Healthy Life Ad
Health Tips

“ကိုဗစ်-၁၉ ပိုးရှိတယ်လို့ သိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်တာနဲ့စာရင် ကျွန်တော်ကုပေးနေတဲ့ ကလေးတွေအတွက် ပိုပြီးစိတ်ပူတယ်”ဆိုတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်လှိုင်ထွေး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အန္တရာယ်အများဆုံးမှာ ရောဂါပိုးတွန်းလှန်ရေးကို ရှေ ့တန်းမှ ရင်ဆိုင်ရသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပင်။ နေ့နေ့ညည ရောဂါပိုးနှင့် အနီးကပ်ထိတွေ့ပြီး ရင်ဆိုင်တွန်းလှန်နေရသဖြင့် ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်းအချို ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသည်။ ထိုအထဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို ့ရှိ မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်လှိုင်ထွေးလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ စက်တင်ဘာ (၃၀) ရက်နေ့ တာဝန်ထမ်းဆောင်နေစဉ်မှာပင် ကိုဗစ်-၁၉ ရောဂါဟု မသိသေးသော်လည်း အဆိုပါရောဂါလက္ခဏာ အသေးအမွှားများကို ဒေါက်တာကျော်လှိုင်ထွေး စတင်ခံစားခဲ့ရသည်။

“စစချင်း သာမန်လက္ခဏာတွေ ပြခဲ့တယ်။ မျက်လုံးတွေညောင်းတယ်၊ ခြေသလုံးတွေညောင်းတယ်၊ မအီမသာဖြစ်တယ်၊ ခန္ဓာကိုယ်က ဖျားချင်လိုလိုနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲတာလေးတွေ စပြီး ခံစားရပါတယ်” သာမန်ကိုက်ခဲညောင်းညာဝေဒနာဟုသာ ထင်ခဲ့သော်လည်း ဒေါက်တာကျော်လှိုင်ထွေးနှင့် အတူတာဝန်ထမ်းဆောင်နေသော လက်ထောက်ဆရာဝန်၏ အာခေါင်တို့ဖတ် (Swab) အဖြေက Positive (ပိုးရှိ)ဟု အဖြေထွက်လာခဲ့သည်။

“ကျွန်တော်ရဲ ့ လက်ထောက်ဆရာဝန်က စပြီး Positive ဖြစ်ပါတယ်။ သူ Positive ဖြစ်တဲ့အချိန်မှာ ကျွန်တော်နဲ့ အနေနီးစပ်တဲ့အတွက်ကြောင့် လက်ထောက်ဆရာဝန် ပိုးတွေ့တယ်ဆိုတဲ့ညမှာပဲ ကျွန်တော့်ကိုလည်း အာခေါင်တို့ဖတ် (Swab) ယူပါတယ်။ အဲဒီအချိန်အထိကတော့ သာမန်ခေါင်းကိုက်တာ၊ ကိုယ်လက်မအီမသာ ဖြစ်တာလာက်ပဲ ခံစားရပါတယ်။ ကျွန်တော်ရဲ ့လက်ထောက်ဆရာဝန်က စပြီး Positive ဖြစ်လို့ Isolation ထဲ ဝင်တဲ့အချိန် ကျွန်တော်လည်း Positive ဖြစ်လို့ Isolation ထဲ ဝင်ရပါတယ်”ဟု ဒေါက်တာကျော်လှိုင်ထွေးက ဆိုသည်။

အာခေါင်တို့ဖတ် (Swab) ယူချိန်တွင် Positive ဖြစ်နိုင်ခြေများကြောင်း ခန့်မှန်းသိရှိထားသော ဒေါက်တာကျော်လှိုင်ထွေးသည် သူ့ကိုယ်သူထက် သူနှင့်ထိတွေ့မှုရှိထားသော သူ၏ကလေးလူနာ ရာပေါင်းများစွာအတွက် ပိုမိုစိတ်ပူသွားခဲ့သည်။ “Swab ယူပြီး Positive ဖြစ်သွားပြီဆိုတာသိလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်တာနဲ့စာရင် ကျွန်တော်ကိုယ်တိုင်က ကလေးအထူးကုဆရာဝန်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်နဲ့ ထိစပ်ထားတဲ့ ကလေးတွေအတွက် ပိုပြီးစိတ်ပူတယ်။

