အထွေထွေ ရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကို
ပလတ်စတစ် အသုံးအဆောင်များထဲ အစားအသောက် စားသုံးလျှင် ယေဘုယျအားဖြင့် ပလတ်စတစ်က ထွက်သည့် BPA ခေါ် ဓာတုဓာတ်များ ကိုယ်ခန္ဓာထဲ ဝင်သွားပါက အမျိုးသားများတွင် တက်စတိုစရုန်း၊ အမျိုးသမီးများတွင် အီစထရိုဂျင်ဟော်မုန်း ကျဆင်းသည့် ရောဂါများ ဖြစ်နိုင်ဖွယ်ရာရှိကြောင်း
လေ့လာမှုတစ်ခုအရ သိရသည်။လေ့လာမှုတစ်ခုအရ
လူဦးရေ၏ ၉၃ ရာခိုင်နှုန်းတွင် BPA ပါဝင်ကြောင်း တွေ့ရပြီး အမျိုးသမီးများနှင့် ကလေးများတွင် အများဆုံးပမာဏရှိသည်ကို တွေ့ရကြောင်း ဆိုထားသည်။ သို့ဖြစ်၍ ပလတ်စတစ်ခွက်ယောက်များ အစား ဖန်၊ ဝါး၊ သစ်သား၊ ကြွေထည်၊ စတီး အစရှိသည်တို့နှင့် ပြုလုပ်ထားသော ပန်းကန်ခွက်ယောက်များကို သုံးစွဲရန် လိုအပ်ကြောင်း သိရသည်။
“ပလတ်စတစ် စည်သွပ်ဘူးထဲက အစာထက် လတ်ဆတ်တဲ့အစာတွေကို စားသင့်ပါတယ်။ ကိုယ်ဝန်ရှိရင်၊ ကလေးငယ်ရှိရင် ပလတ်စတစ် အသုံးအဆောင်တွေကို တတ်နိုင်သမျှ ထိန်းချုပ်သုံးသင့်ပါတယ်။ မိုက်ခရိုဝေ့ဖ်မီးဖိုထဲ အပူပေးတဲ့အခါ ပလတ်စတစ်ခွက်တွေနဲ့ အပူပေးတာကို ရှောင်ရပါမယ်။ ပလတ်စတစ် ပန်းကန်ခွက်တွေကို ရေနွေးနဲ့ ဆေးကြောတာ၊ ပလတ်စတစ်ပစ္စည်းတွေထဲ ကြမ်းတမ်းတဲ့ ဓာတုကြေးချွတ်ဆေး ထည့်တာ၊ ဟောင်းနွမ်းနေတဲ့ ပလတ်တစ်စတစ်ပစ္စည်းတွေ သုံးတာတို့ကို ရှောင်ရပါမယ်။ ပလတ်စတစ် ပန်းကန်တွေ၊ ခွက်တွေထဲ အစားအသောက်ပူပူ ထည့်ပြီး စားသောက်တာကြောင့် BPA ပမာဏ အနည်းငယ်မျိုချသလို ဖြစ်စေနိုင်ပါတယ်”ဟု အထွေထွေ ရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကိုက ပြောကြားခဲ့သည်။
ဈေးဝယ်သည့်အခါ ဆိုင်ရှင်တို့က ပလတ်စတစ်အိတ်နှင့် ထည့်ပေးတတ်သည့်အတွက် ကိုယ်ပိုင်အိတ်ကို ယူဆောင်ပြီး ထည့်သင့်ကြောင်း၊ လေ့လာမှုအရ လူတစ်ယောက်တည်းက ထိုနည်းလမ်းကို လိုက်နာလျှင်ပင် တစ်နှစ်အတွင်း ပလတ်စတစ်အိတ် သုံးစွဲမှု ၄၀ဝ နှင့် ၆၀ဝ ကြား လျော့ကျမှုရှိကြောင်း သိရသည်။