Healthy Life Ad
Health Tips

ဆီးချိုသွေးချိုရောဂါရှိသူများနှင့် COVID-19

ပါမောက္ခဦးသိန်းမြင့် (ပါမောက္ခ၊ ဌာနမှူး၊ မကွေးဆေးတက္ကသိုလ်) ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဖြေကြားသည်။

Q. COVID 19 ကိုရိုနာဗိုင်းရပ်စ်ပိုးဝင်တဲ့အခါ ကိုယ်ခံအားနည်းတဲ့သူတွေဆိုရင် စိုးရိမ်ရတယ်ဆိုပြီး ပြောနေကြပါတယ်။ ကိုယ်ခံအားစနစ် နည်းသူတွေထဲမှာ ဆီးချိုရောဂါရှိသူတွေ ပါတယ်လို့ ပြောနေတဲ့အတွက် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကိုယ်ခံအားစနစ်မြင့်တက်အောင် ဘယ်လိုဂရုစိုက် နေထိုင်သင့်ပါသလဲ ဆရာ။

ပြီးခဲ့တဲ့ နှစ်လတာကာလအတွင်း တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်ပြီး ကမ္ဘာတစ်လွှား ပြန်နှံ့လာခဲ့တဲ့ COVID 19နဲ့ ပါတ်သက်ပြီး ဆီးချိုသွေးချိုရောဂါ ရှိသူတွေထဲမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေတယ်ဆိုတာ ဒီနိုင်ငံတစ်ခုတည်းမှာမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာပူပန်မှုတွေ မြင့်တက်နေတာပါ။ ဒါဟာဘာကြောင့်လဲဆိုတော့၊ COVID 19 ကူးစက်ခံရတဲ့ သူတွေထဲမှာမှ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနဲတဲ့သူတွေ၊ မူလကတည်းက အခြားရောဂါများ ရှိနေသူတွေဟာ သေဆုံးမှုနှုံး ပိုများတယ်ဆိုတာ တွေ့ရလို့ဘဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အခြားရောဂါဆိုရာမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်နှင့် နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါရှိသော ဝေဒနာရှင်များ ပါဝင်ပါတယ်။

ဒါကြောင့်မို့လို့ အထက်ပါအုပ်စုဝင်သူများဟာ COVID 19 ကူးစက်ခြင်းမရှိရလေအောင် ပိုပြီးဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။ မတ်လ (၁၁)ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက COVID 19 ကိုကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာလိုက်ပြီး၊ ဒီကပ်ရောဂါဘေးကြီး ကူးစက်ပြန့်ပွါးမှုမှ ကာကွယ်ရန် တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအသီးသီးမှ ကျန်းမာရေးဌာနများအားလုံး မိမိတို့စွမ်းအားရှိသလောက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက ဒီရောဂါဆိုးကြီးကို မပြန့်ပွါးအောင် ကြိုတင်ကာကွယ်ဘို့၊ ဖြစ်လာခဲ့လျင်လည်း ထိန်းချုပ်နိုင်အောင် လက်ရှိလုပ်နေတဲ့ ကူးစက်ရောဂါ ကာကွယ်တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များကို ပိုမိုအရှိန်အဟုန် မြုင့်တင်ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။

ဒီနေရာမှာ ဆီးချိုသွေးချို ဝေဒနာရှင်တွေနဲ့ ပါတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုအသင်းချုပ်ကြီး (International Diabetes Federatioin)၊ အမေရိကန် ဆီးချိုသွေးချို ရောဂါအသင်း (American Diabetes Association) နှင့် အင်္ဂလန်နိုင်ငံမှ ဆီးချိုသွေးချိုအသင်း(Diabetes UK) တို့မှလည်း COVID 19 နှင့် ပါတ်သက်ပြီး ဆီးချိုသွေးချိုဝေဒနာရှင်များ လိုက်နာရန် လမ်းညွှန်များကို ထုတ်ပြန်ပေးလျက်ရှိပါတယ်။

ဒီလမ်းညွှန်ချက်တွေကို အနှစ်ချုပ်ကြည့်ရလျင် –

လက်ရှိအချိန်အထိ COVID 19 အတွက် ကာကွယ်ဆေးရော ကုသရန်ဆေးပါ မပေါ်သေးသည့်အတွက် ရောဂါမကူးစက်အောင် ရှောင်ရှားရန်သည်သာ အဓိကအကျဆုံး ဖြစ်ပါတယ်။

ဆီးချိုသွေးချို ဝေဒနာရှင်တွေအနေနဲ့ ရောဂါမကူးစက်အောင် ရှောင်ရန်ဆောင်ရန်များမှာ အခြားရောဂါမရှိသူများနှင့် အတူတူပင် ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က COVID 19 ကူးစက်ခြင်းမှ ရှောင်ရှာရန် နည်းလမ်း (၇) သွယ်ကို လမ်းညွှန်ဖော်ပြထားပါတယ်။ ၄င်းတို့မှာ

