Healthy Life Ad
Health Tips

အရက်က အသည်းကို ဘယ်လိုထိခိုက်စေသလဲ…

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဒီခေါင်းစဉ်တွေ့လိုက်တာနဲ့ အရက်သောက်တတ်သူတွေက မဖတ်ဘဲ ကျော်ချင်ကျော်သွားနိုင်ပါတယ်။ ဟုတ်ပါတယ် . . အရက်က အသည်းကို ထိခိုက်စေတာအမှန်ပါ။ ဒါကြောင့် အရက်ကို မသောက်ဘဲနေတာ အကောင်းဆုံးပေါ့ . . ဒါပေမဲ့ အရက်ကို မသောက်ရမနေနိုင်ဘူးဆိုရင် အသည်းထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုသောက်သုံးသင့်တယ်ဆိုတာကိုပါ အကြံကောင်းပေးမှာဖြစ်လို့ ဖတ်စေချင်ပါတယ်။

အရက်ကြောင့် အသည်းထိခိုက်ခြင်း

အရက်ကို အလွန်အမင်းသောက်သုံးလေလေ အသည်းထိခိုက်လေလေပါ။ အရက်သောက်တာကြောင့် အသည်းမှာ ခဏတာနဲ့ နာတာရှည်ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ အရက်ကို အလွန်အမင်း သောက်သုံးသူတွေမှာ-

(၁) အသည်းအဆီဖုံးခြင်း၊

(၂) အရက်ကြောင့် အသည်းရောင်ရမ်းခြင်းနဲ့

(၃) အသည်းခြောက်ခြင်းဆိုပြီး အဓိကသုံးမျိုးဖြစ်တတ်ပါတယ်။
အရက်သောက်သုံးသူများတွင် အတွေ့ရများသော လက္ခဏာများ

နံပါတ်တစ်ဖြစ်တဲ့ အရက်ကြောင့် အသည်းအဆီဖုံးပြီဆိုရင် အသည်းမှာ အဆီလုံးတွေဖြစ်ရာက ကြာလာရင် အသည်းရောင်လာတတ်ပါတယ်။ အသည်းအရွယ်အစားကြီးလာရင် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာမှာ နာတာ၊ တင်းတာတွေ ခံစားရတတ်ပါတယ်။ တချို ့တွေမှာ ပျို ့ချင်သလိုလို၊ အန်ချင်သလိုလို ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျတာ၊ ဆီးဝါတာတွေ ဖြစ်တတ်ပါတယ်။ နောက်မကျခင်မှာ အရက်ဖြတ်လိုက်ရင် အသည်းအဆီဖုံးတာ ပြန်ကောင်းနိုင်ပါတယ်။

နံပါတ်နှစ်ဖြစ်တဲ့ အရက်ကြောင့် အသည်းရောင်တဲ့အခါ အရက်အလွန်အမင်း သောက်သူတွေမှာ မကြာခဏတွေ့ရတတ်ပြီး အဖြစ်များတာကတော့ ညာဘက်ရင်ဘတ်အောင့်တာပါ။ ပြင်းထန်တဲ့အဆင့်မှာ ရေဖျဉ်းစွဲတာ၊ မျက်လုံးဝါတာတို့ ဖြစ်တတ်ပါတယ်။ နံပါတ်သုံးဖြစ်တဲ့ အရက်ကြောင့် အသည်းခြောက်ခြင်းက လက္ခဏာမပြဘဲ ဖြစ်နေတတ်ပါတယ်။ ရောဂါရင့်မှ ဆေးခန်းပြလို့ သိတာမျိုးအဆင့်ဆိုရင် နောက်ကျနေနိုင်ပါတယ်။ အရက်အလွန်အမင်းသောက်သူက အစားအသောက်ပျက်တယ်၊ အားယုတ်တယ်၊ ပိန်လှီတယ် စတာတွေဖြစ်ရင် သတိသာထားပါတော့။

နောက်ထပ်ပြောပြစရာ တစ်ခုကတော့ အရက်အလွန်အကျွံသောက်သူတွေဟာ အသည်းကင်ဆာ ဖြစ်တတ်တာပါပဲ။ ဒါကအသည်းခြောက်ရာက ဆက်စပ်ဖြစ်ပေါ်တတ်ပါတယ်။

အရက်ကြောင့် အသည်းမထိခိုက်စေဖို့ ဘာတွေလိုက်နာသင့်သလဲ . . .

အရက်မသောက်တာကတော့ အကောင်းဆုံးဆိုတဲ့အဖြေက လူတိုင်းသိပြီးသားမို့ အရက်ကြောင့် အသည်းမထိခိုက်အောင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုတာကိုပဲ အကြံပြုပေးပါရစေ။

(၁) အရက်သောက်တတ်သူတွေက တစ်ပတ်မှာ သုံးရက်ထက်ပိုပြီး အရက်မသောက်သင့်ပါဘူး။ အမျိုးသားဆိုရင် တစ်ခါသောက်ရင် ၂ ပက်-၃ ပက်ထက် မပိုသင့်၊ အမျိုးသမီးဆိုရင် တစ်ခါသောက်ရင် ၁ ပက်-၂ ပက်ထက် မပိုသင့်ပါ။

(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားပေးပါ။ အရက်သောက်တဲ့နေ့ ဘာမှမစားဘူးဆိုတာမျိုး လုံးဝမလုပ်ပါနဲ့။ အဆီအအိမ့်တွေ ဆင်ခြင်ပါ။

(၃) နေ့စဉ်ရက်ဆက် အရက်သောက်တာမျိုး မလုပ်သင့်ပါ။

(၄) အရက်သောက်တာမဟုတ်ဘူး၊ ဘီယာ၊ ဝိုင်သောက်တာဆိုပြီး အလွန်အကျွံမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောပါတဲ့အတွက် ပမာဏများရင် အသည်းကို သက်ရောက်မှုရှိလို့ပါ။

(၅) အသည်းအားဆေးကို မှန်မှန်သောက်ပေးပါ။ အိပ်ရေးဝ၀ အိပ်စက်အနားယူပေးပါ။

Most Popular

Healthy Life Ad
To Top