Healthy Life Ad
Life Style

နာတာရှည်(အလာဂျီ)နှင့် သန်ကောင် (Allergy and Worm)

ဒေါက်တာတင့်ဆွေ

မေး. Allergic ဖြစ်နေတာ ၂နှစ်လောက်ရှိပါပြီ။ အရက်ဘီယာသောက်ရင်၊ ငါး၊ ပုစွန်၊ ခရမ်းသီးစားရင် ဖြစ်ပါတယ်။ မနက်အိပ်ရာထနဲ့ညအိပ်ခါနီးမှာ အဖြစ်များပါတယ်။ ထမင်း အချိန်မှန်မစားရင်လည်း ဖြစ်ပါတယ်။ တစ်ခါတလေ လက်ဖျံကြွက်သားမှာ အကောင်လေးတိုးသွားသလို ခံစားရပါတယ်။ ဝမ်းသွားရင် ဝမ်းထဲမှာ အဖြူလုံးလေးတွေ ပါပါလာတတ်ပါတယ်။ သေသေချာချာရေဆေးကြည့်တော့ အဖြူလုံးလေးရဲ့ထိပ်မှာ ချိတ်လိုပုံစံလေးပါတာ တွေ့ရပါတယ်။ ကျွန်တော် Allergic ဖြစ်တာ သန်ကောင်ကြောင့်လို့ထင်ပြီး သံချဆေး Mebendazole 500mg ကို တစ်ပတ်တစ်လုံး တစ်လတိတိသောက်တဲ့အခါ Allergic ဖြစ်တာ နည်းနည်းလျော့သလို ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းပြန်ဖြစ်တာပါပဲ။ Allergic ဖြစ်ရင် Cetirizine hydrochloride သောက်နေပါတယ်။ ဆေးသောက်ပြီး နာရီဝက်နေရင် သက်သာပါတယ်။ ဖြစ်တဲ့အချိန်ဆို လူကြားသူကြားမသွားရဲပါဘူး။ ဒီရောဂါကြောင့် စိတ်ညစ်နေရပါတယ်။

ဖြေ. Allergy (အလာဂျီ) ဖြစ်တယ်ဆိုတာ လူ့ခန္ဓာကိုယ်ကနေ သူနဲ့မသင့်တာတခု ဝင်လာတဲ့အခါ ပြင်းပြင်းထန်ထန်တုံ့ပြန်လို့ ဆက်ဖြစ်လာတဲ့ ဖြစ်စဉ်တွေပါ။ ခန္ဓာကိုယ်ကနေ ရှင်းထုတ်ဖို့ ကြိုးစားမှုတခု ဖြစ်ပါတယ်။ (အလာဂျီ) အမျိုးမျိုးထဲမှာ ထူးခြားတာတွေက Nasal allergies နှာခေါင်းမှာဖြစ်တာနဲ့ Chronic allergies နာတာရှည် ဖြစ်တာတွေပါ။ နာတာရှည်က ပိုဆိုးတယ်။ သူတို့မှာ နှာခေါင်းမှာပါ ဖြစ်နေတတ်တယ်။ တခါတလေ မတည့်တာကနေ စေ့ဆော်လို့ မဟုတ်ဘဲလည်း ဖြစ်တတ်တယ်။ ဥပမာ လေအေးတာ၊ လေခြောက်သွေ့တာ၊ မီးခိုး စသဖြင့်တွေ။ တကယ်မတည့်တတ်တာတွေက ဖုန်၊ မှို၊ ပန်းဝတ်မှုံ၊ တိရစ္ဆာန်-အမှုံအမွှား၊ အင်းဆက် စတာတွေပါ။ အစားအသောက်တွေထဲက နို့၊ ချောကလက်၊ ကိုလာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဥ၊ ပြောင်း၊ ဂျုံ၊ လိမ္မော်၊ ခရမ်းချဉ်သီး၊ ဝက်-ကြက်သား၊ ငါး၊ ပင်လယ်စာ၊ အစေ့အဆံ၊ ဆေးဝါး။