၁။ လက်ကိုမကြာခန စင်ကြယ်အောင်ဆေးပါ

၂။ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတို့ကိုလက်နှင့် ထိကိုင်ခြင်းမှ ရှောင်ကျဉ်ပါ။

၃။ နှာချေ၊ ချောင်းဆိုးလျင် တစ်ခါသုံးတစ်ရှူးစ (သို့မဟုတ်) မိမိ၏တံတောင်ဆစ်ကွေးနှင့် ပါးစပ်၊ နှာခေါင်းတို့ကိုလုံခြုံစွာဖုံးအုပ်ပြီးမှ ဆိုးပါ။ (လက်ဖဝါးနှင့် မအုပ်ရပါ၊ လက်ဖဝါးနှင့်အုပ်လျင် ရောဂါပိုးပါရှိပါက မိမိကိုင်တွယ်မိသမျှ နေရာတိုင်းတွင် ရောဂါပိုးကူးစက် ကျန်ရစ်နိုင်ပါသည်။)

၄။ လူစုလူဝေး၊ လူထူထပ်ရာနေရာများကို မလိုအပ်ဘဲမသွားရန်။

၅။ မိမိကိုယ်တိုင် နေထိုင်မကောင်းဖြစ်လျှင် (အနည်းငယ်ဖျားခြင်း၊ ချောင်းဆိုးခြင်းအပါအဝင်) ပြင်ပသွားလာခြင်းများကို ရှောင်ကျဉ်ပြီး၊ မိမိအိမ်တွင်သာ နေထိုင်ရန်၊

၆။ အကယ်၍ မိမိကိုယ်တိုင်ဖျားနာချောင်းဆိုးပြီး အသက်ရှူမဝ(ခက်ခဲ)လျင် နီးစပ်ရာကျန်းမာရေးဌာနသို့ အကူအညီတောင်းခံပါ။

၇။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ နောက်ဆုံးထုတ်ပြန်သည့် သတင်းအချက်အလက်များကို မျက်ခြေမပြတ်ပါစေနှင့်။ ဟူ၍ ဖြစ်ပါတယ်။

မိမိတို့၏ မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း အထက်ပါ အချက်များအပြင်

ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ရန်၊

ကောင်းစွာအိပ်စက် အနားယူရန်၊

ဟိုတယ်နှင့် အများပြည်သူသုံးနေရာများရှိ ဓာတ်လှေခါးခလုတ်များ၊ စက်လှေခါးလက်ရမ်းများနှင့် တံခါးလက်ကိုင်များကို မလိုအပ်ဘဲကိုင်တွယ်ခြင်း မပြုရန်နှင့် ကိုင်တွယ်ပြီးပါက လက်ကိုစနစ်တကျ ပြန်လည်ဆေးကြောရန်၊ တို့ကို ဖြည့်စွက်ညွှန်ကြားထားပါတယ်။

ဆီးချိုသွေးချို ဝေဒနာရှင်များအနေနှင့် မိမိ၏ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန်

သီးခြားစားသုံးရမည့် အထူးအစားအစာဟူ၍ မရှိပါ။ ကျန်းမာရေးနှင့် လျှော်ညီအောင် အာဟာရပြည့်ဝသည့် အစားအစာများကို ကစီဓာတ်၊ အသားဓာတ်၊ ဟင်းသီးဟင်းရွက်များကို စုံလင်မျှတအောင် စားသုံးရန်လိုအပ်ပါသည်။ ယခုလိုအချိန်မျိုးတွင်ကျမှ ဆရာဝန်ညွှန်ကြားချက်မဟုတ်ဘဲ ခန္ဓာကိုယ်အလေးချိန် လျော့ချရန် အစားအစာ ဖြတ်တောက်ပစ်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ပြည့်ဝစွာ အိပ်စက်အနားယူဘို့လည်း အရေးကြီးပါတယ်။ ရောဂါကူးစက်ခြင်းကို ခံနိုင်ရည်ရှိစေရန် မိမိတို့ဆီးချိုသွေးချို ထိန်းသိမ်းမှု အခြေအနေကိုကောင်းအောင် ကြိုးစားထားကြဘို့ လိုအပ်ပါတယ်။ လက်ရှိတွင် ဆီးချိုထိန်းသိမ်းမှုမကောင်းလျင် ကောင်းအောင် တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်ပြသပြီး ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ဆောင်ပေးနိုင်လျင် ပိုမိုကောင်းမွန်ပါတယ်။

Most Popular

Healthy Life Ad
To Top