၊ ကိုထက် ၊
ရေးလူဝစ်ဟာ အချိန်တိုင်း အရက်နာကျနေသူ၊ အရက်မူးနေသူပုံစံဖြစ်နေလေ့ရှိပါတယ်။ သူ့ရဲ့ပြဿနာကတော့ ရှားမှရှားလှတဲ့ အစာအိမ်က အစားအသောက်တွေကို အရက်အဖြစ်ပြောင်းလဲပေးနေတာဖြစ်ပါတယ်။ သူ့ကို လူတွေက ဘီယာစည်လူသားလို့ ခေါ်နေကြပါတယ်။
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ရေးလူဝစ်ဟာ autobrewery syndrome (ABS) လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း ကစီဓာတ်တွေကို အရက်အဖြစ် ပြောင်းလဲပေးနေတဲ့ ရောဂါလက္ခဏာတစ်မျိုး ခံစားနေရတာဖြစ်ပါတယ်။ သူဟာ သကြားတွေနဲ့ ကစီဓာတ်ပါတဲ့ အစားအသောက်တွေကိုဆိုရင် သတိထားပြီးရှောင်နေရပါတယ်။ အသားတွေဆိုရင် သတိလွတ်ပြီး များများစားမိပါက အကြောတွေသေသွားနိုင်တဲ့အထိ ဆိုးဆိုးရွားရွားဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။
ဒီရောဂါသိပ်မဆိုးဝါးသေးဘဲ သတိမထားမိခဲ့စဉ်က သူဟာ အစာစားပြီး ကုန်တင်ယဉ်မောင်းရာမှာ မတော်တဆဖြစ်ခဲ့ပြီး အရက်သေစာသောက်စားပြီး မောင်းခဲ့တယ်လို့ ထင်ကြတဲ့အတွက် အလုပ်ပြုတ်ခဲ့ပါတယ်။ မိန်းမဖြစ်သူကလည်း သူ့ယောကျာ်း နေ့တိုင်းအရက်သောက်လာတယ်ထင်ပြီး ငွေလည်းမပေး၊ ဘဏ်အကောင့်လည်းပိတ်ထားပြီး အရက်မဝယ်နိုင်အောင် အမျိုးမျိုးလိုက်ပိတ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ရေးလူးဝစ်ဟာ အရက်နံ့ထွက်မြဲဖြစ်ပြီး အရက်နာကျတဲ့ပုံစံပဲ အမြဲလိုလိုဖြစ်နေခဲ့ပါတယ်။ ၂၀၁၅ စက်တင်ဘာလမှာ ဆေးစစ်ရာမှ ဒီဝေဒနာဖြစ်နေမှန်း သိခဲ့ရတာဖြစ်ပါတယ်။ ရေးဟာ တစ်နေ့ကို အရက်ပမာဏတိုင်းစက်ဖြင့် ၁၀ ကြိမ်နဲ့အထက်တိုင်းခဲ့ရပါတယ်။ ဒီလိုတိုင်းတာပြီး ဘယ်အစာက ဘယ်လောက်ပမာဏ အရက်တွေ ဖြစ်နေတယ်ဆိုတာကို မှတ်သားခဲ့ရပါတယ်။ အသားဓာတ်၊ အသီးအရွက်တချို့နဲ့ အစေ့အဆန်တွေကို အနည်းငယ်သာစားလို့ရပြီး ချောကလက်၊ အာလူးချောင်းကြော်နဲ့ တခြားသကြားနဲ့ ကစီဓာတ်တွေပါတဲ့ ချိုချဉ်၊ အကြော်အလှော်စတာတွေကို လုံးဝ စားလို့မရပါဘူး။
အခုဆို တစ်ယောက်ထဲ အပြင်တွေသွားလာဖို့ မိန်းမကခွင့်မပြုသလို သွားခဲ့ရင်လည်း ခြေရာခံစက်ကို ထည့်ပေးလိုက်ရပါတယ်။ အပေါင်းအသင်းတွေကြားထဲမှာ အလိုအလျောက် အရက်ပြောင်းသွားလို့ မူးနေတာပါလို့ပြောရင် အားပါးတရယ်ကြတယ်လို့ ရေးကပြန်ပြောပြပါတယ်။ ဒီဝေဒနာကြောင့် အရက်မူးနေသူတွေဖြစ်လေ့ရှိတဲ့ အရက်နာကျတာ၊ မူးဝေတာ၊ မတော်တဆမှုတွေ ဖြစ်တတ်တာအပြင် အရက်အလွန်အကျွံသောက်သူတွေဖြစ်တတ်တဲ့ နှလုံးရောဂါနဲ့ အသည်းရောဂါတွေပါ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
“သူနဲ့ကျွန်မ ၂၀ဝ၆ မှာတွေ့ခဲ့ကြပြီး ၂၀၁၃ မှာ သူ ဒီဝေဒနာတွေစဖြစ်လာတာပါ၊ အတူတူထိုင်၊ အတူတူစား၊ အတူတူသွားနေရင်း သူက အရက်သမားလိုဖြစ်လာတာ၊ ဘာတွေဖြစ်နေမှန်းတောင် မပြောပြတတ်တော့ပါဘူး” လို့ ရေးရဲ့မိန်းမက ပြောခဲ့ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)