Healthy Life Ad
Health Tips

ရင်သားနာကျင်ခြင်း ဖြစ်ရသည့် အကြောင်းရင်းများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးတစ်ဝက်ကျော်ဟာ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို ရင်သားနာကျင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ ရင်သားနာကျင်မှု အများစုကလည်း အန္တရာယ်မရှိသလို သူ့အလိုလို သက်သာသွားနိုင်ပါတယ်။ ဒါပေမဲ့ ရင်သားနာပြီဆိုရင် အမျိုးသမီး အတော်များများက ရင်သားကင်ဆာဖြစ်လေမလားလို့ စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ ဒါကြောင့် ရင်သားနာကျင်မှု ဖြစ်တတ်တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။

ရာသီအကြိုဝေဒနာ ခံစားရခြင်း

လစဉ်ရာသီစက်ဝန်းကာလအတွင်း အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေကြောင့် ရာသီမလာခင် ရက်အနည်းငယ်အတွင်းမှာ အမျိုးသမီးအများစုက ရင်သားနာကျင်တတ်ကြပါတယ်။ ဒါပေမဲ့ ရာသီလာတဲ့ကာလ ပြီးဆုံးသွားပြီဆိုတာနဲ့ ရင်သားနာတာက အလိုလိုသက်သာသွားတတ်ပါတယ်။ ရာသီမလာခင် ရင်သားနာတာ၊ တင်းတာစတဲ့ ဝေဒနာတွေကို ရာသီအကြိုဝေဒနာလို့ ခေါ်ပါတယ်။ တချို့အမျိုးသမီးတွေက လစဉ်လတိုင်း ရင်သားနာတာကို ခံစားနေရပေမယ့် တချို့အမျိုးသမီးတွေကတော့ လုံးဝမဖြစ်တတ်ပါဘူး။

အပျိုဖော်ဝင်ခြင်း

အပျိုဖော်ဝင်ချိန်အတွင်း ရင်သားတစ်သျှူးတွေက ဖွံ့ဖြိုးနေပြီး ခန္ဓာကိုယ်အတွင်းက ဟော်မုန်းတွေကလည်း အတက်အကျဖြစ်နှုန်း များနေတတ်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ရင်သားနာကျင်နေတတ်ပြီး ရင်သားတစ်သျှူးတွေ လုံးဝဖွံ့ဖြိုးပြီးတဲ့အဆင့်အထိ နာနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

ရင်သားနာတာနဲ့ ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ချက်က ကိုယ်ဝန်ဆောင်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားအနည်းငယ် နာတာနဲ့အတူ သွေးစဆင်းတာ၊ ဗိုက်အနည်းငယ်အောင့်တာတွေတောင် ဖြစ်တတ်ပါတယ်။ အမျိုးသမီး၂၀-၃၀ ရာခိုင်နှုန်းခန့်က ကိုယ်ဝန်ဆောင်ရချိန်မှာ ဒီလိုလက္ခဏာတွေ စပြတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာကျင်တာက ကိုယ်ဝန်ပထမ သုံးလပတ်အတွင်းမှာပဲ သက်သာသွားတတ်ပါတယ်။ ရင်သားတင်းတာနဲ့ တခြားအပြောင်းအလဲတွေ ဖြစ်တာက ခန္ဓာကိုယ်က မိခင်နို့ချိုတိုက်ကျွေးဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်တတ်ပါတယ်။

ရင်သားအကျိတ်

ရင်သားအကျိတ်က အမျိုးသမီး ၅၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး ကင်ဆာမဟုတ်တဲ့ အဖုအကျိတ် ဖြစ်ပါတယ်။ ရင်သားတစ်သျှူးတွေထဲမှာ ဖြစ်တဲ့ အရည်ကြည်အိတ်ဖြစ်ပြီး တောင့်တင်းနာကျင်တာနဲ့ မသက်မသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတစ်ဦးက သွေးဆုံးချိန်ရောက်တဲ့အခါ ရင်သားအကျိတ်ဖြစ်တာက သက်သာသွားလေ့ ရှိပါတယ်။

စိတ်ဖိစီးမှုနှင့် ပူပင်သောကများခြင်း

ရင်သားနာကျင်ရတာရဲ့ နောက်အကြောင်းရင်းတစ်ခုက စိတ်ဖိစီးမှုများတာနဲ့ စိတ်ဓာတ်ကျတာကြောင့်ပါ။ အမျိုးသမီးတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ဟော်မုန်းအပြောင်းအလဲတွေဖြစ်ကာ ရင်သားနာတာ၊ ရင်သားတင်းတာစတဲ့ မသက်မသာဝေဒနာတွေ ခံစားရတတ်ပါတယ်။

