Healthy Life Ad
Q & A

အဝလွန်တာက မြန်မာနိုင်ငံမှာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာလား

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. အဝလွန်တာက မြန်မာနိုင်ငံမှာ အန္တရာယ်ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခုလို့ ဆိုနိုင်ပါသလား ဆရာ။

A. ဝတဲ့သူနဲ့ ပိန်တဲ့သူတွေကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ ဝတဲ့သူတွေက ရောဂါဖြစ်နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဝရင် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဒူးနာတာ၊ လေဖြတ်တာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသဖြင့် တစ်ကိုယ်လုံးမှာ ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဝနေတဲ့သူတွေဟာ လက်ရှိကိုယ်အလေးချိန်ရဲ့ သုံးရာခိုင်နှုန်းကို လျှော့ချနိုင်ရင်တောင် နှလုံးရောဂါ၊ ဒူးနာတာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတာတွေရဲ့ ဖြစ်နိုင်ခြေက သိသိသာသာလျော့ကျသွားတတ်ပါတယ်။

Q. အဝလွန်တယ်ဆိုတာကို ဘယ်လို သတ်မှတ်ကြပါသလဲ ဆရာ။

A. ဝတယ်ဆိုတာ ယေဘုယျအားဖြင့် ပြောရရင်တော့ အဆီစုလာတာပဲဖြစ်ပါတယ်။ ဝသလား၊ မဝဘူးလားဆိုတာ သိစေဖို့ ခန္ဓာကိုယ်သိပ်သည်းဆ (BMI) နဲ့ တိုင်းတာလေ့ ရှိပါတယ်။ အနောက်နိုင်ငံတွေမှာတော့ BMI ရလဒ်က ၁၈ ဒသမ ၅ နဲ့ ၂၅ ကြားဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ သတ်မှတ်ပြီး ၁၈ ဒသမ ၅ ထက် နည်းရင် အာဟာရချို့တဲ့ပြီး ပိန်တယ်လို့ သတ်မှတ်ပါတယ်။ BMI က ၂၅ နဲ့ ၃၀ ကြားမှာဆိုရင် အဝ လွန်တဲ့အဆင့်တစ် (Obesity1)လို့ သတ်မှတ်ပြီး ၃၀နဲ့ ၃၅ ကြားဆိုရင် အဝလွန်တဲ့ အဆင့်နှစ်၊ ၄၀ ကျော်ရင် အလွန်အမင်းဝတယ်လို့ သတ်မှတ်ပါတယ်။ အာဆီယံနိုင်ငံတွေကတော့ BMI ရမှတ်ကို ၂၃ နဲ့ သတ်မှတ်ပါတယ်။ ၁၈ ဒသမ ၅နဲ့ ၂၃ ကြားဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ၂၃ ကျော်ရင် ကိုယ်အလေးချိန်များတယ်၊ ၂၇ကျော်ရင် အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။

Q. အဝလွန်ရောဂါအတွက် BMI တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ ရပါသလား ဆရာ။

A. ဆုံးဖြတ်လို့ မရပါဘူး။ BMI က ၁၀ဝ ရာခိုင်နှုန်း မမှန်ပါဘူး။ ဒါကြောင့် အခုအခါ ခါးကိုပါ တိုင်းတာလာကြပါတယ်။ ခါးအတိုင်းအတာက အာဆီယံနိုင်ငံက အမျိုးသားတွေမှာ ၃၆ လက်မ၊ အမျိုးသမီးတွေမှာ ၃၂ လက်မထက် မကျော်ရပါဘူး။ နိုင်ငံတကာမှာတော့ အမျိုးသားဆိုရင် ၄၀ လက်မနဲ့ အမျိုးသမီးဆိုရင် ၃၅ လက်မ မကျော်ရပါဘူး။ တကယ်လို့ BMI ကလည်းများပြီး ခါးလည်းတုတ်တယ်ဆိုရင် ကျန်းမာရေးအတွက် ပိုအန္တရာယ်များပါတယ်။ တစ်ကိုယ်လုံးဝတာထက် ဗိုက်ရွှဲတာက ပိုစိုးရိမ်ရပါတယ်။

