Healthy Life Ad
Health Tips

သင်္ကြန်မှာ သူများပျော်လို့ မပျော်နိုင်

မေး – ကျွန်မ သင်္ကြန်မှာပျော်ချင်ပါတယ်၊ တခြားသူတွေလို လျှောက်လည်တာ၊ ရေပက်တာလုပ်ချင်ပါတယ် ဆရာ။ ဒါပေမဲ့ လူတွေအများကြီး ပြည့်ကျပ်နေတာမျိုး၊ ထွက်ပြေးလို့ မရတာမျိုး ဖြစ်မှာစိုးလို့ ကျွန်မ တစ်ခါမှ မပျော်ရဲဘူး ဆရာ၊ ကျွန်မ သူငယ်ချင်းတွေ အကုန်လုံးက အေးအေးဆေးဆေး ပျော်ရွှင်ပြီး ပြန်လာတာမြင်တော့ ကျွန်မလည်း သင်္ကြန်မှာ ရေကစားချင်ပါတယ်။ ဒါပေမဲ့ မတော်တဆထိခိုက်မှုတွေ ဖြစ်မှာလည်း ကြောက်နေတယ်၊ အဲဒါက လူငယ်လူရွယ်တစ်ယောက်နဲ့ ကျွန်မကြောက်စိတ်က ပုံမှန်ဟုတ်ပါ့မလား ဆရာ။ ကျွန်မ သင်္ကြန်မှာ ပုံမှန်အတိုင်း ဆင်နွှဲနိုင်အောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

နီလာသွယ်၊ ဗဟန်း။

ဖြေ- သင်္ကြန်မှာ ရေကစားရင်း မတော်တဆ ထိခိုက်မှုဖြစ်မှာကို ကြောက်တာကတော့ သဘာဝကျပါတယ်။ ဒါပေမဲ့ လူတွေ အများကြီး ရှိတဲ့နေရာကို ကြောက်တာ၊ ထွက်ပြေးလို့ မရမှာကို တွေးပြီး ကြောက်တာကိုတော့ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ တခြားအချိန်တွေမှာလည်း လူအုပ်၊ ဈေးတန်း၊ ဘတ်စ်ကား၊ မီးရထား၊ ကွင်းပြင်ကျယ် စတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို ကြောက်တတ်ပြီး မသွားရဲ၊ မလာရဲ အိမ်ကုပ်ဖြစ်နေရင် ရောဂါဆန် လာပါတယ်။ သူများပျော်သလို ကိုယ်မပျော်နိုင်တာ ကို မချင့်မရဲဖြစ်ပြီး စိတ်သောက ရောက်နေရင် ပုံမှန် မဟုတ်ပါဘူး။ လူအုပ်ကို ကြောက်စိတ်နဲ့အတူ အလိုအလျောက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခြင်း (Panic Attack )ကိုပါ ပူးတွဲခံစားရရင် အကြောက်လွန်ကဲ စိတ်ဝေဒနာ ဖြစ်နိုင်ပါတယ်။ ဆေးပညာမှာ Agoraphobia လို့ ခေါ်ပါတယ်။ တိုက်ရိုက်ဘာသာ ပြန်ရရင် “ ပွဲဈေးတန်း အကြောက်လွန်ရောဂါ ”လို့ ခေါ်နိုင်ပါတယ်။

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) ဖြေကြားသည်။

Most Popular

Healthy Life Ad
To Top