Healthy Life Ad
Life Style

ခြေပြားသည့် ရောဂါ (Flat Arch)

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ခြေပြားတဲ့ ရောဂါအကြောင်း သိပါရစေ ဆရာ။

ဖြေ ။ အများအားဖြင့် ခြေပြားတာက မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက အသက် ရှစ်နှစ်ကနေ ၁၀ နှစ်အရွယ်လောက်မှာ ခြေပြားနေသလား ဆိုတာ စတင် သတိထား သိရှိရပါတယ်။ ပုံမှန်အားဖြင့် လူတွေရဲ့ ခြေဖဝါးအနေအထားက ကြည့်လိုက်ရင် ခွက်ခွက်လေးဖြစ်နေပါတယ်။ ခြေပြားနေတဲ့ လူကို ကြည့်လိုက်ရင် ခြေဖဝါးက အပြင်လိုက် ပြားလိုက်ကြီး ဖြစ်နေပါတယ်။ ကြည့်လိုက်တာနဲ့ သိသာပါတယ်။ ကလေးမှာတော့ သိပ်မသိသာပေမယ့် အသက် ရှစ်နှစ်-ကိုးနှစ်-၁၀ နှစ်လောက်ဆို သိသာပါတယ်။

မေး ။ ခြေပြားတဲ့ ရောဂါ ဖြစ်ရင် နောက်ဆက်တွဲ ဘာဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ ။

ခြေဖဝါးကပုံမှန်အားဖြင့် ခွက်နေရမယ့် အနေအထားမှာ အရိုးတွေ၊ ကြွက်သားတွေနဲ့ တွယ်ဆက်တစ်သျှူးတွေက လမ်းလျှောက်တာ၊ သွားလာတာတွေ လုပ်တဲ့အခါမှာ သက်သောင့်သက်သာ ရှိနေပါတယ်။ အဲဒီလို အနေအထားမဟုတ်ဘဲ ခြေဖဝါးက ပြားနေတဲ့အခါမှာ ပြင်လိုက်ကြီး ဖြစ်သွားတော့ လမ်းများများ လျှောက်တာ၊ မတ်တပ်အကြာကြီးရပ်တာတွေ လုပ်တဲ့အခါမှာ နာကျင်လာပါတယ်။

အဲဒီလို နာကျင်တဲ့အခါ ခြေမျက်စိနဲ့ ခြေသလုံးတစ်လျှောက်လုံး ပေါင်အထိ နာတတ်ပါတယ်။ အဲဒီလို နာကျင်မှုက နေ့စဉ် လှုပ်ရှားသွားလာတဲ့ ဘဝအပေါ် သက်ရောက်မှု ရှိတတ်ပါတယ်။ခြေဖဝါးပြားတဲ့အတွက် တချို့လူတွေက ခြေထောက်နာတယ်လို့ ပြောတတ်ကြတယ်။ ဖိနပ်စီးတဲ့ အခါမှာ ဖိနပ်ကျွတ်ကျွတ်သွားတာလည်း ဖြစ်တတ်ပါတယ်။

မေး ။ ကလေးငယ်စဉ်မှာ ခြေဖဝါးပြားတယ်လို့ သိရင် ပြုပြင်လို့ ရနိုင်ပါသလား ဆရာ။

ဖြေ ။ ခြေဖဝါးပြားတာက အများအားဖြင့် အသက် ၈ နှစ်ကနေ ၁၀ နှစ်အတွင်း သိတာများပါတယ်။ ကလေးမှာ သိရင် သိပ်ပြဿနာမရှိပါဘူး။ ကုသရမယ့် အခြေအနေလည်း မဟုတ်သေးပါဘူး။ ဒါပေမဲ့ အသက်၁၀နှစ်နောက်ပိုင်း အပျိုဖော်၊ လူပျိုဖော်ဝင်လာပြီ၊ အသက်ကြီးလာပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒီအချိန်မှာတော့ ခြေဖဝါးပြားရင် နေ့စဉ် လှုပ်ရှားမှုဘဝမှာ သက်ရောက်မှုရှိတယ်၊ အလုပ်လုပ်တဲ့ အခါမှာ သက်ရောက်မှုရှိလာပါတယ်။ ဒီအချိန်မှာတော့ ကုသမှု ခံယူဖို့ လိုအပ်လာပါပြီ။

မေး ။ ခြေပြားတဲ့ ရောဂါကို ပျောက်ကင်းအောင် ဘယ်လို ကုသမှု ခံယူလို့ရပါသလဲ ဆရာ။

ဖြေ ။ ခြေပြားတာကို ဖြစ်တဲ့ အခြေအနေပေါ် မူတည်ပြီး ကုသနည်းနှစ်နည်းရှိပါတယ်။ ခွဲစိတ်ပြီး ကုသတဲ့နည်းရှိသလို ခွဲစိတ်စရာမလိုဘဲ ကုသတဲ့နည်းလည်း ရှိပါတယ်။ ခွဲစိတ်မှု မခံယူချင်ဘူးဆိုရင် သူနဲ့ အဆင်ပြေတဲ့ ဖိနပ်ကို စီးဖို့ လေ့ကျင့်ပေးရပါတယ်။ ပြီးရင် ကိုယ်ကာယကုထုံးတွေနဲ့ လေ့ကျင့်ပေးရပါတယ်။ အဝလွန်နေရင်တော့ ကိုယ်အလေးချိန် လျှော့ချရပါမယ်။ တကယ်လို့ ခြေပြားနေရင် မိသားစုဆရာဝန် ဒါမှမဟုတ် အရိုးအကြောခွဲစိတ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top