Healthy Life Ad
Life Style

ကင်ဆာကုသနည်း SDDR အကြောင်း

ပါမောက္ခဦးဦးကျော် ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ကင်ဆာလူနာတွေကို ဆရာ ကုသမှုပေးနေတဲ့ ကုထုံးအကြောင်း သိပါရစေ။
ဖြေ။ ။SDDR နည်းနဲ့ ကုသမှု ပေးနေတာ ဖြစ်ပါတယ်။ SDDR ဆိုတာ S(Surgery – ခွဲစိတ် ကုသမှု)၊ D(Diet – သက်သတ်လွတ် စားခြင်း)၊ D(Drug- ဆေးဝါး)၊ R (Religion – တရားထိုင်ခြင်း)ပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ကုသမှုပေးနေတဲ့ ကင်ဆာလူနာ ၁၃၇ ယောက်ရှိပါတယ်။ ဒီနည်းနဲ့ကုသမှုပေးခဲ့တာ ၂၀၁၁ ခုနှစ်ကစခဲ့တာပါ။ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ စတဲ့ ကင်ဆာလူနာတွေ ကို ဒီနည်းနဲ့ ကုသမှုပေးခဲ့တာပါ။ ယေဘုယျအားဖြင့် ဒီလူနာတွေ အားလုံးက ဆရာ့ဆီရောက်လာရင် ကင်ဆာအဆင့်က ၄ ရှိနေပါပြီ။ ကင်ဆာဖြစ်နေသူ တွေကို အရင်ဆုံး SDDR ကုထုံးကို လက်ခံကျင့် သုံးလိုခြင်း ရှိ၊မရှိ အချိန်ပေး ဆွေးနွေးပါတယ်။ လူနာက ယုံယုံကြည်ကြည် လက်ခံကျင့်သုံးမှသာ ကျန်းမာသက်ရှည်တဲ့ ကောင်းကျိုးကို ရရှိမှာပါ။

မေး။ ။ ကင်ဆာလူနာတွေကို ဒီကုသမှု ပေးတဲ့အခါ ဘယ်လို အခက်အခဲတွေ တွေ့ရပါသလဲ ဆရာ။
ဖြေ။ ။ လူနာတွေကို ကုသမှု ပေးနေရတဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ရောဂါမဖြစ်ခင်မှာ ကာကွယ်လိုက်နာဖို့ အတော်အားနည်းတာကို တွေ့ရပါတယ်။ အဲဒီတော့ ရောဂါဖြစ်လာတဲ့အခါမှာလည်း တစ်သက်လုံး အသားစားလာတဲ့ သူကို အခုမှ အသားကို လုံးဝမစားနဲ့လို့ ပြောတော့ မနေနိုင်ကြတာ တွေ့ရပါတယ်။ ‘ပုစွန်မစားရဘူးလား၊ ငါးပိရည်မစားရဘူးလား’ဆိုပြီး ဈေးဆစ်တတ်ကြပါတယ်။ နောက် တစ်ခုက တစ်သက်လုံး လိမ်ညာပြောဆိုတတ်တဲ့ သူတွေကို ငါးပါးသီလလုံအောင်ထိန်းပြီး တရား ထိုင်ရမယ်လို့ပြောတော့ တွန့်သွားတတ်ကြပါတယ်။ တရားလုပ်တယ်ဆိုတာ (၁)ယုံကြည်မှု ရှိရမယ်၊ (၂) ကျန်းမာရမယ်၊ (၃) စိတ်ထားဖြူစင်ရမယ်၊ (၄) ဝိရိယရှိရမယ်၊ (၅) ဉာဏ်ရှိရမယ် . . ဒီအချက် ၅ ချက် နဲ့ ညီညွတ်ဖို့လိုပါတယ်။ ဒီလိုနည်းတွေအတိုင်း ယုံယုံကြည်ကြည်လုပ်ဆောင်လိုက်ရင် တကယ်ကျန်းမာပြီး အသက်ရှည်တာကို တွေ့ရပါတယ်။

‘ဒီလိုကျင့်ပါ’လို့ ဆရာကလည်း ခပ်လွယ်လွယ်ပြောတာ မဟုတ်ပါဘူး။ ဆရာကိုယ်တိုင်ကလည်း အသား၊ ငါးမစားတဲ့ သက်သတ်လွတ်သမားဖြစ်ပြီး တရားမှန်မှန် အားထုတ်တဲ့ သူဖြစ်လို့ ပြောရဲတာပါ …

မေး။ ။ SDDR ကုထုံးနဲ့ ကုရင် အသက်ရှည်မယ်ဆိုတဲ့ သက်သေပြချက် ပြနိုင်ပါပြီလား ဆရာ။
ဖြေ။ ။ လူနာတွေဟာ ကင်ဆာဖြစ်တယ်ဆိုရင် သေတော့မှာပဲဆိုတဲ့စိတ်က စိုးမိုးနေတယ်၊ မသေအောင် ဘယ်လိုနည်းတွေကို လိုက်နာကြမလဲဆိုတာ ရှာဖွေပြီး နေထိုင်စားသောက်တဲ့ ပုံစံကအစပြောင်းလဲပစ်ဖို့ လိုပါတယ်။ ‘ဒီလိုကျင့်ပါ’လို့ ဆရာကလည်း ခပ်လွယ်လွယ်ပြောတာ မဟုတ်ပါဘူး။ ဆရာကိုယ်တိုင်ကလည်း အသား၊ ငါးမစားတဲ့ သက်သတ်လွတ်သမားဖြစ်ပြီး တရားမှန်မှန် အားထုတ်တဲ့သူဖြစ်လို့ ပြောရဲတာပါ။ ဂန္ဓီပြောသလို ကလေးတစ်ယောက်က အချိုစားလို့ “သူ့သားကို အချိုမစားဖို့ ဆုံးမပေးပါဦး”ဆိုပြီး မိခင်က ခေါ်လာတယ်။ ဂန္ဓီက နောက်တစ်လနေမှ ပြန်လာခဲ့ဆိုပြီး နောက်တစ်လကြာမှ ကလေးကို “အချိုမစားနဲ့”လို့ ဂန္ဓီက ဆုံးမတယ်။ “ဒါလေး ပြောဖို့ အရေးကို ဘာကြောင့် နောက်တစ်လ ချိန်းတာလဲ”လို့ မိခင်ကမေးတော့ “အဲဒီအချိန်တုန်းက ငါက အချိုစားနေလို့၊ အခု အချိုတွေ မစားတော့ဘူး”လို့ ဂန္ဓီက ပြန်ဖြေတယ်။ အဲဒီလိုပဲ ဆရာ ကိုယ်တိုင်ကလည်း ကင်ဆာလူနာတွေကို ဒီနည်းနဲ့ ကုသရာမှာ ကိုယ်ကျင့်သုံးတဲ့ နည်းအတိုင်း လိုက်နာ ဖို့ ညွန်ကြားဖြစ်တာပါ။

