———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———
အခုခေတ်မှာ အသက်ကြီးချိန်ကျမှ ကလေးမွေးသူတွေ များလာပါပြီ။ ဘဝတက်လမ်းတိုးတက်အောင် ကြိုးစားနေလို့၊ ဘဝအဖော်နဲ့ အိမ်ထောင်ပြုချိန် နောက်ကျနေလို့၊ သားသမီးမယူချင်သေးလို့၊ စီးပွားရှာနေလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အသက် ၄၀ ကျော်အရွယ်ကျမှ မိခင်ဖြစ်လာသူတွေ မနည်းမနောပါ။ ဒီလိုအသက်ကြီးမှ ကလေးမွေးတာကြောင့် ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိသလဲဆိုတာ သိအောင် မျှဝေပေးလိုက်ပါတယ်။
ကောင်းကျိုးများ
(၁) ဘဝသက်တမ်း ပိုရှည်နိုင်ပါတယ်
အသက်ကြီးမှ ကလေးမွေးတဲ့ အမျိုးသမီးတွေက ဘဝသက်တမ်းရှည်ရှည် နေရနိုင်ခြေ ပိုများပါတယ်။ လေ့လာမှုတစ်ခုအရ အသက် ၂၉ နှစ်မတိုင်ခင် အငယ်ဆုံးကလေးမွေးခဲ့သူတွေက အသက် ၉၅ နှစ်အထိ အသက်ရှည်ရှည်နေရနိုင်ခြေ ထက်ဝက်လျော့ကျပါသတဲ့။ မျိုးရိုးဗီဇနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးဆက်ပွားစနစ်က အသက်ကြီးတဲ့အထိ ကောင်းကောင်းဖွံ့ဖြိုးနေတယ်ဆိုရင် အသက်ရှည်ရှည် နေရနိုင်ခြေများပါတယ်။
(၂) တွေးခေါ်မြော်မြင်နိုင်စွမ်း ကျဆင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်
တခြားလေ့လာမှုအရ အသက်ကြီးချိန်မှာ ကိုယ်ဝန်ဆောင်တာက သွေးဆုံးပြီး တွေးခေါ်နိုင်စွမ်း ကောင်းမွန်မှုနဲ့ ဆက်နွှယ်မှုရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ်ကျော်မှ ကလေးမွေးတဲ့ အမျိုးသမီးတွေက ပြောဆိုမှုဆိုင်ရာ မှတ်ဉာဏ်ပိုကောင်းတတ်ပါတယ်။ ဟော်မုန်းတွေက ဦးနှောက်ကို သက်ရောက်မှုရှိနေလို့ပါပဲ။ ဒါ့အပြင် အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းတွေက ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ ဦးနှောက်တစ်သျှူး ဖွံ့ဖြိုးမှုတို့နဲ့ ဆက်စပ်မှုရှိတာကြောင့် ဖြစ်ပါတယ်။
(၃) ပိုဉာဏ်ကောင်းပြီး အတွေ့အကြုံပိုရှိစွာ ကလေးပြုစုပျိုးထောင်နိုင်ပါတယ်
အသက် ၄၀ ကျော် အမျိုးသမီးတွေအနေနဲ့ ကလေးတွေပြုစုပျိုးထောင်ရာမှာ ပိုစိတ်ရှည်ပြီး အတွေးအခေါ်ကောင်းကောင်းနဲ့ စောင့်ရှောက်ပေးနိုင်ပါတယ်။ အသက်ကြီးမှ ကိုယ်ဝန်ဆောင်ကလေးမွေးတဲ့ အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်းတွေမှာ ပိုတည်ငြိမ်နေပါလိမ့်မယ်။
(၄) ငွေရေးကြေးရေး ပိုအဆင်ပြေနေပါတယ်
အသက် ၄၀ အရွယ်မှာ အမျိုးသမီးအများစုက ဘဝတက်လမ်းအောင်မြင်ပြီးသား ဖြစ်တတ်ပါတယ်။ အလုပ်ပြောင်းတာ၊ ဝင်ငွေမတည်ငြိမ်တာ စတာတွေနဲ့ ရုန်းကန်ရတာ သိပ်မရှိတော့ဘဲ စီးပွားရေးအခြေအနေ တည်ငြိမ်နေတဲ့ ဒီအရွယ်မှာ ကိုယ့်ကလေးကို ပိုပြီး အာရုံစိုက် အလေးထားတတ်ပါတယ်။ ငွေပိုရှာဖို့ အချိန်ပေးစရာမလိုတော့ဘဲ ကလေးကိုပဲ အချိန်ပိုပေးနိုင်သွားပါတယ်။
(၅) ဘာမဆို ကြိုးစားအောင်မြင်ပြီး အချိန်ကောင်းပါ
အသက် ၄၀ အရွယ်မှာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေလည်း ရခဲ့ပြီ၊ ခါးသီးစရာကောင်းတဲ့ အခက်အခဲတွေလည်း ရင်ဆိုင်ခဲ့ပြီးပြီ။ အားလုံးရင်ဆိုင်ပြီးချိန် ကလေးမွေးတဲ့အခါ ပျော်စရာကောင်းတဲ့ အချိန်တွေကို ပေးနိုင်ပါလိမ့်မယ်။
ဆိုးကျိုးများ
(၁) ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်
အသက် ၄၀ အရွယ်မှာ ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစပြီး အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်စွမ်းက သိသိသာသာ စတင်ကျဆင်းလာတတ်ပါတယ်။ မမျိုးဥအရေအတွက် လျော့နည်းလာပြီး မျိုးအောင်နိုင်စွမ်းက နည်းသထက် နည်းလာပါလိမ့်မယ်။
(၂) ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်
အသက် ၄၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေက များလာပါတယ်။ ၅၀ ရာခိုင်နှုန်းတောင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရှိပါသတဲ့။ ဟော်မုန်းနဲ့ သားအိမ်လုပ်ငန်းဆောင်တာ လျော့နည်းတာကြောင့် သန္ဓေသားဆုံးရှုံးနိုင်ခြေ များရတာပါ။
(၃) အရိုးပွရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်
အသက်ကြီးမှ ကလေးမွေးတာက သက်ကြီးအမျိုးသမီးတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေများပါတယ်။ လေ့လာမှုအရ အသက် ၃၅ နှစ်ကျော်အရွယ်မှာ ကလေးမွေးတဲ့ အမျိုးသမီးတွေက အရိုးပွရောဂါ ဖြစ်နိုင်ခြေနှစ်ဆ ပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့် အသက်ကြီးမှ ကလေးမွေးရင် အရိုးကျန်းမာရေးကို အထူးဂရုစိုက်သင့်တာပါ။
(၄) လမစေ့ကလေးမွေးနိုင်ခြေ များပါတယ်
အသက်ကြီးချိန်ကျမှ ကလေးမွေးတာက လမစေ့ဘဲ ကလေးမွေးနိုင်ခြေများသလို ပေါင်မပြည့်တဲ့ ကလေးမွေးနိုင်ခြေလည်း ရှိပါတယ်။
(၅) ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အင်ဆူလင်မလုံလောက်တာကြောင့် ဆီးချိုဖြစ်တတ်ပါတယ်။ အသက် ၄၀ ကျော်ချိန်မှာ ကိုယ်ဝန်ဆောင်ရင် ဆီးချိုဖြစ်နိုင်ခြေ ၇၄ ရာခိုင်နှုန်း မြင့်တက်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိပြီဆိုတာနဲ့ စောစောဗိုက်အပ်ပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။