Healthy Life Ad
Life Style

အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါက ဘာကြောင့်ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါက အစားအသောက်နဲ့ ရေမသန့်ရှင်းတာကတစ်ဆင့် ဖြစ်တတ်ပါတယ်။ တိတိကျကျပြောရရင် မသန့်တဲ့ အစားအသောက်မှာပါတဲ့ ဆာမိုနဲလားဘက်တီးရီးယားပိုးကြောင့်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

မေး. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါဖြစ်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

ဖြေ. လက္ခဏာအနေနဲ့ အရမ်းအဖျားပြင်းတယ်။ တချို့ကျတော့လည်း ဝမ်းချုပ်တယ်၊ တချို့ကျတော့လည်း ဝမ်းသွားတယ်၊ ဗိုက်တွေ အရမ်းနာတယ်။ ဒီလိုလက္ခဏာတွေ ခံစားရတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးပြသဖို့လိုပါတယ်။ ဘာဆိုတာ သေချာသိမှ ကုသမှုပေးလို့ရမှာ ဖြစ်ပါတယ်။ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်တယ်၊ အန်တယ်၊ မအီမသာဖြစ်တယ်။

မေး. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါက ဘယ်အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ။

ဖြေ. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါက အသက်အရွယ်မရွေး၊ လူကြီးလူငယ်မရွေးဖြစ်နိုင်ပါတယ်။

မေး. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါဖြစ်ရင် ကုသမှုခံယူဖို့လိုအပ်ပါသလား ဆရာ။

ဖြေ. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါကို ကုသမှုခံယူဖို့လိုပါတယ်။ ကုသမှု မခံယူဘူးဆိုရင် နောက်ဆက်တွဲ ပြင်းထန်တဲ့အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့အဆင့်မှာဆိုရင် အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

မေး. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါကို ဘယ်လိုကုသမှုခံယူရပါသလဲ ဆရာ။

ဖြေ. ကုသနည်းကတော့ လူနာကို ရောဂါရာဇဝင်မေးလိုက်မယ်။ လိုအပ်ရင် သွေးစစ်မယ်၊ ဝမ်းစစ်မယ်၊ အဲဒီလိုလုပ်လိုက်လို့ တိုက်ဖွိုက်လို့ ကျိန်းသေပြီဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics)ပေးပြီး အချိန်ယူကုသမှုပေးရမှာဖြစ်ပါတယ်။ လူနာအနေနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ကုသမှုခံ ယူဖို့လိုအပ်ပါတယ်။ တချို့ကျတော့ သောက်ဆေးနဲ့ ကောင်းသွားတတ်ပါတယ်။ တချို့ကျတော့ ထိုးဆေးနဲ့မှအဆင်ပြေသွားတာ ရှိပါတယ်။

အစားအသောက်နဲ့ ရေမသန့်တာကြောင့် အူရောင်ငန်းဖျားရောဂါဖြစ်တာပါ။ အထူးသဖြင့် ယင်လုံအိမ်သာ မသုံးတာ၊ ရေမသန့်တာ၊ ယင်နားစာတွေ စားမိတာ၊ မသန့်တဲ့ ပင်လယ်စာစားမိတာ စတဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကနေ ဆာမိုနဲလားဘက်တီးရီး ယားပိုးတွေပါလာတယ်။ အဲဒီအခါ အူရောင်ငန်းဖျား တိုက်ဖွိုက်ဖြစ်တတ်ပါတယ် . . .

မေး. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါကို ကုသပြီးတဲ့အခါ နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ခြေရှိပါသလား ဆရာ။

ဖြေ. အစားအသောက်နဲ့ ရေမသန့်တာကြောင့် အူရောင်ငန်းဖျားရောဂါ ဖြစ်တာပါ။ အထူးသဖြင့် ယင်လုံအိမ်သာမသုံးတာ၊ ရေမသန့်တာ၊ ယင်နားစာတွေ စားမိတာ၊ မသန့်တဲ့ ပင်လယ်စာစားမိတာစတဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကနေ ဆာမိုနဲလား ဘက်တီးရီးယားပိုးတွေပါလာတယ်။ အဲဒီအခါ အူရောင်ငန်းဖျားတိုက်ဖွိုက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေသန့်ရှင်းရေး၊ ယင်လုံအိမ်သာဖြစ်ရေး၊ လက်သန့်ရှင်းရေးက အလွန်ကိုအရေးပါပါတယ်။ ဒီလိုသန့်ရှင်းမှုမရှိရင် ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။

မေး. အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါ ကာကွယ်ဆေးရောရှိပါသလား ဆရာ။

ဖြေ. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါအတွက် ကာကွယ်ဆေး ရှိပါတယ်။

မေး. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါနဲ့ပတ်သက်ပြီး ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါမဖြစ်စေဖို့ စောစောကပြောတဲ့အတိုင်း သန့်ရှင်းတဲ့အစားအသောက်တွေကို စားပေးဖို့လိုပါတယ်။ လက်သန့်ရှင်း ရေး၊ ရေသန့်ရှင်းရေးနဲ့ ယင်လုံအိမ်သာဖြစ်ရေးက လည်း အလွန်ပင်အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top