Healthy Life Ad
Life Style

အိမ်ထောင်ရေးမှာလင်ရောမယားပါ ကျန်းမာသာယာစေဖို့ဆိုရင်…

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)
လက်ထပ်ထိမ်းမြားတဲ့နေ့တွေမှာ ချစ်သူစုံတွဲအများစုက သာယာကြည်နူးဖွယ်ရာကောင်းတဲ့ အနာဂတ်ကိုပဲ စိတ်ကူးယဉ်ခဲ့ကြပါလိမ့်မယ်။ အိမ်ထောင်ဖက်က မျက်နှာသုတ်ပဝါကို တွေ့ကရာ နေရာမှာ လွှားခဲ့တာ၊ သွားတိုက်ဆေးဘူးကိုသုံးပြီး အဖုံးမပိတ်ဘဲ ဖွင့်ရက်ထားခဲ့တာ၊ မီတာခွန်/ရေခွန်ဆောင်ရမယ့် စာရွက်တွေကို ဘယ်နေရာမှာ ထားမိမှန်း မသိတာစတဲ့အချက်တွေကို ယောင်လို့တောင် စဉ်းစားမိမှာမဟုတ်ပါဘူး။ တကယ်တော့ အိမ်ထောင်ရေးတိုင်းမှာ ပဋိပက္ခဆိုတာကတော့ရှိစမြဲပါ။ သာမန်ပဋိပက္ခတွေအပြင် တစ်နေ့လုံးအလုပ်လုပ်ရတာ၊ ကလေးတွေကို ပြုစုစောင့်ရှောက်ရတာ၊ စီးပွားရေးအခြေအနေတွေကို စီမံခန့်ခွဲရတာနဲ့ လူမှုရေးအလုပ်တွေကို လုပ်ကိုင်ရတာတွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးကို ပျော်ရွှင်ကျန်းမာစွာဖြတ်သန်းနိုင်ပြီး အောင်မြင်မှုရရှိစေဖို့ အောက်ပါနည်းလမ်း တွေကို လိုက်နာသင့်ပါတယ်။

နားထောင်ပါ
အိမ်ထောင်သည်စုံတွဲအများစု ရင်ဖွင့်လေ့ရှိတဲ့အကြောင်းရင်း တစ်ရပ်က သူတို့ရဲ့အိမ်ထောင်ဖက်တွေက သူတို့စကားကို နားထောင်လေ့မရှိကြတာပဲ ဖြစ်ပါတယ်။ သင့်အိမ်ထောင်ဖက်ပြောတဲ့စကားတွေကို အချိန်ပေးနားထောင်ပါ။ သူ့စကားတွေကတစ်ဆင့် သူ့ခံစားချက်အကြောင်းသိနားလည်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုနိုင်ပါလိမ့်မယ်။

စကားစမြည်ပြောပါ
သင်ရဲ့ခံစားချက်ကို သင့်အိမ်ထောင်ဖက်သိနားလည်နိုင်မယ့် အရှင်းလင်းဆုံး နည်းလမ်းက စကားစမြည်ပြောတာပဲ ဖြစ်ပါတယ်။ သင့်မှာ ပြဿနာတစ် ခု ဒါမှမဟုတ် မကျေနပ်တာတစ်ခုရှိနေရင် အပြစ်တင်မယ့်အစား ညင်ညင်သာသာပြောပါ။ ဆိုလိုတာက “မင်းအဲဒီလို မလုပ်သင့်ဘူး”ဆိုတဲ့ စကား မျိုးအစား “မင်းအဲလို လုပ်လိုက်တဲ့အတွက် ကိုယ်အရမ်းစိတ်မကောင်းဖြစ်ရတယ်”လို့ ပြောပေးသင့်ပါတယ်။ ဘယ်လိုပြဿနာမျိုးပဲကြုံကြုံ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။

တစ်ခါတစ်ရံ ထိန်းသိမ်းပါ
အပျော်ရွှင်ဆုံးအိမ်ထောင်သည်တွေဟာ သူတို့ ထင်တဲ့အရာရာတိုင်းကို အမြဲပြောနေတာမျိုး မဟုတ်ပါဘူး။ သူတို့က ပြစ်တင်ဝေဖန်တဲ့ အပြောအဆိုမျိုးကို ရှောင်ကြဉ်လေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ့်ဘဝအဖော်အလေးထားတဲ့ အရာနဲ့ပတ်သက်လာရင်ပေါ့။ စိတ်ထဲမှာပဲထားပြီး မေ့ဖျောက်ပစ်တတ်ပါတယ်။

