Healthy Life Ad
Q & A

တုံ့ပြန်လွယ်သော အရေပြား (Sensitive Skin) ပိုင်ရှင်ဆိုသည်မှာ

ဒေါက်တာမြတ်စန္ဒာကျော် ပါမောက္ခ၊ အရေပြားအထူးကုဆရာဝန်ကြီး မြောက်ဥက္ကလာပ ဆေးရုံကြီး။

မေး. တုံ့ပြန်လွယ်တဲ့ အရေပြား (Sensitive Skin) ဆိုတာ ဘာကို ဆိုလိုပါသလဲ ဆရာမ။
ဖြေ. အလှပြင်ပစ္စည်းနဲ့ ခန္ဓာကိုယ်မှာ သုံးရတဲ့ ဓာတုပစ္စည်းတွေကို အရေပြားက ခံနိုင်ရည် နည်းသွားတာ ဖြစ်ပါတယ်။

မေး. တုံ့ပြန်လွယ်တဲ့ အရေပြား လက္ခဏာတွေကို သိပါရစေ ဆရာမ။
ဖြေ. တုံ့ပြန်လွယ်တဲ့ အရေပြားရောဂါ ပိုင်ရှင်တွေဟာ ယားယံတာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ နီမြန်းတာ၊ အရေခွံလန်တာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ အရေပြားမှာ အဖုအနီလေးတွေ၊ အနီပြင်လေးတွေ၊ ပြည်ဖုလေးတွေ၊ အင်ပြင်ဖုတွေနဲ့ အရည်ကြည်ဖု အနာလေးတွေ ဖြစ်လာတတ်ပါတယ်။ အသားအရေ ခြောက်သွေ့တတ်ပါတယ်။

မေး. ကိုယ့်မှာ တုံ့ပြန်လွယ်တဲ့ အရေပြား ရှိ၊ မရှိ ဘယ်လို သတိထားမိနိုင်ပါသလဲ ဆရာမ။
ဖြေ. ပစ္စည်းတစ်ခုခုကို သုံးပြီး ချက်ချင်း ဒါမှမဟုတ် ရက်အနည်းငယ် အကြာမှာ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ စသုံးသုံးချင်း သတိမထားမိဘဲ သုံးပါများမှ သိသာထင်ရှား လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ မျက်စိနဲ့ မမြင်ရသေးဘဲ ခံစားနေရ တတ်တာမျိုးပါ။

မေး. တုံ့ပြန်လွယ်တဲ့ အရေပြားက ဘယ်အရာတွေကြောင့် ပိုဆိုးစေတတ်ပါသလဲ ဆရာမ။
ဖြေ. အေးလွန်း၊ ပူလွန်းတာ၊ လေခြောက်သွေ့လွန်းတာ၊ နေပူခံလွန်းတာတို့ကြောင့် အရေပြားက ပိုဆိုးစေ တတ်ပါတယ်။ အခုဆိုရင် လူတွေကလေအေးစက် ရှိမှ နေလို့ရလာတယ်။ လေအေးစက် မရှိရင် မနေနိုင်တော့ဘူး။ တကယ်တော့ လေအေးစက်ကြောင့် အသားအရေ ခြောက်သွေ့လာတယ်။ အရေပြားကို ဖုံးထားတဲ့ အဆီလွှာ၊ ချွေးလွှာတွေ နည်းလာတတ်တယ်။ ပိုပြီး တုံ့ပြန် လွယ်တဲ့ အရေပြား ဖြစ်လာတယ်။ လေအေးစက်နဲ့ အနေကြာလာတော့ နေပူဒဏ် ခံနိုင်ရည် နည်းသွားတယ်။ နေလောင်တာ၊ တင်းတိတ်နဲ့ မှဲ့ခြောက်တွေ ပိုဖြစ်လာတတ်တယ်။

ဆရာမတို့ မေမေ၊ ဘွားဘွားတွေက သဘာဝ လက်သွေး သနပ်ခါးပဲ လိမ်းခဲ့တာ။ အခု သနပ်ခါးထက် ပိုဖြူ၊ ပိုမွှေး၊ ပိုလှစေတဲ့ အလှပြင် ပစ္စည်းတွေ အများကြီး ရှိလာတယ်။ ဓာတုပစ္စည်း ပါဝင်တဲ့ အလှပြင်ပစ္စည်းကို ပိုရောင်းလာကြတယ်။ လူတွေက အရောင်၊အနံ့တွေရဲ့ ဆွဲဆောင်မှုနောက်မှာ ပါနေကြတယ်။ အဲဒီတော့ တုံ့ပြန်လွယ်တဲ့ အရေပြားကြောင့် အရေပြားမှာ ပြောင်းလဲမှုတွေ
ဖြူသွားတာ၊ မည်းသွားတာ၊ နီသွားတာ၊ လောင်သွားတာတွေ ဖြစ်လာပါတော့တယ်။ နဂိုအရေပြား အကောင်းကနေ ရောဂါအဖြစ် ပြောင်းသွားပါတယ်။

Most Popular

Healthy Life Ad
To Top