Healthy Life Ad
Health Tips

မျက်လုံးမို့အစ်စေနိုင်သော အစာများနှင့် မျက်လုံးမို့အစ်ခြင်းကို ဖြေရှင်းနိုင်မည့် အစာများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ညဘက်မှာ အိပ်ရေးဝ၀ အိပ်စက်အနားယူပါရဲ ့နဲ့ မနက်ခင်းဆိုရင် မျက်လုံးမို့အစ်ပြီး နိုးနိုးလာနေပါသလား။ မျက်လုံးမို့အစ်စေနိုင်တဲ့ အစာတွေနဲ့ မျက်လုံးမို့အစ်တာကို ဖြေရှင်းပေးနိုင်မယ့် အစားအသောက်တွေရှိပါတယ်။

မျက်လုံးဖောင်းအစ်စေနိုင်သော အစာများ

စည်သွပ်ဘူးများ – ဆိုဒီယမ်အလွန်အမင်း ပါဝင်။

စည်သွပ်ဘူးနဲ့ထည့်ထားတဲ့ အစားအစာတွေမှာ ဆိုဒီယမ်ပါဝင်မှုများပါတယ်။ အဲဒီအစာတွေကို စားတာများရင် ကျန်းမာရေးပြဿနာအများစုကို ဖြစ်စေနိုင်ပြီး မျက်လုံးဖောင်းအစ်တာနဲ့ ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီစည်သွပ်ဘူးတွေမစားခင်/ မချက်ခင်မှာ ဆိုဒီယမ်အပိုတွေကို ဆေးချသင့်ပါတယ်။

ခရမ်းချဉ်သီး – ဆိုလာနင်ဆိုတဲ့ တချို့လူတွေနဲ့ မတည့်စေတဲ့ဓာတ်ပါဝင်။

ခရမ်းချဉ်သီးမှာ ဆိုလာနင်ဆိုတဲ့ တချို့လူတွေနဲ့ မတည့်တဲ့ဓာတ်ပါဝင်ပါတယ်။ ဆိုလာနင်က ရောင်ရမ်းဖောင်းအစ်မှုကို ဖြစ်စေပါတယ်။ အမြဲလိုလို မျက်လုံးမို့အစ်နေရင် ခရမ်းချဉ်သီးကို ခဏတာရှောင်ကြည့်သင့်ပါတယ်။

ပေါင်မုန့်ဖြူ – ဂလူတင်နဲ့ ဓာတ်မတည့်မှုရှိရင် ရှောင်သင့်။

သင်က ဂျုံစေ့၊ ဘာလီစေ့တွေနဲ့ ဓာတ်မတည့်မှုရှိရင် ဂလူတင်နဲ့ မတည့်တာဖြစ်တတ်ပါတယ်။ ဂလူတင်စားတဲ့အခါ လေပွတာနဲ့ မျက်လုံးမို့အစ်တာကို ဖြစ်စေနိုင်ပါတယ်။

ငရုတ်သီး – ဆိုလာနင်ဆိုတဲ့ တချို့လူတွေနဲ့ မတည့်စေတဲ့ဓာတ်ပါဝင်။ ကပ်ဆိုင်စင်ဆိုတဲ့ တစ်သျှူးတွေကို လောင်ကျွမ်းစေတဲ့ဓာတ်ပါဝင်။

ခရမ်းချဉ်သီးလိုပဲ ငရုတ်သီးမှာလည်း ကပ်ဆိုက်စင်ဓာတ်ပါလို့ မျက်ဝန်းတစ်ဝိုက်တစ်သျှူးတွေကို ရောင်ရမ်းလောင်ကျွမ်းလွယ်စေပါတယ်။ ငရုတ်သီးအစားများသူတွေက မျက်လုံးမို့အစ်လွယ်တတ်ပါတယ်။

နို့နှင့်နို့ထွက်ပစ္စည်း – လက်တို့စ်မတည့်ရင် ရှောင်သင့်။

လက်တို့စ်နဲ့မတည့်သူတွေလည်း များပါတယ်။ လူဦးရေရဲ့ ၆၅-၇၀ ရာခိုင်နှုန်းလောက်က လက်တို့စ်နဲ့ မတည့်ဘူးလို့ ဆိုကြပါတယ်။ အဲဒီလိုဖြစ်ရင် လေပွတာ၊ ဝမ်းပျက်တာနဲ့အတူ မျက်လုံးမို့အစ်တာကိုပါ ဖြစ်စေနိုင်ပါတယ်။

