Healthy Life Ad
Life Style

လူ့ခန္ဓာကိုယ်ရှိ အဆီပိုများနှင့် ကျန်းမာရေးအန္တရာယ်

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း
မေး ။ လူ့ခန္ဓာကိုယ်မှာ ဆဲလ်လူးလိုက်လို့ ခေါ်တဲ့ အဆီတွေက ဘာကြောင့် ဖြစ်လာရပါသလဲ ဆရာ။

ဖြေ ။ လူ့ခန္ဓာကိုယ်မှာ အဆီတွေကရှိသင့်တာထက် ပို လာတဲ့အခါ ကြွက်သားနဲ့ အရေပြားကြားမှာ Fibrous Tissue လို့ခေါ်တဲ့ အမျှင်တန်းတွေကို တွန်းပြီး ထွက်သွားတာပါ။ အထူးသဖြင့် အဆီက ဘယ်နေရာမှာ သိသာသလဲဆိုတော့ ဗိုက်ပေါ့။ တချို့လူတွေ ကြည့်လိုက်ရင် ဗိုက်မှာ အဆီတွေ စုပြီး ဗိုက်ရွှဲနေတယ်။ တချို့ လူတွေမှာ ပေါင်တွေမှာ အဆီပိုတွေနဲ့ တုတ်နေတတ်တယ်။ တချို့ကျတော့ တင်ပါးမှာ အဆီပြင်တွေတွဲကျနေတာကို တွေ့ရပါတယ်။ ဒီလို ဖြစ်ရတာက အရေပြားနဲ့ ကြွက်သားကြားမှာ အဆီပြင်ကြီးတွေ အများကြီးဖြစ်သွားလို့ပါ။

မေး ။ လူ့ခန္ဓာကိုယ်မှာ အဆီပိုတွေရှိနေတဲ့အတွက် ဘယ်လို နောက်ဆက်တွဲအခက်အခဲတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ ။ ပေါင်တွေမှာ အဆီတွေ များနေတာ၊ တင်ပါးမှာ အဆီတွေများတာတွေက ကြည့်ရဆိုးပါတယ်။ အလှအပပိုင်းဆိုင်ရာမှာတော့ ထိခိုက်မှုရှိပါတယ်။

မေး ။ လူ့ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုအဆီပြင်တွေကို ဘယ်လို ဖယ်ရှားလို့ ရပါသလဲ ဆရာ။

ဖြေ ။ ပိုနေတဲ့ အဆီပြင်တွေကို ကုသနည်းတွေကတော့ ဆေးဝါးနဲ့ ကုသတာလည်း ရှိပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး ကုသတာလည်း ရှိပါတယ်။ အဆီတွေကို ခွဲထုတ်တဲ့နည်း၊ စုပ်ထုတ်တဲ့နည်း (Liposuction)နဲ့ လည်း ကုလို့ရပါတယ်။ လေဆာနဲ့ ကုသလို့လည်း ရပါတယ်။ တချို့ကျတော့လည်း ဓာတ်ရောင်ခြည်နဲ့ အဆီဖယ်ရှားတဲ့ နည်းလည်းရှိပါတယ်။ အစားအသောက်ရယ်၊ လေ့ကျင့်ခန်းရယ်တွဲပြီး အဆီထုတ်တာလည်း ရှိပါတယ်။

မေး ။ အဆီပိုတွေကို နှိပ်ပြီး ဖယ်ရှားလို့ကောရပါသလား ဆရာ။

ဖြေ ။ အခုနောက်ပိုင်း နှိပ်တဲ့နည်းပညာနဲ့ အဆီပိုတွေကို ဖယ်ရှားတာမျိုးတွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း နှိပ်တဲ့နည်းပညာနဲ့အဆီဖယ်ရှားတာကိုတွေ့ရပါတယ်။ ဥပမာ ပေါင်အဆီတွေကို ဆီတွေနဲ့လိမ်းပြီး နှိပ်နယ် သပ်ချပေးတာမျိုး။ တချို့ကျတော့ ဒီနည်းနဲ့အပြင် လေ့ကျင့်ခန်းကိုပါတွဲဖက်လုပ်ဆောင်ခိုင်းပါတယ်။

