Healthy Life Ad
Life Style

၀မ်းသွားရင်းသွေးပါတာ လိပ်ခေါင်းလား . . .

ပါမောက္ခဦးအေးမွန်
ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. လိပ်ခေါင်းကို အတွင်းလိပ်ခေါင်း၊ အပြင်လိပ်ခေါင်းဆိုပြီး ပြောကြတယ်။ အဲဒီလိုအမျိုးအစားတွေ အမျိုးမျိုး ရှိပါသလား ဆရာ။

ဖြေ. လိပ်ခေါင်းဆိုတာ တကယ်တမ်းတော့ စအိုအတွင်းပိုင်းကသွေးကြောတွေ ဖောင်းလာတဲ့သဘောပဲ ဖြစ်ပါတယ်။ စဖောင်းခါစ အဆင့် (၁) မှာတော့ အတွင်းမှာပဲ စဖြစ်နေပြီး ဝမ်းချုပ်ရင်၊ ဝမ်းမာမာသွားရင် သွေးပါတတ်ပါတယ်။ အပြင်ကို ထွက်မလာသေးဘူး . .အဲဒါကို သာမန်လူတွေက အတွင်းလိပ်လို့ ခေါ်ကြတာဖြစ်ပါတယ်။

အဆင့်(၂) ကျတော့ ဝမ်းသွားရင်း သွေးကြောဖောင်းတာက ပိုကြီးလာမယ်။ ဝမ်းကို ညှစ်သွားလိုက်ရင် ဖောင်းနေတဲ့သွေးကြောတင်မက အပြင်ကအုပ်နေတဲ့ တစ်သျှူးတွေပါ ပါလာပါတယ်။ အဲဒါကိုလူတွေက သိသွားတဲ့အတွက် အပြင်လိပ်ခေါင်းလို့ အလွယ်ခေါ်ကြတာ ဖြစ်ပါတယ်။ ဒီအဆင့် (၂) မှာ ဝမ်းသွားပြီးရင် ပြန်ဝင်သွားပါတယ်။

အဆင့် (၃) လောက်ကျတော့ သွေးကြောဖောင်းတာက ပိုကြီးလာပြီး ဝမ်းသွားပြီးရင်တောင် သူ့ဘာသာ ပြန်မဝင်တော့ပါဘူး။ လူက လက်လေးနဲ့ပင့်ပြီး ပြန်သွင်းလိုက်မှ ရပါတယ်။

အဆင့် (၄) ဆိုရင် ဘယ်လိုမှပြန်မဝင်တော့ဘဲ အပြင်မှာတင်ဆို့တစ်ပြီး အလွန်အမင်း နာကျင်ပါတယ်။ ဒီအဆင့်မှာပုပ်ပွပြီး ပိုးဆိပ်သင့်တာတွေ ဖြစ်တတ်ပါတယ်။

လိပ်ခေါင်းကိုအင်္ဂလိပ်လို Pile လို့ခေါ်ပြီး ဆေးပညာအရ Haemorrhoid (Haem – သွေး၊ rrhoid – ထွက်တာ) ဝမ်းသွားရင်သွေးထွက်တာလို့ ခေါ်ပါတယ်။

မေး. အိမ်သာတက်လို့ ညှစ်ပြီးဝမ်းသွားရင် စအိုအဝမှာ စူထွက်လာတာက လိပ်ခေါင်းလို့ ခေါ်နိုင်ပါသလား၊ ကျန်တဲ့အချိန်တွေမှာတော့ ပြန်ဝင်သွားပါတယ်။ အဲဒါလိပ်ခေါင်းလို့ ခေါ်ပါသလား ဆရာ။