သကြား – ရောင်ရမ်းမှုအများဆုံး အစာတစ်မျိုးဖြစ်။

သကြားကလည်း ရောင်ရမ်းမှုအများဆုံး အစာတစ်မျိုးပါ။ တစ်ကိုယ်လုံးကို ရောင်ရမ်းစေပြီး မျက်ဝန်းတဝိုက်မှာ အသိသာဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မျက်ဝန်းတဝိုက် အရေပြားကပါးပြီး ရောင်ရမ်းလွယ်လို့ပါ။ သကြားကို လျှော့စားတာ ဒါမှမဟုတ် သကြားကို ရှောင်တာက တခြားကျန်းမာရေး ကောင်းကျိုးများစွာကိုလည်း ရရှိစေပါတယ်။

မျက်လုံးဖောင်းအစ်မှုကို ဖြေရှင်းနိုင်မည့် အစာများ

တရုတ်နံနံပင် – ကျောက်ကပ်သန့်စင်စေနိုင်။

တရုတ်နံနံပင်က ကိုယ်တွင်းမှ အပိုရေတွေကို စွန့်ပစ်ပေးနိုင်စွမ်းရှိတာကြောင့် ကျောက်ကပ်ကို သန့်စင်စေပါတယ်။ မနက်ခင်းမှာ မျက်လုံးဖောင်းအစ်နေရင် တရုတ်နံနံကို အစာထဲထည့်စားပေးပါ။

အုတ်ဂျုံမှုန့် – အမျှင်ဓာတ်ပါဝင်မှုများ။ ဝမ်းချုပ်တာ သက်သာစေနိုင်။

မျက်လုံးမို့အစ်နေရင် မနက်စာမှာ အုတ်ဂျုံပါတဲ့အစာကို ထည့်စားပါ။ မျက်လုံးမို့အစ်တာက ဝမ်းချုပ်ရင်လည်း ဖြစ်တတ်ပါတယ်။ အုတ်ဂျုံမှုန့်မှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အူလှုပ်ရှားမှုကောင်းစေပြီး မျက်ဝန်းဖောင်းအစ်မှု လျော့ကျစေပါတယ်။

ထောပတ်သီး – ဗီတာမင် ကေပါဝင်မှုများ။ မျက်ကွင်းညိုခြင်း ကင်းစေနိုင်။

ထောပတ်သီးအနှစ်ကို မျက်ဝန်းမှာလိမ်းပေးရင် မျက်ဝန်းဖောင်းအစ်တာ သက်သာစေပါတယ်။ ထောပတ်သီးကို အစိတ်ပါးလေးတွေစိတ်ပြီး မျက်ဝန်းပေါ်တင်ပေးပါ။ အချိန် ၁၀ မိနစ်ကြာထားရပါမယ်။ မျက်ကွင်းညိုတာက ဗီတာမင်ကေချို့တဲ့တာကြောင့် ဖြစ်တတ်ပြီး ထောပတ်သီးမှာ ဗီတာမင်ကေပါဝင်မှုများပါတယ်။ ထောပတ်သီး တစ်အောင်စမှာ တစ်နေ့တာစားသင့်တဲ့ ဗီတာမင်ကေ ၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ထောပတ်သီးက မျက်ကွင်းညိုတာကိုပါ သက်သာစေပါတယ်။

သခွားသီး – မျက်စိညောင်းညာမှုဝေဒနာ သက်သာစေနိုင်။ မျက်လုံးမို့အစ်မှု ကင်းစေနိုင်။

အေးခဲထားတဲ့ သခွားသီးစိတ်ကို မျက်ဝန်းပေါ်ကပ်ပေးတာကြောင့် မျက်ဝန်းညောင်းညာတဲ့ ဝေဒနာကို သက်သာစေသလို မျက်လုံးမို့အစ်တာကိုလည်း လျော့ပါးစေပါတယ်။ သခွားသီးစိတ်ပါးပါးကို မျက်ဝန်းနှစ်ဖက်ပေါ် ကပ်ပေးတာကြောင့် မျက်ဝန်းက လန်းဆန်းလာစေပါတယ်။

Most Popular

Healthy Life Ad
To Top