———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———
နှိပ်နယ်ခြင်းက ဖိအားပေးရုံသာမကဘဲ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ အကိုက်အခဲပျောက်ဆေးသောက်စရာမလိုဘဲ လှုံ့ဆော်ပေးနိုင်မယ့် အမှတ်တွေကို ဖိနှိပ်ပေးတဲ့နည်းနဲ့ ခေါင်းကိုက်ဝေဒနာသက်သာအောင် လုပ်လို့ရပါတယ်။
နှိပ်နယ်နည်း (၁) နှာခေါင်းဘေးကိုနှိပ်ခြင်း
♦ နှာခေါင်းဘေးတစ်ဖက်တစ်ချက်စီကို လက်ညှိုးတွေတင်လိုက်ပါ။
♦ အဲဒီနေရာဖိပြီး ဖြေလျှောက်လိုက်ရင် နှာခေါင်းကို ပွင့်သွားစေပါတယ်။
♦ အဲဒီအမှတ်နေရာတွေကို နာရီလက်တံအတိုင်း လှည့်လည်နှိပ်ပေးပါ။ အချိန် ၂-၃ မိနစ်ခန့် လုပ်ပေးပါ။
နှိပ်နယ်နည်း (၂) ပခုံးကိုနှိပ်ခြင်း
♦ လည်ပင်းအနားက ပခုံးပေါ်မှာ လက်ချောင်းတွေကို တင်ပေးပါ။
♦ လက်ချောင်းတွေကို အောက်ဆင်းဖိရင်း ဖိအားပေးပါ။
♦ အချိန် ၄-၅ စက္ကန့်ကြာ ဖိထားပေးပါ။
နှိပ်နယ်နည်း (၃) လည်ပင်းအောက် တင်းနစ်ဘောလုံးဖိထားခြင်း
♦ မာကျောတဲ့ ကြမ်းပြင်ပေါ် လှဲလျောင်းပါ။
♦ ဒူးတွေကိုကွေးပြီး ကြမ်းပြင်ပေါ် ခြေဖဝါးတွေကို ချထားပါ။
♦ လည်ပင်းအောက်မှာ တင်းနစ်ဘောလုံးထားပြီး လက်နှစ်ဖက်နဲ့ ကိုင်ထားပါ။ (လက်တစ်ဖက်က နောက်လက်တစ်ဖက်ကို ကိုင်ထားရပါမယ်)
♦ ခန္ဓာကိုယ်ကို တင်းနစ်ဘောလုံးလေး လှုပ်နေအောင် နောက်နဲ့ရှေ့ ရွေ့လျားပေးပါ။ မိနစ်အနည်းငယ် လုပ်ပေးပါ။
နှိပ်နယ်နည်း (၄) မေးစေ့ကိုမြှင့်ခြင်း
♦ မေးစေ့အောက်မှာ ညာဘက်လက်ချောင်းတွေကိုဆုပ်ကာ ဖြည်းဖြည်းချင်း ထိသွားပါ။
♦ မေးစေ့အရင်းကနေ စပြီး မေးရိုး၊ မေးရိုးကနေ နားရွက်အထိ ဖိပေးပါ။
♦ အချိန် ၈ စက္ကန့်ကနေ တစ်မိနစ်အထိ ဖိသွားပါ။ ညာဘက်နားရွက်အထိပြီးရင် ဘယ်ဘက်ကို တစ်ခါပြန်လုပ်ပေးပါ။
နှိပ်နယ်နည်း (၅) နဖူးကို ဖိအားပေးခြင်း
♦ ပါးရိုးပေါ်မှာ လက်ချောင်းလေးတွေ တင်ထားပါ။
♦ ဖြည်းဖြည်းချင်း နဖူးအထိ လက်ချောင်းထိပ်တွေနဲ့ ညင်ညင်သာသာ ဖိအားနဲ့ဖိပေးပါ။
♦ နဖူးပေါ်ရောက်တဲ့အခါ စက်ဝိုင်းပုံစံအတိုင်း လှည့်လည်ပြီး နှိပ်ပေးပါ။ နဖူးတစ်ပြင်လုံးသာမက ဦးရေပြားကိုပါ နှိပ်ပေးပါ။
နှိပ်နယ်နည်း (၆) မျက်ခုံးအောက်ကိုနှိပ်ခြင်း
♦ လက်ညှိုးကို မျက်ခုံးအောက်၊ မျက်လုံးအထက်မှာထားပါ။
♦ အဲဒီအမှတ်နေရာကို ဖိနှိပ်ပေးရင် ခေါင်းကိုက်ဝေဒနာ သက်သာစေပါတယ်။
♦ လက်ချောင်း ၂ ချောင်းနဲ့လည်း ဖိနှိပ်ပေးနိုင်ပါတယ်။
နှိပ်နယ်နည်း (၇) လက်သီးဆုပ်ဖြင့် နားထင်ကို ဖိနှိပ်ခြင်း
♦ ပထမအဆင့်က ဘယ်နဲ့ညာ လက်သီးဆုပ်ပြီး နားထင်ပေါ်တင်ထားပါ။
♦ နားထင်ကို ဖိနှိပ်ပေးပါ။ အကြိမ် ၃၀ ပြုလုပ်ပေးပါ။
နှိပ်နယ်နည်း (၈) လက်မဖြင့် နားထင်ကို ဖိနှိပ်ခြင်း
♦ လက်သီးဆုပ်ပြီး နဖူးပေါ်တင်ပါ။
♦ နားထင်ပေါ်မှာ လက်မကို ထားပါ။
♦ လက်မနဲ့ အဲဒီအမှတ်နေရာကို အကြိမ် ၃၀ ကြာ ဖိနှိပ်ပေးပါ။ လက်သီးဆုပ်ကလည်း နဖူးပေါ် တပြိုင်တည်း ဖိနှိပ်နေပါစေ။