ဆေးရုံတက်တဲ့ရက်တွေအတွင်းမှာ “ဒါက ငါတစ်ယောက်တည်းဖြစ်တာ မဟုတ်ဘူး၊ အများကြီး ဖြစ်နေကြတယ်။ လောလောဆယ် ငါလည်း အရမ်းကြီးရောဂါလက္ခဏာတွေ ခံစားနေရတာ မဟုတ်ဘူး။ သာမန်တုပ်ကွေးလောက်တောင်မှ ဆိုးဆိုးရွားရွား မခံစားရဘူး၊ သာမန်လက္ခဏာလေးတွေပဲဆိုတော့ ကောင်းကောင်းကျော်ဖြတ်နိုင်မှာ၊ စိတ်တည်ငြိမ်အောင်ထားပြီး ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ ဘုရား၊ တရားများများလုပ်တယ်။ ပြီးတော့ Isolation ထဲမှာ လက်ထောက်ဆရာဝန်လည်းရှိတယ်၊ သူနာပြုဆရာမကြီးလည်း ရှိတယ်၊ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ ကောင်းကောင်းစားမယ်၊ ကောင်းကောင်းအိပ်မယ်၊ အနားယူမယ်ဆိုတဲ့စိတ်နဲ့ပဲ Isolation ထဲမှာ နေခဲ့ပါတယ်။

ဆေးရုံမှာ Isolation ဝင်ပြီး ၄ ရက်မြောက်တဲ့နေ့ကျမှ ကျွန်တော် အနံ့ရော အရသာရော ပျောက်သွားပါတယ်။ အဲဒီနေ့မှာ ကိုယ်လက်မအီမသာဖြစ်တာ၊ ကိုက်ခဲတာ သက်သာသွားပါတယ်။ အနံ့၊ အရသာပျောက်တာနဲ့အတူ နည်းနည်းနုံးတယ်၊ မောတယ်”ဆေးရုံတွင်နေရသော ရက်များတွင် သာမန်ရောဂါလက္ခဏာများသာ ပြသည့်အတွက် ထူးခြားသော ဆေးကုသမှုများ မပြုခဲ့ရကြောင်း၊ အာဟာရမျှတစွာစားသောက်ပြီး ဗီတာမင်အားဆေးကိုသာ မှီဝဲရင်း ခြောက်ရက်မြောက်နေ့တွင် အနံ့ပြန်ရလာခဲ့ပြီး ၇ ရက်နှင့် ၈ ရက်မြောက်နေ့တွင် ပိုသက်ကာ ၉ ရက်မြောက်နေ့တွင် ပုံမှန်လူကောင်းပကတိအတိုင်း ပြန်ဖြစ်လာကြောင်း ဒေါက်တာကျော်လှိုင်ထွေးက ဆိုသည်။

“ကျွန်တော်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကလေးအထူးကု ဆရာဝန်ဖြစ်တယ်။ ကျွန်တော်ခံစားနေရတဲ့ လက္ခဏာတွေကလည်း သာမန်ရောဂါလက္ခဏာလေးတွေပဲဖြစ်တယ်၊ အနံ့ပျောက်တယ်၊ အရသာပျောက်တယ်၊ ကိုယ်လက်ကိုက်ခဲတယ် ဒါတွေပဲ ဖြစ်တယ်ဆိုတော့ မိုးညှင်းဆေးရုံမှာပဲ ကုသခဲ့ပါတယ်။ ရောဂါလက္ခဏာတွေကလည်း ပြင်းပြင်းထန်ထန်မခံစားခဲ့ရတဲ့အတွက်ကြောင့် ဘာဆေးဝါးမှ မလိုအပ်ခဲ့ပါဘူး။ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဇင့် အဲဒီဆေးလေးတွေကိုပဲ သောက်သုံးခဲ့ပါတယ်။ ကိုယ်ခံအားကောင်းဖို့ အာဟာရမျှတအောင် စားသောက်ဖြစ်ခဲ့ပါတယ်။ အခုအချိန်ထိ မိုးညှင်းမှာရှိတဲ့ လူနာအားလုံးက သာမန်ရောဂါလက္ခဏာလေးတွေပဲဖြစ်လို့ ဗီတာမင်စီ၊ ဇင့်ဓာတ်တွေပါတဲ့ အားဆေးတွေပဲ ပေးပါတယ်။ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေးပေးတယ်၊ ခေါင်းကိုက်ရင် ခေါင်းကိုက်ပျောက်ဆေး ပါရာစီတမော ပေးပါတယ်။ အခုချိန်ထိတော့ ဘယ်သူမှ အောက်ဆီဂျင်ရှူရလောက်အောင် ဆိုးရွားတဲ့သူ မရှိပါဘူး။ အသက်ရှူစက်ပေးရလောက်အောင် ဆိုးရွားတဲ့သူလည်း မရှိပါဘူး။ ဖြစ်တဲ့သူအများစုကလည်း ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်”ဟု မိုးညှင်းပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့သော ကိုဗစ်-၁၉ လူနာတို့အကြောင်းကိုပါ ဒေါက်တာကျော်လှိုင်ထွေးက ပြောပြခဲ့သည်။