Q. အဝလွန်ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. အဝလွန်ရောဂါ ဖြစ်စေတဲ့ မျိုးရိုးဗီဇကိုတော့ ကာကွယ်လို့မရပေမယ့် ပတ်ဝန်းကျင် အခြေအနေကိုတော့ ပြောင်းလဲပေးရပါမယ်။ အချိုများတဲ့အစာနဲ့ အဆီအအိမ့်စာတွေကို ရှောင်သင့်ပါတယ်။ အခုနောက်ပိုင်း တွေ့လာတာက မွေးတဲ့အခါ ပေါင်မပြည့်တဲ့ ကလေးတွေက ကြီးလာရင် ဝနိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ မိခင်နို့ချိုမတိုက်တဲ့ ကလေးတွေကလည်း ကြီးလာတဲ့အခါ ပိုဝတာကို တွေ့ရပါတယ်။ ပြီးတော့ ကလေးတွေက တီဗီကို အချိန်ကြာကြာကြည့်တာ၊ သရေစာစားတာတွေကြောင့် ပိုဝလာတာကိုလည်း တွေ့ရပါတယ်။

Q. အခုခေတ်မှာ ဘာကြောင့် ပိုပြီးအဝလွန်လာရတာပါလဲ ဆရာ။

A. Thifty သီအိုရီအရ ကျောက်ခေတ်မှာ လူတွေက ထမင်းဝ၀ မစားခဲ့ရပါဘူး။ အမဲရမှ စားရတယ်၊ အမဲမရရင် မစားရပါဘူး။ အမဲရပြီဆိုရင်တော့ အမဲရတဲ့နေ့မှာ များများစားကြတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အဆီအနေနဲ့ သိုလှောင်ထားတတ်တယ်။ အစာမစားတဲ့နေ့တွေမှာ သိုလှောင်ထားတဲ့ အဆီကနေ ပြန်ယူတယ်။ စွမ်းအင်က (၁) ကာဗိုဟိုက်ဒရိတ်၊ (၂) အဆီနဲ့ (၃) ပရိုတင်းဆီကနေ ရယူတယ်။ အဲဒီ မျိုးဗီဇက တောက်လျှောက် ပါလာပါတယ်။ အခုခေတ်မှာ အစာကို နေ့တိုင်းစားတယ်။ တစ်နေ့တာ စားသင့်တဲ့ ပမာဏထက် ပိုစားတဲ့အတွက် ပိုသမျှ အစာတွေက ခန္ဓာကိုယ်ထဲမှာ အဆီဖြစ်သွားတယ်။ အဲဒီတော့ ပိုဝလာပါတယ်။

“ဝနေတဲ့သူတွေဟာ လက်ရှိကိုယ်အလေးချိန်ရဲ့ သုံးရာခိုင်နှုန်းကို လျှော့ချနိုင်ရင်တောင် နှလုံးရောဂါ၊ ဒူးနာတာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတာတွေရဲ့ ဖြစ်နိုင်ခြေက သိသိသာသာ လျော့ကျသွားတတ်ပါတယ်။”

Q. ဝတဲ့သူအများစုက ပတ်ဝန်းကျင်ကြောင့်လို့ ပြောကြပါတယ်။ ဆက်စပ်မှုရှိပါသလား ဆရာ။

A. လူတွေဝရတဲ့ အကြောင်းရင်းနှစ်ရပ်က (၁) ပတ်ဝန်းကျင်နဲ့ (၂) အဝလွန်တဲ့ ဗီဇကြောင့် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာက ဝအောင်ဖန်တီးတဲ့ ဆီကြော်စာတွေ၊ ဥပမာ- ခေါက်ဆွဲကြော်၊ ကြက်ကြော် စတဲ့ အစာတွေ၊ ဆီများများနဲ့ ကြော်ထားတဲ့ ဒံပေါက်၊ အကြော်စုံ စတာတွေကြောင့် ဝဖို့ အခွင့်အလမ်းများစေပါတယ်။ ဒီလိုအခြေအနေမှာ နေ့တိုင်း လှုပ်ရှားမှုမရှိရင် ပိုဝစေနိုင်ပါတယ်။ ကွန်ပျူတာအသုံးများပြီး တီဗီအကြည့်များတာကလည်း ဝစေတဲ့ အချက်ပါပဲ။

