Healthy Life Ad
Child

မွေးကင်းစအရွယ်မှ သုံးနှစ်အထိ အရွယ်အလိုက် ဖွံ့ဖြိုးမှုအဆင့်ဆင့်

စူး (ဆေးဝါးတက္ကသိုလ်)

ကလေးမွေးလာတဲ့အခါ ဘယ်အရွယ်ရောက်ရင် ဘယ်လောက်အထိ ဖွံ့ဖြိုးသင့်နေပြီလဲ ဆိုတာ မိဘတွေ သိလိုကြပါတယ်။ ဒါမှသာ ကိုယ့်ကလေးက ပုံမှန် ဖွံ့ဖြိုးမှု ရှိရဲ့လား၊ ဘာတွေ လိုအပ်နေသလဲ ဆိုတာ သိနားလည်ပြီး မိဘအုပ်ထိန်းသူတွေက သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ စောစော တိုင်ပင် ဆွေးနွေးကာ ပံ့ပိုးပေးနိုင်မှာ ဖြစ်လို့ပါ။

– တစ်လအရွယ်
တစ်လအရွယ်ကလေးတွေက လက်သီးဆုပ်တာ၊ ကန်ကျောက်တာ၊ လက်လှုပ်တာ၊ အသံကို တုန့်ပြန်တာ စတာတွေ လုပ်နိုင်ပါတယ်။မိခင်နို့ချို တိုက်ကျွေးတာက မိခင်နဲ့ ရင်သွေးငယ်အကြား ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု၊ သံယောဇဉ် စတာတွေကို တည်ဆောက်နိုင်ပြီး မိခင်က စကားပြောတာ၊ သီချင်းဆိုပြတာတို့လုပ်သင့်ပါတယ်။

– သုံးလအရွယ်

အသက်သုံးလအရွယ်မှာ ကလေးတွေက ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်ပြီး ၄၅ ဒီဂရီခန့် ဦးခေါင်းကို မြှင့်ကာ ကြည့်တာနဲ့ တစ်ခုခုဆွဲတာတို့ စတင်လုပ်ဆောင်တတ်ပါတယ်။ဒီအရွယ်မှာ တစ်ရောင်တည်းပါတဲ့ ရုပ်ပုံပြတာ၊ ကွင်းနဲ့ ဘဲလ်တွေပြပြီး အမြင်အာရုံကို ဆွဲဆောင်တာတို့ လုပ်ဆောင် ပေးသင့်ပါတယ်။

– ငါးလ / ခြောက်လအရွယ်

အသက် ငါးလ-ခြောက်လ အရွယ်ကလေးတွေက နောက်မှီနဲ့ ထိုင်နိုင်စွမ်းရှိကာ သူ့ခန္ဓာကိုယ်ကို နည်းအမျိုးမျိုးနဲ့ လဲလိုက်၊ လှိမ့်လိုက် လုပ်တတ်ပါတယ်။ကားရုပ်တွေပေးရင် ရွေ့လျားတာ၊ ဘောလုံးကို ပစ်ပေါက်တာတို့ လုပ်ခိုင်းပါ။

– ခြောက်လ / ခုနစ်လအရွယ်

ဒီအရွယ်မှာ သူ့ဘာသာ ထိုင်နိုင်နေပါပြီ။ လက် နဲ့ မျက်စိက ကောင်းကောင်း ဆောင်ရွက်နိုင်ပြီး မျက်နှာ အမူအရာတွေလည်း လုပ်နိုင်စွမ်း ရှိပါတယ်။လက်ခုပ်တီးတာ၊ ပျော့ပျောင်းတဲ့ ဘောလုံးလေးတွေ၊ သစ်သားကားလေးတွေနဲ့ ဆော့ကစားတာတွေ လုပ်လာနိုင်သလို ကလေးနဲ့အတူ သီချင်းဆိုတာ၊ စကားစမြည်ပြောတာ စတဲ့ အသံကျင့်ပေးတဲ့ ကစားနည်းတွေလည်း လုပ်ဆောင်ပေးသင့်ပါတယ်။

