉ်ရာသီလာပြီးတိုင်း တစ်ပတ်အကြာမှာ မိမိရင်သားကို မိမိ စမ်းသပ်သင့်ပါတယ်။
အသက် ၄၀ အရွယ်ကစပြီး အမျိုးသမီးတိုင်း နှစ်စဉ် ရင်သားဓာတ်မှန် (Mammogram)ရိုက်တာ နဲ့ ရင်သားစစ်ဆေးတာတို့ လုပ်ဆောင်သင့်ပါတယ်။ ဒစ်ဂျစ်တယ်နည်းနဲ့ ရင်သားဓာတ်မှန်ရိုက်တာက ပုံရိပ်တွေကို ပိုပြီး ကောင်းကောင်း မြင်ရစေပါတယ်။

(၃) မိသားစု ရာဇဝင်ကို လေ့လာပါ

မိသားစုရာဇဝင်မှာ ရင်သားကင်ဆာ ရှိတာက ရင်သားကင်ဆာဖြစ်နှုန်းကို ၁၅ ရာခိုင်နှုန်း သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် ဆွေမျိုးရင်းချာ (ဥပမာ-ကိုယ့်မိခင်၊ အစ်မ စသဖြင့်) ထဲမှာ ရင်သားကင်ဆာ ဖြစ်သူရှိရင် မိမိမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဆွေမျိုးရင်းချာနှစ်ဦးမှာ ရင်သားကင်ဆာ ဖြစ်ဖူးရင်တော့ မိမိမှာ ရင်သား ကင်ဆာ ဖြစ်နှုန်း ငါးဆပိုများနေပါတယ်။

(၄) ဟင်းသီးဟင်းရွက်များ စားပါ

အဆီနည်းတဲ့ အစားအသောက်တွေ စားတာ က ရင်သားကင်ဆာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေ က ရင်သားကင်ဆာမဖြစ်အောင် ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။ အဲဒီဂေါ်ဖီမျိုးနွယ်ထဲမှာ ပါတဲ့ ဆာဖိုရာဖိန်းဒြပ်ပေါင်းဟာ ကင်ဆာဆဲလ်တွေ ပွားများနှုန်း မရှိအောင် ကာကွယ်ပေးလို့ ဖြစ်ပါတယ်။ အကောင်းဆုံး အာနိသင် ရရှိစေဖို့ ရေနဲ့ သေချာ ဆေးပြီး အစိမ်းလိုက် စားပါ။

(၅) အရက်လျှော့သောက်ပါ

တစ်နေ့ အရက် နှစ်ပက်သောက်တာကြောင့် ရင်သားကင်ဆာဖြစ်နှုန်း ၂၁ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ ဝိုင်သောက်မယ့်အစား လတ်ဆတ်တဲ့စပျစ်သီး စားပါ။ စပျစ်သီးမှာ ပါတဲ့ ရက်စ်ဗာရထရောဟာ အီစထရိုဂျင် ဟော်မုန်းအဆင့်ကို လျော့ကျစေပါတယ်၊ ရင်သားကင်ဆာ အန္တရာယ် လျော့ပါးစေပါတယ်။

(၆) ချွေးထွက်သည်အထိ လေ့ကျင့်ခန်း လုပ်ပါ

တစ်ပတ်မှာ ၄၅ မိနစ်ကနေ တစ်နာရီကြာ ချွေး ထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ ဒါ့အပြင် အဝလွန်ရောဂါဖြစ်နှုန်း လျော့ကျစေပြီး အီစထရိုဂျင်နဲ့ အင်ဆူလင်အဆင့် လျော့နည်းစေပါတယ်။

(၇) ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန် ထိန်းပါ

ကိုယ်အလေးချိန် များတာကြောင့် ရင်သားကင်ဆာဖြစ်နှုန်း များသလို တခြား ကျန်းမာရေး ပြဿနာ တွေ ဖြစ်နိုင်ခြေလည်း မြင့်မားနေပါတယ်။

Most Popular

Healthy Life Ad
To Top