နာတာရှည်(အလာဂျီ)က ကုရတာခက်ပါတယ်။ တချို့ဆိုရင် ဘာဆေးမှ မတိုးသလိုဆိုးတယ်။ Trigger ဘာကနေ အဲလိုဖြစ်သလဲဆိုတာ သတိထားရတယ်။ တခါတလေ အဲလိုလုပ်ဖို့လည်း ခက်သေးတယ်။ ဆေးဆိုရင် Antihistamine တွေပေးတယ်။ ဒီအုပ်စုထဲမှာ အမျိုးမျိုးရှိတယ်။ Telfast, Diphenhydramine, Hydroxyzine, Cetrizine တွေပါတယ်။ (အင်တီ-ဟစ်စ်တမင်း)တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေ၀ါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေရှိပါတယ်။ အခုခေတ်မှာတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယ၊ တတိယမျိုးဆက်ဆိုတာတွေပေါ်လာပါပြီ။

Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေက သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေက အိပ်ချင်တယ်။ Acrivastine, Cetirizine, Desloratadine Loratadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယမျိုးဆက်မို့ ပိုကောင်းတယ်။

(အလာဂျီ)ရတတ်သူများ Cetirizine hydrochloride ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ သူက 5 mg, 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့တပြား။ အစာနဲ့ နီးမှဝေးမှဆိုတာ မရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်။ တနေ့ကို နှစ်ခါခွဲသောက်လည်းရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။

(အလာဂျီ)ဖြစ်တာ ပြင်းထန်လာရင် Prednisolone လို Corticosteroid ဆေးမျိုးပါပေးတယ်။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများလို့ တချို့က မသုံး စေချင်ဘူး၊ ပေးရင် သက်သာတာတော့ အမှန်ပဲ။ ရေရှည် မသုံးတာကောင်းတယ်။ တကယ်လို့ ဆက်တိုက်ဖြစ်နေ၊ သောက်နေရတဲ့ (အင်တီ-ဟစ်စ်တမင်း)တွေနဲ့ မသက်သာလို့ ဆရာဝန်ကပေးရင် သောက်ပါ။ ပဌမရက်တွေမှာ ဆေးများများပေးပြီး၊ သက်သာရင် တဖြည်းဖြည်းလျှော့ပေးရတယ်။ တုံးတိမဖြတ်ရဘူး။ အရေးပေါ်ဖြစ်ရင် ဒီဆေးမျိုးကို ထိုးပေးရတယ်။ ဗမာတွေက အသက်ကယ်ဆေးလို့ ခေါ်ကြတယ်။

Cimetidine, Ranitidine တို့ဟာ လေနာဆေးတွေပေမယ့် ဒီရောဂါအတွက်လည်း သုံးတတ်တယ်။ Doxepin ဆိုတဲ့ စိတ်မကျဆေးလည်း သုံးသေးတယ်။ နာတာရှည် (အလာဂျီ)နဲ့ သန်ကောင် ဆက်စပ်နေတတ်တယ်။ တခြားဟာတွေကို မတည့်တာရော သန်ကောင်ပါ တွဲဖြစ်နေနိုင်သေးတယ်။ ၂မျိုးလုံးကိုကုရလိမ့်မယ်။ သန်ကောင် အမျိုးအစားတွေအများကြီးရှိတယ်။

ချိတ်သန်ကောင်ရှိပေမဲ့ တချို့မှာ လက္ခဏာမပြဘဲ နေတတ်တယ်။ အရေပြားကနေဝင်ပြီး သွေးထဲရောက်၊ အဆုတ်ထဲရောက်၊ အူထဲရောက်တယ်။ ရောက်တဲ့နေရာအတိုင်း လက္ခဏာတွေပြမယ်။ အရေပြားယားမယ်၊ ရင်ကြပ်မယ်၊ ပန်းနာ-နူမိုးနီးယားလိုဖြစ်မယ်။ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ လူပိန်မယ်၊ အစားပျက်မယ်၊ လေထမယ်၊ ကြာရင် . . .