– ခုနစ်လ / ရှစ်လအရွယ်

ဒီအရွယ်မှာ ကလေးဟာ လေးဖက်တွားသွား တာကို လေ့လာနိုင်ပြီ ဖြစ်သလို လက်ချောင်းနှစ်ချောင်း နဲ့ ဖမ်းဆုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်အမူအရာနဲ့ ပြတဲ့ ဘာသာစကား တစ်မျိုး-နှစ်မျိုး (ဥပမာ တာ့တာပြတာ)ကို နားလည်လာပြီး အသံတွေကို ကောင်းကောင်းသိလာပါပြီ။မျက်စိနဲ့ လက်ကို ထိန်းချုပ်အား ပိုကောင်းလာတဲ့ ဒီအရွယ်မှာ ကလေးနဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး အစာ ကျွေးသင့်ပါတယ်။

– ရှစ်လ / ကိုးလအရွယ်

ဒီအရွယ်မှာ အသုံးအဆောင် ပစ္စည်းတွေကို ကိုင်ပြီး မတ်တတ် ရပ်နိုင်လာသလို အိမ်သုံးကိရိယာ တွေကို အသံမြည်အောင် လက်နဲ့ ခေါက်တတ်ပါတယ်။ အသံပြုတာ၊ ခန္ဓာကိုယ်အမူအရာ ပြတာ စတဲ့ နည်းတွေနဲ့ လူကြီးတွေကို ဆက်သွယ်တတ်ပါတယ်။လက်ထဲက ဂေါ်လီလုံးလွှတ်ချတာ၊ ဘောလုံးကို အပေါက်ထဲဝင်အောင် ပစ်တာ၊ လှေကားကို တွားသွားတက်ကြည့်တာ စတာတွေ လုပ်ဆောင်လာတဲ့ ဒီအရွယ်မှာ လူကြီးစားတဲ့ အစာမျိုး စားနိုင်အောင် ဖြည်းဖြည်းချင်း ပြင်ဆင်ကျွေးသင့်နေပါပြီ။

– ၁၀လအရွယ်

၁၀လအရွယ်ကလေးတွေက ကောင်းကောင်း မတ်တတ်ရပ်နိုင်နေပြီး မေမေတွေကို လက်အမူအရာနဲ့ ခေါ်တတ်နေပါပြီ။ တခြားကလေးတွေ ကစား တာကို ကြည့်ရတာ သဘောကျတဲ့ အရွယ်ပါ၊ သူကိုယ်တိုင်တော့ မပါနိုင်သေးပါဘူး။ရေကို ခွက်နဲ့ ယူသောက်တာ၊ အံဆွဲကို ဆွဲဖွင့်တာ၊ ကလေးလမ်းလျှောက်ထိုင်ခုံ ( Walker )နဲ့ လမ်းလျှောက်တာတို့ လုပ်ခိုင်းသင့်ပါတယ်။

– ၁၁ လ / ၁၂ လအရွယ်

ဒီအရွယ်မှာ တန်း၊ ထိုင်ခုံ စတာတွေကို ကိုင်ပြီး လမ်းလျှောက်နိုင်နေပါပြီ။ ဘာသာစကားကို ကောင်းကောင်း နားလည်ပြီး ပုံရိပ်တွေကို သေချာ မြင်နေကာ ရိုးရှင်းတဲ့ စကားလုံးတွေကို နားလည်နေပါပြီ။ဘောလုံးကို ဖိပြီး အပေါက်ထဲ ဝင်အောင်ထည့်တာ၊ အရုပ်တွေ စီတာတို့ လုပ်ဆောင်နိုင်တဲ့ ဒီအရွယ်မှာ အစာကို ဇွန်းနဲ့ သူ့ဘာသာ ယူစားခိုင်းသင့်ပါတယ်။

– ၁၂ လ / ၁၅ လအရွယ်

ဒီအရွယ်မှာ လမ်းလျှောက်နိုင်သလို စူးစမ်းလိုစိတ် အပြည့်နဲ့ အရာရာကို ကြည့်နေတတ်ပါတယ်။ မှတ်ညဏ်ကောင်းကောင်းနဲ့ ကိုယ်ပိုင်စိတ်ကူးကို အသုံးချတတ်ပေမယ့် လူစိမ်း၊ စိမ်းတဲ့ ပတ်ဝန်းကျင်ကို ကြောက်တတ်ပါတယ်။မိသားစုကို ခင်တွယ်လွန်းတဲ့ ဒီအရွယ်ဟာ အကြွေစေ့တွေ ထည့်တဲ့ ကစားနည်း၊ တူရိယာတွေ တီးတဲ့ ကစားနည်းတွေကို သဘောကျပါတယ်။ အစာကို တခြားကလေးတွေနဲ့ အတူ စားခိုင်းသင့်ပါတယ်။

