—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေအထူးကု ဆရာဝန်ကြီး) ၊—–
Q. ဆီးချိုရှိသူတွေမှာ ထိုင်ရာမထ လေ့ကျင့်ခန်းလုပ်တာက ရောဂါထိန်းချုပ်မှုမှာ သင့်တော်ပါသလားဆရာ။
A. သီအိုရီအရ လှုပ်နေရင် ထိရောက်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ လေ့ကျင့်ခန်းလုပ်ရင် အကြမ်းဖျင်းအားဖြင့် သုံးချက်နဲ့တော့ ပြည့်စုံရပါတယ်။
(၁) နည်းနည်းမောရမယ်
(၂) ချွေးထွက်ရမယ်
(၃) ရင်တုန်ရမယ် ..
ဒီသုံးချက်နဲ့ပြည့်စုံရင် လေ့ကျင့်ခန်းအထမြောက်ပါတယ်။ လက်လေးလှုပ်၊ ဟိုဘက်လှည့်၊ ဒီဘက်လှည့်လုပ်လိုက်လို့ ချွေးထွက်တယ်၊ နည်းနည်းမောတယ်၊ ရင်တုန်တယ်ဆိုရင် ထိရောက်ပါတယ်။ ပြေးမှထိရောက်တာ မဟုတ်ပါဘူး။ တစ်နေ့ကို နာရီဝက်လောက်လှုပ်ရှားနေရင် ရပါတယ်။ လေကို အငမ်းမရရှူရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ရင် ထိရောက်မှုရှိပါတယ်။ နောက်ပိုင်းမှာ နှလုံးကျန်းမာအောင် သင့်တင့်တဲ့ အလေးချိန်လေးမပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်လာကြပါတယ်။ အသက်အရွယ်ကြီးတဲ့သူတွေကျတော့ ထိုက်ချိ၊ ယောဂတို့လို မလဲစေမယ့် ဟန်ချက်ထိန်းလေ့ကျင့်ခန်းတွေလုပ်ရင် ပိုသင့်တော်ပါတယ်။