Q. အဝမလွန်အောင် ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းထိန်းနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။

A. နေ့စဉ် ကယ်လိုရီအဝင်နဲ့ အထွက် မျှရပါမယ်။ ဒိုးနတ်မုန့်တစ်ခုကို စားလိုက်ရင် ကယ်လိုရီ ၂၅၀ ရသွားပါတယ်။ အဲဒါကို ပြန်ကြေချင်ရင် အချိန်နှစ်နာရီခွဲ ကြမ်းတိုက်ဖို့ လိုပါတယ်။ ဟမ်ဘာဂါ တစ်လုံးစားရင် ရမယ့်ကယ်လိုရီက ၄၅၀ ဖြစ်ပြီး အဲဒီကယ်လိုရီတွေ ပြန်လောင်ကျွမ်းဖို့ဆိုရင် တစ်နာရီအလေးမဖို့ လိုပါတယ်။ ကယ်လိုရီ အဝင်အထွက် မညီမျှတာကြောင့် အဝလွန်နိုင်တဲ့အတွက် အဝင်အထွက်မျှအောင် လုပ်ပေးရင် ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်းပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်စေပြီး လူအများစုမသိတဲ့အရာက အချိုရည်တွေပါ။ အချိုရည်ဘူးကို တစ်နေ့တစ်ဘူး ပုံမှန်သောက်သွားရင် တစ်နှစ်မှာ ကိုယ်အလေးချိန် ၅၇ ပေါင် တက်နိုင်ပါတယ်။

Q. အဝလွန်တာကို ဘယ်လိုကုသနိုင်ပါသလဲ ဆရာ။

A. အဝလွန်တာ လျော့ကျစေဖို့ တစ်သက်လုံး ဆင်ခြင်လိုက်နာရမယ့် အရာဖြစ်ပါတယ်။ တချို့လူတွေက အဝလွန်တာကို ပိန်ချင်လို့ ခြောက်လလောက် ကြိုးစားလိုက်တယ်၊ ပြီးတော့ စိတ်ကို လျှော့လိုက်တဲ့အချိန်မှာ ကိုယ်အလေးချိန်က နှစ်ဆပိုးတိုးလာတယ်။ ပင်ပေါင်ကစားသလို ဖြစ်နေတယ်။ ဝလာရင် ဆေးကုဖို့ စဉ်းစားသင့်ပါတယ်။ ဝတာကို လျှော့ချတဲ့နေရာမှာ သိထားသင့်တဲ့ အချက်က အဆီကျဆေးနဲ့ ပိန်ဆေးဆိုတာ မတူပါဘူး။ အခုနောက်ပိုင်း ဝတာကို ကုသမှုပေးတဲ့အခါမှာ ဟော်မုန်းတွေကို ထိန်းချုပ်တဲ့အပိုင်းတွေ ပါလာပါတယ်။ ဆာလောင်မှုကို ထိန်းချုပ်ပေးတဲ့ လက်ပ်တင်ဟော်မုန်း အလုပ်မလုပ်ရင် ဝလာပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း ဆေးတွေမှာ လက်ပ်တင်ဟော်မုန်းကို ထည့်လာပါတယ်။

Q. ကိုယ်အလေးချိန် ဘယ်လောက်ဆိုရင် အဝလွန်တာကို ကုသသင့်ပြီလဲ ဆရာ။

A. BMI ၃၀ထက်ကျော်ရင် ဆေးပေးပါတယ်။ BMI က ၄၀ ကျော်ရင်တော့ ခွဲစိတ်ကုသမှု ပေးရပါတယ်။ BMI ၂၇ နဲ့ ၃၀ ကြားဆိုပေမယ့် အဝလွန်တာအပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ အစရှိတဲ့ ရောဂါတွေရှိနေရင် ပိန်ဆေးထည့်ပေးလို့ ရပါတယ်။ BMI က ၃၅ ဆိုပေမယ့် အဲဒီလို ရောဂါတွေရှိနေရင် ခွဲစိတ်ကုသမှု ပေးရပါတယ်။