– ၁၅ လ / ၁၈ လအရွယ်

ဒီအရွယ်မှာ လက်နဲ့ မျက်နှာသစ်တာကို သူ့ဘာသာ လုပ်ကြည့်ပါလိမ့်မယ်။ အိမ်သာကို ထိုင်သွား တတ်အောင် လေ့ကျင့်လို့ရတဲ့ ဒီအရွယ်ဟာ “ငါ” ဆိုတဲ့ အသိပိုရှိလာပြီး အရာရာကို ဆန်းစစ်ဖြေရှင်းဖို့ ကောင်းကောင်း စွမ်းဆောင်ပါလိမ့်မယ်။ပြင်ပက တကယ့်အစာတွေနဲ့ စာအုပ်ထဲက အစာတွေကို တွဲကြည့်ဖို့ လေ့လာတတ်ပြီး ပုလင်း၊ ဘူး စတာတွေကို အဖုံးဖွင့်လိုက်၊ ပိတ်လိုက် လုပ်တတ်နေပါပြီ။ ဒီအရွယ်မှာ ဝါကျတိုတွေ သင်ပေးသင့်ပါတယ်။

– ၁၈ လ / ၂၁ လအရွယ်

ဒီအရွယ်မှာ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ရွှေ့ဖို့ ကြိုးစားပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ကောင်း ကောင်း ထိန်းနိုင်ပြီး ပြေးတာ၊ ခုန်ပေါက်တာတို့ လုပ်လာပါတယ်။ တီထွင် ဖန်တီးနိုင်စွမ်း ပိုကောင်းလာပြီး သူ့စိတ်ကူးနဲ့ လိုချင်တာတွေကို စတင် ဖော်ပြတတ်ပါတယ်။ရိုးစင်းတဲ့ ပဟေဠိတွေ၊ ပုတီးသီတဲ့ ကစားနည်း နဲ့ ရေဆေးပန်းချီဆွဲတာတွေ သင်ပေးပါ။

– ၂၁ လ / ၂၄ လအရွယ်

ဒီအရွယ်မှာ ကောင်းကောင်း လမ်းလျှောက်နိုင်သလို အလွယ်တကူ လဲမကျတော့ပါဘူး။ စိတ်ဝင် စားတဲ့ အရာတွေကို မှတ်မိပြီး လက်နဲ့ မျက်စိကို ထိန်းချုပ်မှုက ပိုကောင်းလာပါတယ်။ ဘာပဲဖြစ်ဖြစ် သူတစ်ပါး အမှီအခိုမပါဘဲ လုပ်တတ်လာပါတယ်။ဒီအရွယ်မှာ နှာရည်ကို တစ်သျှူးနဲ့ အုပ်ညှစ်တတ်ဖို့၊ လက်ဆေးဖို့နဲ့ အိမ်သာတက် တက်ဖို့ သင်ပေးသင့်ပါတယ်။

– ၂၄ လ / ၃၀ လအရွယ်

ဒီအရွယ်မှာတော့ ကောင်းကောင်း လမ်းလျှောက် နိုင်ပြီဖြစ်သလို လှေကားကနေ ကောင်းကောင်းဆင်းနိုင်၊ တက်နိုင်နေပါပြီ။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် လုပ်နိုင်လာတဲ့ ဒီအရွယ်မှာ မိဘကို အများကြီး အားကိုးလာပါတယ်။အဝတ်ခေါက်တာ၊ စကားရှည်ရှည် ပြောတာ၊ ကတ်ကြေးညှပ်တာ၊ ဖိနပ်တိုက်တာ၊ စားပွဲခုံသုတ်တာတို့ သင်ပေးသင့်ပါတယ်။

– ၃၀ လ / ၃၆ လအရွယ်

သုံးနှစ်သားအရွယ်မှာ ခန္ဓာကိုယ်ဟန်ချက်ညီပြီး လုပ်ဆောင်မှုတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်း ရှိလာပါတယ်။ စကားလုံးတွေနဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်ပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံ လာတတ်ကာ တခြားကလေးတွေကို တက်တက်ကြွကြွ နှုတ်ဆက်လေ့ရှိပါတယ်။သစ်ပင်ငယ်တွေကို ရေဖျန်းတာ၊ ပန်းကန်ဆေးတာ စတာတွေ လုပ်ခိုင်းလို့ ရပြီဖြစ်တဲ့ ဒီအရွယ်မှာ မူကြိုစပို့သင့်နေပါပြီ။

Most Popular

Healthy Life Ad
To Top