ဖြေ. ဒါကအဆင့် (၂) လိပ်ခေါင်းပဲ ဖြစ်ပါတယ်။

မေး. လိပ်ခေါင်းကဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

ဖြေ. လိပ်ခေါင်းဖြစ်ရတဲ့အကြောင်းရင်းက နှစ်ချက်ရှိပါတယ်။ (၁) သွေးကြောနဲ့ဆိုင်တာ ရှိတယ်။ စအိုအဝမှာရှိတဲ့ သွေးကြောလေးတွေက ဖောင်းလာတတ်တယ်။ ဘာလို့ ဖောင်းလာတာလဲဆိုတော့ သွေးတွေက သွေးပြန်ကြောကအစာဟောင်းအိမ်ကို ဖြတ်ပြီး အပေါ်ကိုပြန်တက်ရမှာကို သွေးပြန်ကြောမကောင်းဘဲ ပိတ်ဆို့မှုရှိလို့၊ သွေးပြန်ကြောဖောင်းလို့၊ သွေးစီးဆင်းမှုမကောင်းလို့ သွေးကြောထဲမှာသွေးတွေ အိုင်နေတတ်ပါတယ်။

(၂) ပုံမှန်ဆိုရင် စအိုအတွင်းနံရံမှာရှိတဲ့ Muscle Fiber ၊ Mucosa တွေက သွေးကြောကို ထိန်းပေးနေပါတယ်။ အဲဒါတွေက အသက်ကြီးလို့ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ပျော့သွားတယ်၊ တွဲကျလာတယ် . . အဲဒီအခါ သွေးကြောကလည်း အိုင်လာတတ်ပါတယ်။ လူတွေက မတ်တတ်ရပ်တာများတော့ စအိုကသွေးကြောတွေက အပေါ်ကိုသွေးပြန်မစီးနိုင်ဘဲ အောက်မှာသွေးအိုင် နေတတ်တယ်။ အဲဒါအပြင် ဝမ်းချုပ်တယ်၊ ဝမ်းကို ညှစ်ပြီးသွားရတယ်ဆိုရင် သွေးပြန်ကြောအတိုင်း သွေးတွေကအထက်ကိုတက်ဖို့ ခက်ခဲပါတယ်။ အဲဒါကြောင့်လည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။

ဗိုက်ထဲမှာ အလုံးအကျိတ်တွေရှိပြီး စအိုအဝကသွေးပြန်ကြောတွေကို ဖိထားရင်လည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။ အသည်းမကောင်းတဲ့သူ၊ အသည်းခြောက်တဲ့သူတွေမှာလည်း သွေးပြန်ကြောတွေက အပေါ်ကိုသွေးပြန်စီးဆင်းမှု မလုပ်နိုင်ရာက လိပ်ခေါင်းဖြစ်တတ်ပါတယ်။

မေး. လိပ်ခေါင်းဖြစ်တာ အပူအစပ်စားလို့ဆိုပြီးလည်း ပြောကြတယ်။ မှန်ပါသလား ဆရာ။

ဖြေ. အပူအစပ်စားရင် ဝမ်းသွားတဲ့အခါ စအိုကပူပါတယ်။ အဲဒီမှာ ရှိတဲ့ Muscle Fiber နဲ့ Mucosa တွေက Spasm ရပြီး ပိုညှစ်ရတယ်။ အဲဒီလိုဖြစ်လေ ဝမ်းသွားရခက်လေ၊ သွေးပြန်ကြောက ပိတ်လေဖြစ်လာပါတယ်။ ဒါကြောင့် လိပ်ခေါင်းဖြစ်ဖို့ အားပေးတာပါ။

မေး. လိပ်ခေါင်းအဆင့်နုစဉ်မှာ ပိုဆိုးမလာအောင် ဘယ်လို ထိန်းသင့်ပါသလဲ ဆရာ။

ဖြေ. လိပ်ခေါင်း အဆင့် (၄) ဆင့်ရှိတဲ့အထဲမှာ အဆင့် (၁) နဲ့ အဆင့် (၂) မှာ လိပ်ခေါင်းရှိမှန်းသိရင် ထပ်မဆိုးအောင် ထိန်းသိမ်းလို့ရပါတယ်။ အဲဒီအဆင့်တွေမှာ ဝမ်းမချုပ်ဘဲ မှန်မှန်သွားအောင် နေထိုင်ဖို့လိုပါတယ်၊ ဝမ်းကိုညှစ်ပြီး မသွားရပါဘူး၊ အပူအစပ် မစားရပါဘူး၊ အဲဒီလိုလိုက်နာရင် ပျောက်သွားတာမဟုတ်ဘဲ ရောဂါက တန့်နေတတ်ပါတယ်။