မေး ။ ခန္ဓာကိုယ်မှာ အဆီပိုမရှိဘဲ ကျစ်လျစ်သွယ်လျ လှပနေဖို့ရာအတွက် ဘယ်လိုနေထိုင်စားသောက်မှု ပုံစံကိုလိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ ။ အဆီပိုမရှိဘဲ ကျစ်လျစ်သွယ်လျဖို့နဲ့ ပတ်သက်ပြီး နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းကတော့ မိဘမျိုးရိုးက ဝတယ်ဆိုရင် ကိုယ်ကလည်း ဝဖို့ အလားအလာများတယ်။ ဒါပေမဲ့လည်း ဝတဲ့ အနေအထားကနေ အဝလွန်တာ၊ အလွန်ဝတာတွေမဖြစ်အောင် နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ အညီ ဆင်ခြင်ဖို့ လိုပါတယ်။

နောက်တစ်ပိုင်းကတော့ ဝတဲ့ မျိုးရိုးမရှိတဲ့သူတွေပါ။ ဝတဲ့ မျိုးရိုးမရှိဘူးဆိုရင်လည်း ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

ဝတဲ့မျိုးရိုးရှိရှိ၊ မရှိရှိ အဆီအအိမ့်တွေကို လျှော့စားရပါမယ်။ ချိုလွန်း၊ ငံလွန်းတဲ့ အစားအသောက်တွေကို လျှော့စားရပါမယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားအားကစားကို နာရီဝက်လောက် အချိန်ပေးပြီး လုပ်ဆောင်ရပါမယ်။ အလုပ်မှာလည်း အမြဲထိုင်နေတာမျိုးမဟုတ်ဘဲ လှုပ်လှုပ်ရှားရှား လုပ်ဆောင်ပေးရပါမယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူရပါမယ်။

အရက်သေစာ သောက်စားတာကို တတ်နိုင်သမျှ လျှော့ရပါမယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ ဒီလို ကျန်းမာရေးနဲ့အညီ နေထိုင်ပေးရင် အဆီပိုတွေတက်နိုင်ခြေနည်းပါတယ်။ အဆီအအိမ့်တွေ အများကြီးစားပြီး အထိုင်များကာ လှုပ်ရှားမှုနည်းတဲ့သူတွေက ခန္ဓာကိုယ်မှာ အဆီပိုတွေ များလာနိုင်ပါတယ်။

မေး ။ ခန္ဓာကိုယ်အဆီပိုရှိတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ ။ ခန္ဓာကိုယ်မှာ အဆီပိုတွေရှိပြီး ကိုယ်အလေးချိန်များနေမယ်ဆိုရင်တော့ ကျန်းမာရေးဗဟုသုတတွေကိုလိုက်စားပါ၊ သိလာတဲ့ ကျန်းမာရေးဗဟုသုတတွေကိုလိုက်နာပြီး အလေ့အကျင့်တစ်ခုလို ဖြစ်အောင် လုပ်ဆောင်ပါ။ ဒါတွေကတော့ အာဟာရမျှတအောင် စားပါ၊ အဆီအအိမ့်တွေ လျှော့စားပါ၊ ကိုယ်အလေးချိန်ကို ပုံမှန်ထက် မမြင့်တက်အောင် ထိန်းပါ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို လုပ်ဆောင်ပါ။ စိတ်ဖိစီးမှုလျှော့ပါ။ အိပ်ရေးဝ၀ အိပ်ပါ။ ဒါတွေ ဆိုရင်တော့ အဆီပိုကြီးတွေ မဖြစ်အောင် တတ်နိုင်သမျှ ကာကွယ်လို့ရမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top