Healthy Life Ad
Child

မျက်စဉ်းဆေးနှင့် ကော်ဘူး မှားခတ်မိရာက ရောက်လာသော မြန်မာနိုင်ငံတွင်း ဖြစ်ရပ်များ

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီး)

မြန်မာနိုင်ငံမှာ မျက်စိထဲ ကော်( super glue) ဝင်တဲ့ ပြဿနာအတော်များပါတယ်။ စူပါဂလူးကို မျက်စိထဲ မှားခတ်မိရင်ဓာတုပစ္စည်းကြောင့် လောင်ကျွမ်းမှုဖြစ်တတ်တယ်။ အဲဒီအခါ မျက်စိက နီလာတယ်၊ နာလာတယ်။

မျက်စိထဲ ကော်မှားခတ်မိပြီဆိုလျှင် . .
မျက်စိထဲကိုမျက်စဉ်းဘူးနဲ့ ကော်ဘူးမှားခတ်မိပြီဆိုရင်ဘာမှအထွေအထူးလုပ်စရာမလိုပါဘူး။ ရေများများနဲ့စင်အောင်ဆေးရပါမယ်။ ကော်ကို ထုတ်ရပါမယ်။ အရင်ဆုံးကော်ကို လက်နဲ့ပဲ ခြစ်ထုတ်ရပါတယ်။ တကယ်လို့ ကော်ကိုလက်နဲ့ ခြစ်ထုတ်လို့ မရဘူးဆိုရင် နည်းပညာနုဲ့ခြစ်ထုတ်ရပါတယ်။ပြီးလို့ရှိရင် ပဋိဇီဝပိုးသတ်ဆေးနဲ့ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေး (Antibiotic & steroid eye drop)ကို ပေးရပါတယ်။ ဒါဆိုရင် အချိန်တန်ရင် သက်သာသွားပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ဒီလိုမျိုး သေချာကုလိုက်ရင် မျက်စိကွယ်တဲ့အထိ မဖြစ်နိုင်ပါဘူး။

မျက်စိထဲ ကော်မှားထည့်ပြီး ကုသမှုနောက်ကျလျှင် . .
တချို့လူနာတွေက ရောက်တာ နောက်ကျပါတယ်။ အဲဒီလို နောက်ကျတဲ့အခါ စူပါဂလူးကြောင့် မျက်ကြည်လွှာမှာ ရှိတဲ့ Limbus က ပင်မဆဲလ်တွေကို ထိသွားပါတယ်။ ပင်မဆဲလ်ရဲ့ လုပ်ငန်းတစ်ခုက မျက်ကြည်လွှာမှာရှိတဲ့ ဆဲလ်( Corneal Epithelial Cells )လေးတွေကို အသစ်ထုတ်ပေးတာပါ။ နောက် လုပ်ငန်းတစ်ခုက မျက်ကြည်လွှာကိုအကာအကွယ်သဖွယ် လုပ်ပေးတာပါ။ အဲဒီတော့ ကော်ကြောင့် ပင်မဆဲလ်တွေ ထိခိုက်သွားတဲ့အခါ မျက်ကြည်လွှာက ရောင်ရမ်းလာပါတယ်၊ ဖောရောင်လာပါတယ်။ အဲဒီအခါ အမြင်အာရုံက ကျသွားပါတယ်။

ဒီလိုအခြေအနေမှာ ကောင်းတဲ့ မျက်စိက Limbus ပင်မဆဲလ်ကိုယူပြီး အစားထိုးကုသမှု လုပ်ပေးရပါတယ်။ အဲဒါနဲ့လည်း မကောင်းသေးပါဘူး။ မျက်ကြည်လွှာက သွေးကြောတွေကိုခြစ်ထုတ်ပြီး သန္ဓေသားအချင်း( Amiotic Membrane )နဲ့အစားထိုးကုပေးရပါတယ်။ ဒါကို နှစ်လလောက်စောင့်ကြည့်ရပါတယ်။ စောင့်ကြည့်လို့ ရောင်ရမ်းမှုကကျသွားပြီဆိုရင် မျက်ကြည်လွှာခြစ်ထုတ်မှု (Cornea Graft)လုပ်ရပါတယ်။ ဒါက မအောင်မြင်နိုင်တဲ့အတွက် အခုနောက်ပိုင်းမှာ DALK ဆိုတဲ့ နည်းနဲ့လုပ်ရပါမယ်။ အဲဒီမှာ လိုအပ်တဲ့ အပိုင်းကိုပဲ အစားထိုးတဲ့ DALK-Deep Anterior Lamellar Keratoplasty ဆိုတဲ့နည်းနဲ့ ကုသလိုက်တဲ့အတွက် ရေရှည် အာမခံချက်ရှိပါတယ်။

တကယ်လို့ကော်ကြောင့် မျက်ခွံနဲ့မျက်ဆန်က ကပ်သွားတဲ့အခြေအနေဖြစ်ပြီး သွေးကြောတွေ အများကြီးရှိလာတယ်၊ အမာရွတ်တွေ ထင်လာတယ်ဆိုရင် ဒီနည်းနဲ့မရတော့ပါဘူး။ Synblephanon ဆိုတဲ့နည်းနဲ့ခွာပြီး ပင်မဆဲလ်ကို ရအောင် ထည့်ပေးရပါတယ်။ ဒါဆိုရင် အထိုက်အလျောက် ချောမွေ့သွားပါတယ်။ နောက်ပိုင်းမှာ Boston-Keratoprothesis ဆိုတာ ထည့်ပေးရပါတယ်။ ဒီနည်းက လုပ်ရတာ ခက်ခဲမှုရှိတယ်၊ အန္တရာယ်များ တယ်၊ ဒါပေမဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ တစ်ကမ္ဘာ လုံးမှာဒါမျိုးလုပ်နိုင်တဲ့ မျက်စိဆေးရုံဆိုတာ အတော်လေးရှားပါတယ်။ဒီနည်းနဲ့ ကုပြီးရင် နောက်ပိုင်းမှာ သေချာဂရုစိုက်ပေးရပါတယ်။

ဒီ Boston-Keratoprothesis ကို အစားထိုး ထည့်ပေးပြီးရင် မျက်စိဆရာဝန်ထံ တစ်လတစ်ခါ- နှစ်လတစ်ခါဆိုသလို ရာသက်ပန် လာပြနေရမှာ ဖြစ် တဲ့အတွက် နယ်ကလူနာတွေ ဆိုရင်တော့ ဒီနည်းနဲ့ မလုပ်ပေးပါဘူး။ Boston-Keratoprothesis က နယူးယော့ခ်မှာဝယ်ရင် အမေရိကန်ဒေါ်လာတစ်သောင်းခွဲရှိပါ တယ်။ ဒီမှာ အလှူရှင်တွေကို စည်းရုံးပြီး အခမဲ့နီးပါး ရအောင် လုပ်ဆောင်ပေးခဲ့တာ ဖြစ် ပါတယ်။ရန်ကုန် မျက်စိအထူးကုဆေးရုံမှာ Boston-Keratoprothesis ထည့်ပြီး ကုသမှုပေးနိုင်ခဲ့တာ လူနာ ငါးယောက်မြောက် ရှိခဲ့ပါပြီ။နောက်ဆုံးလုပ်ပေးခဲ့တာ မော်လမြိုင်က ကလေး လူနာလေး ဖြစ်ပါ တယ်။ ဒီလူနာလေးဆိုရင် အလှူရှင်တွေရဲ့ ကျေးဇူးနဲ့ တစ်ပြားမှ မကုန်ဘဲ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top