ဒီကုထုံးက ဓာတ်ကင်လိုက်ရင် ဘာသက်သာသွားမယ် ဆိုတာလို ချက်ချင်း လက်တွေ့မပြနိုင်တာ အမှန်ပဲ။ ဒါပေမဲ့ တကယ်လို့ ဆရာ ကိုယ်တိုင်သာ ကင်ဆာ ဖြစ်လာခဲ့ရင် ဒီ SDDR ကုထုံးအတိုင်း ယုံယုံကြည်ကြည် လက်ခံသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကင်ဆာ လူနာတွေကို နှစ်ပေါင်းများစွာ ကုသမှုပေးခဲ့တဲ့ အတွေ့အကြုံအရ ကင်ဆာအတွက် ကုထုံးမျိုးမျိုး ပြောင်းလဲကုသနေပေမယ့် နောက်ဆုံး သေဆုံးချိန်မှာ မချည့်မဆန့် ဝေဒနာခံစားရတာ များနေတာကိုတွေ့ရတယ်။ ဆရာရဲ့ SDDR ကုထုံး အတိုင်းဆိုရင် အသက်ရှည်ကျန်းမာတာ တွေ့ရသလိုသေဖို့ဆိုရင်တော့ ကြောက်လန့်တကြား ဖြစ်မနေကြတော့တာကို တွေ့ရတယ်။ ပြီးတော့ ဝေဒနာ ခံစားရလွန်းလို့ “ကျွန်တော်/ကျွန်မကို သေအောင် လုပ်ပေးပါ”ဆိုပြီး ဆိုးဆိုးရွားရွား တောင်းဆိုတာမျိုး မရှိတော့ပါဘူး။ ဒါက ဘာသာခြားတွေတောင်လက်ခံလာတဲ့ အချက်ပါ။

မေး။ ။ သက်သတ်လွတ်စားတာက ကင်ဆာကိုဟန့်တားတဲ့နေရာမှာ ဘယ်လောက်အထိ ထိရောက်မှု ရှိပါသလဲ ဆရာ။
ဖြေ။ ။ အနောက်နိုင်ငံတွေမှာ လေ့လာမှုအရ အသားတွေစားတာက အူမကြီးကင်ဆာနဲ့ ဆက်စပ်တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်လို ဆက်စပ်သလဲဆို တော့ သေချာ မပြောနိုင်သေးဘူး။ ဆရာတို့ ဗုဒ္ဓဘာသာမှာ ရုပ်နဲ့ နာမ်ဆိုတာ ရှိတယ်၊ DNA, RNA ဆိုတာ ရုပ်တရားပါ၊ အဲဒါကို တိရစ္ဆာန်အသားတွေက လူတွေကို သဘာဝချင်း မတူတဲ့အတွက် ဖျက်ဆီးမှုတွေ လုပ်လာကြတာ ဖြစ်ပါတယ်။

တရားထိုင်လိုက်တော့ လူတွေကို ပျက်စီးစေတဲ့ တေဇောဓာတ် ငြိမ်းသွားတယ်။ ရောဂါတွေကို ထပ်ထပ် ပွားစေတဲ့ ကိလေသာမီးကို ငြိမ်းပေးတယ်။ ပြီးတော့ ကင်ဆာဖြစ်ပြီး ကြောက်လန့်တုန်လှုပ်နေတော့ အဲဒီကြောက်စိတ်ကြောင့် စိတ်ဓာတ်ကျရာက ဝေဒနာ ပိုဆိုးသွားတယ်၊ အဲဒီကြောက်စိတ်တွေ မဝင်အောင် တရားထိုင်တာက ကယ်တင်ပေးတယ်. . ဒီ အချက်ကြောင့် ကျန်းမာသက်ရှည်ရတာပါ. . ဆဲလ်ဆိုတာ ဇာတိပဲ။ တရားထိုင်လိုက်တော့ ဇာတိတွေ ဆက်ဆက်မဖြစ်တော့ဘဲ ချုပ်သွားတဲ့အတွက် ကင်ဆာဆဲလ်တွေက မပွားတော့ဘူး။

ဒါနဲ့ဆရာလည်း ကင်ဆာလူနာတွေကို SDDR ဆိုတဲ့ ကုထုံးနဲ့ ကုသမှုပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီကုထုံး သုံးကြည့်ခဲ့တဲ့အခါမှာ ၅ နှစ်အသက်ရှင်တဲ့ လူနာတွေအများကြီးရှိလာတာကို တွေ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top