မေး. လိပ်ခေါင်းအဆင့် (၁) မှာ လိပ်ခေါင်းဖြစ်နေပြီဆိုတာသိအောင် ဘယ်လိုလက္ခဏာတွေနဲ့ ကြည့်လို့ရပါသလဲ ဆရာ။

ဖြေ. အဓိကအချက်ကတော့ ဝမ်းသွားရင်သွေးပါတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးပြန်ကြောကတော့ အပြင်ကို မထွက်လာသေးဘူး။
ဝမ်းသွားရင်သွေးပါတဲ့ အကြောင်းတွေက အများကြီးရှိတဲ့အတွက် ကိုယ်ဝမ်းသွားလို့ သွေးပါတယ်ဆိုတာ သတိထားမိလိုက်တာနဲ့ အနည်းဆုံးဆရာဝန်နဲ့ တစ်ခေါက်လောက် သွားပြသင့်ပါတယ်။

လိပ်ခေါင်းကြောင့်ဖြစ်တဲ့ ဝမ်းသွားရင်းသွေးပါတာက ဝမ်းသွားပြီးအပြီးသတ်မှာ သွေးပါတာဖြစ်ပါတယ်။ ဝမ်းကိုညှစ်သွားရင်း ဝမ်းသွားလို့ပြီးခါနီးမှာ သွေးတွေက တောက်တောက် တောက်တောက်နဲ့ ကျလာတာပဲ ဖြစ်ပါတယ်။ ပြီးတော့ သွေးက နီရဲနေပါတယ်။

မေး. ဝမ်းသွားရင်းသွေးပါတာက လိပ်ခေါင်းအပြင် တခြားဘယ်လို အကြောင်းရင်းတွေလဲ ရှိပါသေးသလဲ ဆရာ။

ဖြေ. ဝမ်းသွားရင်းသွေးပါတာက တခြား အကြောင်းရင်းတွေအနေနဲ့ အစာအိမ်ကင်ဆာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အူကင်ဆာ စတာတွေလည်း ရှိပါတယ်။ လိပ်ခေါင်းကြောင့် ဝမ်းသွားရင်းသွေးပါတဲ့အခါ သွေးကနီရဲနေပြီး အစာအိမ်သွေးကြောပေါက်လို့ ဝမ်းသွားရင်းသွေးပါတဲ့အခါ သွေးက မည်းနေတတ်ပါတယ်၊ ပြီးတော့ နံလည်းအတော် နံပါတယ်။ အူကင်ဆာကြောင့်ဝမ်းသွားရင်း သွေးပါတဲ့အခါ ဝမ်းနဲ့သွေးက ရောနေတတ်ပြီး လိပ်ခေါင်းကြောင့်ဆိုရင် ဝမ်းသွားလို့အပြီးသတ်မှာမှ သွေးကပန်းထွက်တာ ဖြစ်ပါတယ်။

မေး. လိပ်ခေါင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ. လိပ်ခေါင်းမဖြစ်အောင် အဓိကကာကွယ်သင့်တဲ့ အချက်က ဝမ်းမချုပ်အောင် နေဖို့ပါပဲ။ အသက်ကြီးလို့ စအိုအဝက Muscle Fiber နဲ့ Mucosa တွေ တွဲကျတာကတစ်ပိုင်းပေါ့။

အကြမ်းဖျင်းအားဖြင့် လူလတ်ပိုင်းအရွယ်တွေမှာ လိပ်ခေါင်းဖြစ်တာက ဝမ်းချုပ်လို့ပါပဲ၊ ဝမ်းသွားဖို့ အချိန်မပေးဘူး၊ ဝမ်းချုပ်တော့ တအားညှစ်သွားရတယ်၊ ညှစ်ရင်းညှစ်ရင်း သွေးကြောလေးတွေ ပေါက်ထွက်လာတတ်တယ်။ ဒါ့အပြင် စအိုကိုလှုံ့ဆော်ပေးတဲ့ အပူအစပ်စာတွေကို သိပ်မစားသင့်ပါဘူး။ ရေများများ သောက်ရပါမယ်။ ဟင်းသီးဟင်းရွက်များများ စားရပါမယ်။

