Healthy Life Ad
Child

လျှာတွင်အနာဖြစ်ပြီး သုံး-လေးပတ်ကျော်သည်အထိ မပျောက်ပါက ကင်ဆာဖြစ်နိုင်ခြေမြင့်မား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပါးစပ်ထဲတွင် အပူနာနှင့် စိတ်ဖိစီးမှုကြောင့်ဖြစ်သော အနာတို့ကဲ့သို့ ရိုးရိုးအနာများသည် တစ်ပတ်- နှစ်ပတ် ကျော်သည်အထိ မဖြစ်တတ်ကြောင်း၊ အနာဖြစ်ပြီး သုံး-လေးပတ်ကြာသည်အထိမပျောက်လျှင် ကင်ဆာ ဖြစ်နိုင်ခြေများကြောင်း မေးရိုးနှင့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကိုမောင်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“ပါးစပ်ထဲမှာ ရိုးရိုးအနာလို့ပြောရမယ့် အပူနာလေးတွေဖြစ်တတ်ပါတယ်၊ အဲဒီလိုရိုးရိုးအနာက တစ်ပတ်- နှစ်ပတ်ထက်ကျော်ပြီး မဖြစ်ပါဘူး။ ပါးစပ်ထဲမှာဖြစ်တဲ့အနာက နှစ်ပတ်ထက်ကျော်ပြီး သုံးပတ်- လေးပတ် အထိရှိလာတယ်၊ ပျောက်လည်း မပျောက်ဘူးဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်နေပါပြီ။ အဲဒါကို ဂရုမစိုက်လိုက်ရင် ကင်ဆာဖြစ်နိုင်ခြေများပါတယ်”ဟု ပါမောက္ခဦးကိုကိုမောင်ကဆိုသည်။

ခံတွင်းကင်ဆာအနာ၏ သဘောတရားမှာ စဖြစ်ဖြစ်ချင်းတွင် အနာလေးဖြစ်လာသော်လည်းမည်သည့် လက္ခဏာမှ မပြတတ်ကြောင်း၊ ကွမ်းစားသူများက ထိုအနာကို ထုံးပေါက်သည်ဆိုကာ အလိုလိုပျောက်သွား မည်ဟု ထင်နေကြကြောင်း၊ နာကျင်မှုမရှိကြောင်း၊ ကင်ဆာအနာမဟုတ်သည့် အပူနာ၊ စိတ်ဖိစီးမှုကြောင့် ဖြစ်သော အနာများဆိုလျှင် စဖြစ်သည်နှင့် နာကြောင်းသိရသည်။

“ခံတွင်းထဲမှာ ကင်ဆာကြောင့်နာတယ်ဆိုရင် အဆင့်လွန်တော့မှ ပိုပြီးနာတတ်ပါတယ်။ အဆင့်မလွန်ခင်မှာ ကင်ဆာကမနာပါဘူး။ အဲဒီအချိန်မှာ အနာဖြစ်မှန်း လူတွေကသိတယ်၊ ဒါပေမဲ့ ဂရုမစိုက်ဘဲထားတော့ အနာက ကြီးသွားပြီး တခြားထိ ပြန့်သွားတာမျိုးဖြစ်တတ်ပါတယ်။

ပါးစပ်ထဲမှာ အနာက ထူးခြားလာပြီဆိုရင် မျက်စိနဲ့ လည်း မြင်ရတယ်၊ ကိုယ့်ဟာကိုယ်လည်း သိတယ်၊ စမ်းလိုက်တာနဲ့လည်း သိနေတယ်၊ အဲဒီလို အဆင့်မျိုးမှာ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ မပြဘဲထားရင် ကင်ဆာဖြစ်နိုင်ခြေက ပိုများသွားပါတယ်။ တကယ်လို့ ကင်ဆာ မဟုတ်ခဲ့ရင်လည်း ကုသမှုခံယူမှဖြစ်မယ့် အနာတွေဖြစ်ဖို့များပါတယ်။ မနာဘဲရှိနေတဲ့ အနာတွေကို ပိုပြီးဂရုစိုက်ဖို့ အရေးကြီးပါတယ်” ဟု ပါမောက္ခဦးကိုကိုမောင်ကဆိုသည်။

ပါးစောင်၊ လျှာ၊ လျှာအောက်ခြေ၊ သွားဖုံး၊ အာခေါင် စသည့် နေရာများတွင်ဖြစ်သည့် ခံတွင်းကင်ဆာအနာများသည် ယခုနောက်ပိုင်းတွင်ဖြစ်နှုန်းများလာကြောင်းနှင့် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက် ခြင်းတို့ကြောင့် အဓိက ဖြစ်ပွားရခြင်းဖြစ်ကြောင်းသိရသည်။

“ဒါ့အပြင် ဓာတုဗေဒပစ္စည်း ကိုင်တွယ်နေရသူတွေ၊ ဓာတုပစ္စည်းတွေ(ဥပမာ- ပြဒါး)တွေနဲ့ အလုပ်လုပ်ရသူတွေ၊ အလုပ်ထဲမှာ ဓာတ်ဆီတွေကိုစုပ်ဟယ်၊ ပြုဟယ်လုပ်တဲ့သူတွေမှာ ခံတွင်းကင်ဆာ ပိုပြီးဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ခံတွင်းထဲမှာစူးရှနေရင် အမြန်ဆုံးကုသဖို့လိုတယ်။ ကိုယ့်ဟာနဲ့ကိုယ် ခြစ်မိတာကြောင့် ဖြစ်တတ်သလို သွားတွေက အချွန်အတက်တွေဖြစ်လာပြီး လျှာတို့ ပါးစောင်တို့မှာ သွားထိတဲ့အခါ အနာ ဖြစ်လာတတ်ပါတယ်။ အဲဒီအနာတွေကမကျက်ဘဲ ကင်ဆာဖြစ်သွားနိုင်ပါတယ်။ ဒါတွေကိုသတိပြုဖို့ အရေးကြီးပါတယ်”ဟု ပါမောက္ခဦးကိုကိုမောင်က သတိပေးထားသည်။

Most Popular

Healthy Life Ad
To Top