မျက်ကွင်းညိုတာက အလှအပကို ဖျက်ဆီးနေတာ အသေအချာပါ။ မိတ်ကပ်တွေနဲ့ဖုံးလည်း ပင်ပန်းသလို၊ ရင့်သလို ထင်ရစေပါတယ်။ ကွန်ဆဲလ်လာလိမ်းတာက ချက်ချင်းဖြေရှင်းနည်းလို့ ဆိုနိုင်ပေမယ့် မျက်နှာသစ်လိုက်တာနဲ့ မျက်ကွင်းညိုနေပြန်ပါတယ်။ ဒါကြောင့် မိတ်ကပ်မလိုဘဲ ဈေးသက်သက်သာသာနဲ့ အိမ်မှာပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးကို မျှဝေပေးလိုက်ပါတယ်။
မျက်ကွင်းညိုတာအတွက် အကောင်းဆုံးဖြေရှင်းနည်းက ပူဒီနာ(ပူစီနံ)ရွက်တွေ သုံးနိုင်တာပါပဲ။ ပူစီနံက အနံ့သင်းပြီး အင်တီအောက်ဆီးဒင့် အာဟာရဓာတ်တွေလည်း ပါဝင်တာကြောင့် မျက်ကွင်းညိုတာ ကင်းစင်စေပါတယ်၊ နုပျိုတဲ့အသွင် ဖြစ်စေပါတယ်။
ပါဝင်ပစ္စည်းများ
(၁) ပူဒီနာ (ပူစီနံ)ရွက်
(၂) သံလွင်ဆီ
ပြုလုပ်နည်း
ပြုလုပ်နည်းက ပူစီနံရွက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ချေပေးပါ။ ရလာတဲ့အရည်အနှစ်ကို သံလွင်ဆီနဲ့ရောပြီး မျက်ကွင်းတဝိုက် လိမ်းပေးရမှာ ဖြစ်ပါတယ်။
မိနစ် ၃၀ ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။
ဒီနည်းလမ်းနဲ့အတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားပေးတာ၊ အိပ်ရေးဝ၀ အိပ်စက်အနားယူတာ စတဲ့နည်းလမ်းတွေကို လိုက်နာပြီး ရေဓာတ်ပြည့်ဝအောင် ရေသောက်ပေးရပါမယ်။