Ankylostomiasis (Hookworm) ချိတ်သန်ကောင်ရှိပေမဲ့ တချို့မှာ လက္ခဏာမပြဘဲ နေတတ်တယ်။ အရေပြားကနေဝင်ပြီး သွေးထဲရောက်၊ အဆုတ်ထဲရောက်၊ အူထဲရောက်တယ်။ ရောက်တဲ့နေရာအတိုင်း လက္ခဏာတွေပြမယ်။ အရေပြားယားမယ်၊ ရင်ကြပ်မယ်၊ ပန်းနာ-နူမိုးနီးယားလိုဖြစ်မယ်။ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ လူပိန်မယ်၊ အစားပျက်မယ်၊ လေထမယ်၊ ကြာရင် Iron deficiency anemia သွေးအားနည်းတာပါ ဖြစ်နေတတ်တယ်။ သတိထားရမှာက ပြန်ဖြစ်တာနဲ့ ဆေးယဉ်တာ။ Mebendazole 100 mg ကို တနေ့ ၂ ကြိမ်၊ ၃ ရက်ပေးတယ်။ ၂-၃ ပါတ်နေရင် တခါထပ်ပေးတယ်။ ကိုယ်ဝန်ဆောင်နေတုံးမပေးရပါ။ Albendazole 400 mg ၁ ကြိမ်၊ ၃ ရက် သောက်ရတယ်။ သွေးအားကောင်းဖို့ Ferrous sulfate စားဆေး ၃ လသောက်စေတယ်။ (ပရိုတင်း)ပါ နည်းနေတတ်တယ်။ စားပေးပါ။

Strongyloidiasis သန်ကောင်ရောဂါ ဆိုတာလဲ

အရေပြား(ခြေထောက်)ယားယံတာနဲ့ အဆုတ်နဲ့ဆိုင်တဲ့လက္ခဏာတွေ (ချောင်းဆိုး၊ အသက်ရှူကျပ်) ဖြစ်နိုင်တယ်။ အစားပျက်၊ ဝမ်းပျက်၊ ဗိုက်နာ၊ သွေးစစ်ရင် Eosinophil သွေးဖြူဥတမျိုး များနေမယ်။ Ivermectin ကို တရက်မှာ 200 mcg ၁-၂ ရက်ပေးတာက Albendazole 400 mg တနေ့ ၂ ကြိမ် ၃ ရက်ပေးတာထက် ပိုကောင်းတယ်။

Enterobiasis (Pinworm) သန်ကောင်ရောဂါဆိုတာ ညအချိန် စအိုကယားတာ ထူးခြားတယ်။ Albendazole (400 mg) ဒါမှမဟုတ် Mebendazole (100 mg) တခါထဲ ပေးတယ်။ တလနေ တခါထပ်ပေးသင့်တယ်။

Ascariasis (Roundworm) သန်ကောင် ရောဂါဆိုတာ အများဆုံးဖြစ်တယ်။ သန်လုံးကောင်ခေါ်တယ်။ တီကောင်နဲ့ ဆင်တယ်။ အရေပြားယားတတ်တယ်။ ဗိုက်နာတတ်တယ်။ Albendazole 400 mg တခါထဲပေးတယ်။ ဒါမှမဟုတ် Mebendazole 500 mg တခါထဲဖြစ်ဖြစ် 100 mg တနေ့ ၂ကြိမ် ၃ ရက်ဖြစ်ဖြစ်ပေးတယ်။

Trichuriasis (Whipworm) သန်ကောင် ရောဂါဆိုတာလဲ

ကလေးတွေမှာ အဖြစ်များတယ်။ Albendazole တနေ့ 400 mg ၁-၃-၇ ရက်ပေးတယ်။ ဒါမှမဟုတ် Mebendazole တနေ့ 200 mg ၁-၃-၇ ရက်ပေးတယ်။ သန်ကောင် ရှိ-မရှိ ဝမ်းစစ်ဆေးပါ။ သန်ကောင်အမျိုးအားစစ်ပါ။ ဆေးသေချာသောက်ပါ။ ၁ လနေရင် ဝမ်းတခါ ထပ်စစ်ပါ။ လိုအပ်ရင် ဆေးထပ်သောက်ပါ။ သွေးအားနည်း-မနည်းလည်းစစ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top