အားလပ်ချိန်ကို အတူဖြုန်းပါ
ဇနီးမောင်နှံအတူဆုံတွေ့ဖို့ ချိန်းဆိုတဲ့အခါမှာ ထုံးတမ်းစဉ်လာတွေ မလိုပါဘူး။ သင်တို့မှာ ကလေးတွေရှိရင် ကလေးထိန်းဆီမှာ အပ်ထားတာမျိုး၊ တခြားဆွေမျိုးဆီမှာ အပ်ခဲ့တာမျိုးလုပ်ပြီး အတူအချိန်ပေးပါ။ ချစ်သူဘဝက သွားလာခဲ့ဖူးတဲ့ နေရာကို သွားလာတာမျိုးဟာ စိတ်ကြည်နူးမှုကို ဖြစ်ပေါ်စေပါတယ်။

ညှိနှိုင်းပါ
အိမ်ထောင်ရေးမှာ အကြိုက်မတူတာတစ်ခုခုရှိလာပြီဆိုရင် အတူတကွအဖြေရှာပါ။ သင့်အိမ်ထောင်ဖက်က အက်ရှင်ဇာတ်လမ်းတွေကို ကြိုက်ပြီး သင်က မကြိုက်ဘူးဆိုရင် သင်တို့နှစ်ယောက်စလုံးကြိုက်တဲ့ ဇာတ်လမ်းကို ရွေးချယ်ပါ။ ဒါမှမဟုတ် သူ့အကြိုက်ကို ဒီတစ်ကြိမ် လိုက်လျောပြီး နောက်တစ်ကြိမ်မှာ သင် ကြိုက်တာကို လုပ်မယ်ဆိုတာမျိုး ညှိပါ။ သင်တို့အတူ တွေ့ဆုံချိန် နှစ်နာရီပဲရှိတယ်ဆိုရင်တောင် တန်ဖိုး ရှိနေပါစေ။ ငြင်းခုန်စကားများတာ၊ ရန်ဖြစ်တာ၊ ကြည့်မရတာတွေနဲ့ အချိန်မကုန်ပါစေနဲ့။

အကောင်းဘက်က ကြည့်ပါ
သင့်အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီး သင်သဘောကျတဲ့အချက် တွေကိုပြောပြတာက သင်တို့အိမ်ထောင်ရေးအတွက် ပိုမိုပျော်ရွှင်ကြည်နူးဖွယ်ကောင်းစေပါတယ်။ ကောင်းတဲ့အချက်ကို ငါးချက် ပြောပြီးမှ မကောင်းတဲ့အချက်တစ်ချက်ကိုပြောပါ။ သင့်အိမ်ထောင်ဖက်အပေါ် အလေးထားမှန်း သိသာစေတဲ့ သူကိုယ်တိုင်တောင် သတိမထားမိတဲ့ ကောင်းကွက်လေးတွေကို ပြောပြပါ။

ကောင်းသော အမှတ်တရများ လုပ်ဆောင်ပါ
သင့်အိမ်ထောင်ဖက်ရဲ့ ကားထဲမှာ ဒါမှမဟုတ် အဝတ်ဗီရိုထဲမှာ ချစ်မြတ်နိုးကြောင်းရေးထားတဲ့ မှတ်စုတိုကို တိတ်တိတ်လေး ထည့်ထားပါ။ တစ်ခါတစ်ရံ ညစာကို အထူးတလည်ပြင်ဆင်ပြီး အတူစားသောက်ပါ။ သင့်အိမ်ထောင်ဖက်ကို တန်ဖိုးထားကြောင်း သိစေမယ့် အမှတ်တရလေးတွေကို လုပ်ဆောင်ပါ။

စောစော အကူအညီတောင်းပါ
အိမ်ထောင်ရေးတစ်ဝက်လောက်က အိမ်ထောင်သက်တမ်း ၇နှစ်အတွင်း အဆင်မပြေကတောက်ကဆတ် အဖြစ်များတတ်ပါတယ်။ အဲဒီအချိန်မှာ ကွဲကွာသွားကြတဲ့ စုံတွဲတွေလည်း အများကြီးပါ။ အိမ်ထောင်ရေး အောင်မြင်ပျော်ရွှင်ခိုင်မြဲဖို့ဆိုတာ မလွယ်ပါဘူး။ လူအများစုဟာ သူတို့ရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းပေးမယ့် ကြားလူလိုအပ်နေတတ်ပါတယ်။ ဒါကြောင့် ပြဿနာကိုမျိုသိပ်ပြီး ကြီးထွားလာအောင် မထားသင့်ပါ။ ဒါမှသာ အဆင်ပြေပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာ ကျန်းမာစွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top