“ကျွန်တော် အခုလို နေကောင်းကျန်းမာလာတာက လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ဓာတ်ခွန်အားပေးမှု၊ ဝိုင်းဝန်ကူညီမှု၊ မိုးညှင်းမြို ့သားမဟုတ်ပေမယ့် မိုးညှင်းမြို ့သားမိသားစုဝင်တစ်ဦးလို မိုးညှင်းမြို ့သူ/မြို ့သားတွေရဲ့ ဝိုင်းဝန်းကူညီစောင့်ရှောက်မှုတွေကြောင့် ပြန်လည်ကောင်းမွန်လာရတာ ဖြစ်ပါတယ်”ဟု ကျန်းမာရေးကောင်းမွန်လာခြင်းနှင့် ပတ်သက်၍ ဒေါက်တာကျော်လှိုင်ထွေးက ကျေးဇူးတင်စကား ပြောကြားထားသည်။

လက်ရှိအချိန်တွင် ဆေးရုံမှဆင်းကာ အိမ်တွင် သီးသန့်နေထိုင်အနားယူလျက်ရှိသော ဒေါက်တာကျော်လှိုင်ထွေးက အခြားကိုဗစ်-၁၉ ပိုးရှိလူနာများကို သူ၏အတွေ့အကြုံကို အခြေခံ၍- “ကိုဗစ်-၁၉ ရောဂါက ကမ္ဘာကြီးမှာ အသစ်အဆန်းဖြစ်တဲ့ ရောဂါဖြစ်တာကြောင့် ဆေးပညာကုသရေးပိုင်းတွေမှာရော ကာကွယ်ရေးပိုင်းတွေမှာပါ တချို့အကြောင်းအရာတွေက ရှာဖွေဖော်ထုတ်နေရဆဲ ဖြစ်ပါတယ်။ ကာကွယ်ဆေး မရမချင်းသော်လည်းကောင်း၊ ကာကွယ်ဆေးရပြီးသော်လည်းကောင်း ဒီရောဂါကို ချက်ချင်းတားဆီးနိုင်ဖို့တော့ ခက်ခဲမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် ပိုးတွေ့လူနာတွေက ကိုယ့်ဆီမှာ ပိုးထိပြီလို့ သိပြီဆိုတာနဲ့ အကြောက်မလွန်ပါနဲ့၊ ကောင်းကောင်းတိုက်ထုတ်နိုင်ဖို့ဆိုတာ ကိုယ်ခံအားကောင်းဖို့ လိုပါတယ်။ အာဟာရကောင်းကောင်း စားဖို့လိုပါတယ်။ ကိုဗစ်စင်တာတွေကို သွားရောက်ပြီး ကောင်းကောင်းအနားရတယ်ဆိုတဲ့စိတ်နဲ့ ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ်ခဲ့ကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ”ဟု မျှဝေထားသည်။

ယခုအခါ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်လှိုင်ထွေးသည် တဖြည်းဖြည်း ပိုမိုကျန်းမာလာလျက်ရှိသလို စိတ်ချမ်းသာစရာ သတင်းကောင်းတစ်ခုကလည်း သူ့ကိုပိုပြီး စိတ်လက်ပေါ့ပါးသွားစေခဲ့သည်။ ထိုသတင်းမှာ သူနှင့်ထိတွေ့ဖူးသည့် ကလေးလူနာရာပေါင်းများစွာ၏ ပထမအကြိမ် အာခေါင်တို့ဖတ်အဖြေက ပိုးမတွေ့ (Negative) ဆိုသော သတင်းပင်။

အိမ်တွင် Quanrantine နေထိုင်ရမည့်ရက် ပြီးဆုံးပါက ဒေါက်တာကျော်လှိုင်ထွေးသည် သူချစ်သော ကလေးလူနာလေးများကို ဆေးကုသမှုပေးရန် တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်လျက်ရှိပါသည်။

Most Popular

Healthy Life Ad
To Top