နံရိုးများ ရောင်ရမ်းခြင်း

ဒီအခြေအနေဖြစ်ရင်လည်း ရင်သားတင်းမာတာနဲ့အတူ ရင်သားအနည်းငယ် မသက်မသာဖြစ်တာနဲ့ ပူစပ်ပူလောင်ဖြစ်တာတို့ ခံစားရတတ်ပါတယ်။ ဒါက ကိုယ်နေဟန်ထား မမှန်တာကြောင့် ဖြစ်တတ်သလို သဘာဝရဲ့ အိုမင်းတဲ့ဖြစ်စဉ်နဲ့လည်း ဆက်စပ်နေပါတယ်။ နံရိုးရောင်ရမ်းနာကျင်တဲ့ ဝေဒနာက ရင်သားနေရာကနေ စတင်ဖြစ်ပေါ်လာတတ်ပြီး ရင်ညွှန့်ရိုးနဲ့ ကျောရိုးတွေအထိ ပျံ့နှံ့ခံစားရတတ်ပါတယ်။

သွေးဆုံးအကြိုကာလ ရောက်ခြင်း

သွေးဆုံးချိန်ကို ချဉ်းနင်းဝင်ရောက်လာတဲ့အခါ ချွေးစေးတွေထွက်တာ၊ စိတ်လှုပ်ရှားတာ၊ ညဘက်ချွေးထွက်များတာ၊ မိန်းမကိုယ်ခြောက်သွေ့တာ၊ ကိုယ်အလေးချိန်မြင့်တက်တာ၊ ဆံပင်ကျဲပါးတာ စတဲ့ လက္ခဏာတွေနဲ့အတူ ရင်သားတောင့်တင်းနာကျင်တဲ့ ဝေဒနာဖြစ်တတ်ပါတယ်။

သန္ဓေတား သောက်ဆေးများ

သန္ဓေတားဆေးသောက်တဲ့အခါ အီစထရိုဂျင် ဟော်မုန်းအဆင့် မြင့်တက်တာကြောင့် ရင်သားတောင့်တင်းတာနဲ့ မသက်မသာဝေဒနာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတိုင်း မဖြစ်တတ်ပေမယ့် တချို့အမျိုးသမီးတွေမှာ ခံစားရတတ်ပါတယ်။

ကဖင်းဓာတ်

ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် ချောကလက် စတာတွေကို မှီဝဲတာကြောင့် တချို့အမျိုးသမီးတွေမှာ ကဖင်းဓာတ်လွန်ကဲပြီး ရင်သားတောင့်တင်းတဲ့ ဝေဒနာ ဖြစ်တတ်ပါတယ်။ ကဖင်းဓာတ်က သွေးကြောတွေကို ကျယ်စေပြီး ရင်သားတစ်သျှူးနဲ့ တည်ဆောက်ပုံကို ဆွဲဆန့်စေကာ ရင်သားနာကျင်တာ၊ တောင့်တင်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။

အချို့ဆေးဝါးများ

အကိုက်အခဲပျောက်ဆေး၊ ရောင်ရမ်းမှုလျော့ကျစေတဲ့ဆေး၊ စိတ်ကျကုသဆေးနဲ့ ကိုလက်စထရောကျစေတဲ့ ဆေးတွေလို တချို့ဆေးတွေက ရင်သားတင်းမာတာ၊ နာကျင်တာနဲ့ တောင့်တင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

မသင့်တော်သော ဘရာစီယာ

အမျိုးသမီးတစ်ယောက်က ကိုယ်နဲ့မသင့်တော်တဲ့ ဘရာစီယာကို ဝတ်ဆင်ထားရင် ရင်သားတောင့်တင်းတာ၊ နာကျင်တာနဲ့ ကိုက်ခဲတာတို့ကို ခံစားရတတ်ပါတယ်။

Tip!

ရင်သားနာကျင်မှု သက်သာစေရန်

• ကိုယ်နဲ့အံဝင်ခွင်ကျရှိတဲ့ ချည်သားဘရာစီယာကို ဝတ်ဆင်ပါ။

• သောက်နေတဲ့ဆေးတွေကြောင့် ရင်သားတောင့်တင်းနာကျင်မှုဖြစ်ရင် တခြားဆေးကိုပြောင်းဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

• ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ပြီး နေ့စဉ်လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့အညီ စားသောက်တာ၊ ကိုယ်ဟန်အနေအထား မှန်မှန်နေတာတို့ကို လိုက်နာပါ။

• တကယ်လို့ သင်ခံစားနေရတဲ့ ရင်သားနာကျင်ကိုက်ခဲမှုက သည်းမခံနိုင်လောက်အောင် ခံစားရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top