မိမိုး ( ဆေးဝါးတက္ကသိုလ်)
အံ့သြစရာကောင်းတာက လေယာဉ်ဆီနံ့ရတဲ့အခါ တချို့လူတွေက စိတ်အပန်းပြေသွားပါသတဲ့။ အပန်းဖြေ ခရီးသွားတဲ့အခါ ရတဲ့ အနံ့မျိုးဖြစ်လို့ပါ။ စိတ်ဖိစီးမှုများ နေချိန်မှာ အပန်းပြေသွားချင်တယ် ဆိုရင် အောက်ပါအနံ့တွေကို အချိန်တစ်မိနစ်လောက် ရှူပေးသင့်ပါ တယ်။
(၁) သင်္ဘော ဒါမှမဟုတ် လေယာဉ်က ထွက်တဲ့ ဆီနံ့ဟာအပန်းပြေစေပါတယ်။ ဒါပေမဲ့ အဲဒီအနံ့ကို ရှူ ပြီး တစ်နေ့တာ စတင်ရမှာ မဟုတ်ပါဘူး။ လေဆိပ် ဒါမှမဟုတ် သင်္ဘောဆိပ်ရောက်တဲ့အခါ သင်အပန်းပြေသလို ခံစားရတယ်ဆိုတာ သင်သတိထားမိဖို့ပဲ ဖြစ်ပါတယ်။
(၂) စပါးလင်နံ့ဟာ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ဒီအနံ့ရတာကြောင့် ဦးနှောက်ထဲက ဓာတ်တုံ့ ပြန်မှုကို မကောင်းစေပေမယ့် စိတ်အေးချမ်းမှုရတာကြောင့် အပန်းပြေရတာ ဖြစ်ပါတယ်။
(၃) ခရီးသွားတာနဲ့ ဆက်စပ်ပြီးရတဲ့ အနံ့ (ဥပမာ နေကာခရင်မ်အနံ့) ဟာ အပန်းပြေတဲ့ စိတ်အခြေအနေ ဖြစ်စေတာကြောင့် စိတ်အပန်းပြေစေပါတယ်။
(၄) ဆေးဖက်ဝင်လက်ဖက်ရည်အနံ့က စိတ်အပန်း ပြေစေပါတယ်။ ဥပမာ လက်ဖက်စိမ်းလက်ဖက်ရည် သောက်တဲ့အခါ သင်းပျံ့တဲ့အနံ့ကြောင့် စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။
(၅) သခွားသီးနံ့ဟာ အပန်းပြေပြီး ပူပင်သောကတွေကို လျော့ပါးသက်သာစေပါတယ်။
(၆) ပေါင်မုန့် မီးကင်တဲ့အခါ ထွက်လာတဲ့အနံ့ဟာ လုံခြုံမှု၊ ရင်းနှီးမှု၊ အရသာရှိမှု၊ စိတ်ကျေနပ်မှု စတာတွေနဲ့ ဆက်စပ်နေတဲ့အတွက် စိတ်အပန်းပြေစေပါတယ်။
(၇) သင့်ချစ်သူ ဒါမှမဟုတ် သင်ချစ်တဲ့သူရဲ့ ကိုယ်နံ့ကို ရှူရှိုက်ရတဲ့အခါမှာလည်း ဦးနှောက်ထဲမှာ ဓာတုတုံ့ပြန်မှု တိုးပြီး သက်သောင့်သက်သာ ဖြစ်နေစေပါတယ်။ တစ်ခါတစ်ရံ အဘိုးအဘွားအိမ်သွားလည်တဲ့အခါ လုံခြုံပြီး အေးချမ်းနေတဲ့ ခံစားချက်မျိုး သင်ရဖူးမှာပါ။
(၈) ဗနီလာရနံ့ဟာ စိတ်သက်သာရာရစေပြီး မြန်မြန် အိပ်မောကျသွားစေပါတယ်။ ဗနီလာရနံ့ပါတဲ့ ကလေး ပေါင်ဒါမှုန့်ဟာ လူကြီးတွေကိုတောင် စိတ်အေးချမ်းစေ ပြီး အိပ်မောကျစေပါတယ်။
(၉) လာဗန်ဒါဆီဟာ ဦးနှောက်ကို သက်ရောက်မှုရှိတဲ့အခါ အိပ်ငိုက်စေပြီး အိပ်မောကျတာနဲ့ အပန်းပြေတာကို ဖြစ်စေပါတယ်။
(၁၀) ကလေးဘဝဟာ လူတိုင်းအတွက် လုံခြုံပြီးနွေး ထွေးတဲ့ ဘဝအတွေ့အကြုံတစ်ရပ်ပါ။ ဘေဘီပေါင် ဒါလိမ်းတာကြောင့် ဒီစိတ်ခံစားချက် ပြန်ရပြီး စိတ် ကြည်နူးစေပါတယ်။
Ref: HD