Q. လူတစ်ယောက် ပိန်ဖို့ရာမှာ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

A. လူတစ်ယောက် ကိုယ်အလေးချိန် လျော့ကျစေဖို့ရာအတွက်-

(၁) အစားအသောက်၊

(၂) လေ့ကျင့်ခန်း၊

(၃) အပြုအမူကုထုံး၊

(၄) ဆေးကုသမှုဆိုတဲ့ အချက်လေးချက်ကို လိုက်နာရပါမယ်။

ပိန်ဖို့အတွက် ကာဗိုဟိုက်ဒရိတ် လုံးဝမစားဘဲ လျှော့တဲ့နည်းဆိုတာ ရှိပါတယ်။ တကယ်ထိရောက်ပေမယ့် လိုက်နာနိုင်တဲ့သူ မရှိတဲ့အတွက် မအောင်မြင်ပါဘူး။ အဲဒီတော့ ကာဗိုဟိုက်ဒရိတ်နည်းနည်း၊ အဆီနည်းနည်း အစာ (Low Carbohydrate,Low Fat) ကို စားတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အမျိုးသားဆိုရင် တစ်နေ့ ၁၅၀ဝ ကယ်လိုရီ၊ အမျိုးသမီးဆိုရင် တစ်နေ့ ၁၂၀ဝ ကယ်လိုရီထက် ပိုမစားသင့်ပါဘူး။ မြန်မြန်ပိန်ချင်တယ်ဆိုရင်တော့ တစ်နေ့ ကယ်လိုရီ ၈၀ဝ အောက်ပဲ စားသင့်ပါတယ်။ အရွက်များများ၊ အသားများများ၊ အဆီနဲ့ ထမင်းနည်းနည်း စားရပါမယ်။ မနက်စာကို မစားဘဲမနေပါနဲ့။ မနက်စာမစားတဲ့ သူတွေက တစ်နေ့လုံး ပိုစားဖြစ်တာကို တွေ့ရပါတယ်။ သရေစာတွေကို ရှောင်ရပါမယ်။ သရေစာအနေနဲ့ စားချင်ရင် အရွက်သုပ်၊ အသီးစတာတွေကို စားပေးနိုင်ပါတယ်။ အဆီကို နည်းနည်းစားရင်တော့ ရပါတယ်။ တိရစ္ဆာန်ဆီကို ရှောင်ပြီး အပင်ထွက်ဆီကို စားပေးရပါမယ်။

အစားအသောက်စားတဲ့အခါ စားတဲ့ပမာဏကို လျှော့ရပါမယ်။ ကြေးအိုးပွဲကြီး စားနေကျဆိုရင် ပွဲသေးပြောင်းစားတာ၊ ထမင်းကိုစားနေကျထက် နှစ်လုတ်၊ သုံးလုတ်လျှော့စားတာ၊ အချိုရည်လျှော့သောက်တာတို့ကို လိုက်နာရပါမယ်။ အပြင်စာကို မစားပါနဲ့။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကိုစားပါ။ အဓိကက ဘယ်နှစ်လအတွင်း ဘယ်လောက်ပိန်အောင် လျှော့ချမယ်ဆိုတဲ့ ပန်းတိုင် ချမှတ်ထားရပါမယ်။ တစ်ပတ်တစ်ခါ ကိုယ်အလေးချိန် တိုင်းလိုက်လို့ တစ်ပတ်မှာ ကိုယ်အလေးချိန် တစ်ပေါင်ကျရင် အဆင်ပြေပါတယ်။ ခြောက်လကြာလို့ ၂၄ ပေါင် ကျသွားရင် အောင်မြင်ပါတယ်။

Most Popular

Healthy Life Ad
To Top