လေ့ကျင့်ခန်းလုပ်တဲ့သူတွေက တစ်ကိုယ်လုံးသွေးစီးဆင်းမှု ကောင်းပါတယ်။ ငြိမ်နေရင် သွေးအသွားအလာနည်းတာကြောင့် လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှား နေသင့်ပါတယ်။

မေး. လိပ်ခေါင်းကို ဘယ်လို ကုသရပါသလဲ ဆရာ။

ဖြေ. လိပ်ခေါင်းအဆင့် (၁) ဆိုရင် ရောဂါတန့်နေအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ထိန်းထားလို့ရတယ်။

အဆင့် (၂) ဆိုရင် သားရေကွင်းပစ်တဲ့နည်း၊ ဆေးထိုးတဲ့နည်းတွေနဲ့ ကုလို့ရတယ်။

ဒီအဆင့် (၁) နဲ့ (၂) ဆိုရင် ပြန်ဖြစ်တတ်ပါတယ်။အဆင့် (၃) နဲ့ (၄) ဆိုရင် ခွဲစိတ်ကုသရတယ်။

ခွဲစိတ်ကုသပြီးချိန်မှာလည်း ဝမ်းမချုပ်အောင်သတိထားဖို့ လိုပါတယ်။ သွေးကြောက တခြားနေရာတွေမှာလည်းရှိတဲ့အတွက် ပြန်ဖြစ်တတ်လို့ပါ။

မေး. အသက်ကြီးမှလိပ်ခေါင်းကို ခွဲစိတ်ကုသမယ်ဆိုရင် စိုးရိမ်ရပါသလား ဆရာ။

ဖြေ. လိပ်ခေါင်းခွဲတာက Major ခွဲစိတ်မှု မဟုတ်ပါဘူး။ ဘာခွဲခွဲ နှလုံး၊ အဆုတ် စတာတွေကို အရင်စစ်ဆေးရပါတယ်၊ မေ့ဆေး ဒါမှမဟုတ် ထုံဆေးပေးနိုင်ဖို့ အရင်ဆုံးအထွေထွေကျန်းမာရေးကို စစ်ဆေးရပါတယ်။ လိပ်ခေါင်းခွဲရင် ခါးထုံဆေး(Spinal) ပေးတာများပါတယ်။ ခွဲစိတ်ရတဲ့အခါ အသက်ငယ်သူတွေနဲ့စာရင် အသက်ကြီးသူတွေက နည်းနည်းတော့ ပိုအန္တရာယ်များတာ ထုံးစံပါပဲ။

မေး. လိပ်ခေါင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ. ဆရာ့အတွေ့အကြုံအရ လိပ်ခေါင်းဖြစ်တဲ့သူတွေက အရင်ထက်ပိုများလာတာကို တွေ့ရပါတယ်။ အဓိကက ဝမ်းချုပ်ကြလို့ပါ။ ပြီးတော့လူတွေက ဝမ်းသွားဖို့ အချိန်မပေးနိုင်တာ၊ အိမ်သာက အလွယ်တကူမရှိတာ၊ ရှိပြန်ရှိလည်း အိမ်သာကညစ်ပတ်လို့ အောင့်ထားတာ စတဲ့ အကြောင်းရင်းတွေကြောင့် ဝမ်းချုပ်ပြီး လိပ်ခေါင်းဖြစ်ကြတာပါ။

လိပ်ခေါင်းက ကုရင်ပျောက်တဲ့ ရောဂါပါ။ ကုပြီးရင်လည်း ပြန်မဖြစ်အောင်ထိန်းသိမ်းဖို့ လိုပါတယ်။ အဓိက လိုက်နာသင့်တဲ့အချက်က ဝမ်းမချုပ်ဖို့ပါပဲ။ ရေများများ သောက်မယ်၊ ဟင်းသီးဟင်းရွက်များများ စားမယ်၊ လေ့ကျင့်ခန်းလုပ်မယ် . .အဲဒီလို လိုက်နာသင့်ပါတယ်။ တကယ်လို့ ဝမ်းသွားရင်းသွေးပါလာခဲ့ရင် လိပ်ခေါင်းလား၊ တခြားရောဂါလားဆိုတာ သေချာသိအောင် ဆရာဝန်ဆီတစ်ခါလောက် သွားပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top