Healthy Life Ad
Life Style

ကွမ်းနဲ့ဆေးလိပ်အစားများလို့ ဖြစ်တယ်ထင်တဲ့ လျှာကင်ဆာ ကုသအောင်မြင်ထားသူ ဦးကျော်ကျော်အောင်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လျှာကင်ဆာရောဂါ စတင်ခံစားခဲ့ရပြီး ဆေးကုသမှုများ ပြီးစီး အောင်မြင်သွားပြီဖြစ်သည့် ဦးကျော်ကျော်အောင်က သူ၏ ကင်ဆာခရီးလမ်းကို ယခုလို ပြောပြခဲ့သည်။

“လျှာရဲ့ ညာဘက်ဘေးနောက်နားမှာ ဝက်ခြံလို အဖုလေး ဖြစ်နေတာပါ။ နာကျင်တာတော့ မရှိပါဘူး။ သိသိချင်းပဲ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်နဲ့ ပြပြီး ဆရာဝန်ပေးတဲ့ ဆေးတွေ သောက်ပါတယ်။

၂၀၁၇ ခုနှစ်၊ မတ်လလောက်မှာ ရုံးကိစ္စနဲ့ ကျောက်ဖြူကို ခရီးသွားခဲ့ပါတယ်။ ဆေးကတော့ ဆက်သောက်နေပါတယ်။ မတ်လကုန်ခါနီး ရန်ကုန် ပြန်ရောက်တော့ အဖုကလည်း မပျောက်ဘူး။ ဒါနဲ့ ဆေး(၂)မှာတက်နေတဲ့ သမီးအကြီးကို ပြကြည့်တော့ အဖုဘေးမှာ အကွက်ဖြစ်နေတယ်၊ သိပ်မကောင်းဘူး ဆိုတာနဲ့ သမီးက ဘယ်ဆရာနဲ့ပြရင် ကောင်းမလဲလို့ လိုက်လံစုံစမ်းတဲ့အခါ ရွှေလမင်းဆေးရုံမှာ ထိုင်တဲ့ မျက်နှာနှင့်မေးရိုးခွဲစိတ်အထူးကု တွဲဖက်ပါမောက္ခ ဒေါက်တာဦးထွန်းငွေနဲ့ ပြဖြစ်ပါတယ်”ဟု ဦးကျော် ကျော်အောင်က ပြောပြခဲ့သည်။

၂၀၁၇ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် မျက်နှာနှင့် မေးရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးထွန်းငွေနှင့် ပြသဖြစ်ခဲ့ရာ သေချာစမ်းသပ်ကြည့်ရှုပြီး ခွဲစိတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ဆရာက သေချာ ကြည့်ရှုစစ်ဆေးပြီး ၅-၄-၂၀၁၇ ရက်နေ့မှာ ခွဲစိတ်မယ်ဆိုပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို ၃-၄-၂၀၁၇ ၇က်နေ့မှာ အပြီး စစ်ခဲ့ပါတယ်။ ကျွန်တော့်မှာ ဆီးချိုရောဂါလည်း ရှိတဲ့အတွက် ဆီးချိုထိန်းနိုင်ဖို့ ဆီးချိုအထူးကု ဆရာဝန်နဲ့လည်း ပြသစစ်ဆေးကုသမှု ခံယူခဲ့ရပါတယ်”

ထို့နောက် ဦးကျော်ကျော်အောင်သည် ဆရာဝန်ရက်ချိန်းအတိုင်း ရွှေလမင်းဆေးရုံတွင် ၅-၄-၂၀၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီ၌ စတင်ဆေးရုံ တက်ရပြီး လိုအပ်သည့် သွားသန့်ရှင်းရေး၊ ခံတွင်း သန့်ရှင်းရေးများ ပြုလုပ်ကာ အစာမစားရတော့ကြောင်း၊ ထိုနေ့ည ၇ နာရီအချိန်တွင် စတင်ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး နံနက် ၂ နာရီ ၃၀ မိနစ်တွင် ခွဲစိတ်မှုပြီး စီးခဲ့ကြောင်း သိရသည်။

“ခွဲစိတ်ပြီးချိန်မှာ ဖြတ်ထားတဲ့ လျှာအစိတ်အပိုင်းရယ်၊ လည်ပင်းကနေ ခွဲထုတ်ထားတဲ့ အကျိတ် သုံးလုံးကို စစ်ဆေးဖို့ ရွှေဗဟိုဆေးရုံကို ပေးပို့ခဲ့ပါတယ်။ ၉-၄-၂၀၁၇ ရက်နေ့မှာ အဖြေရပါတယ်။ အဖြေအရ လျှာကင်ဆာလို့ သိရပြီး အကျိတ်တွေကို မရောက်သေးကြောင်း အဖြေရရှိခဲ့ပါတယ်”

လျှာကင်ဆာဟုသိရချိန်တွင် ဦးကျော်ကျော်အောင်အတွက် ကြီးစွာသော ဝမ်းနည်းမှု၊ စိတ်မကောင်းဖြစ်ခြင်းတို့ကို မခံစားရဘဲ စိတ်ထိန်းနိုင်ခဲ့ ကြောင်း သိရသည်။

“ကျွန်တော်က ၂၀၁၃ ခုနှစ်ကစတင်ပြီး အဘိဓမ္မာသင်တန်း၊ ဋီကာကျော်သင်တန်း၊ ဝိသုဒ္ဓိမဂ်သင်တန်းနဲ့ အဘိဓမ္မာတက္ကသိုလ်က ဖွင့်လှစ်တဲ့ အဘိဓမ္မဓရသင်တန်းတွေကို အခုလျှာခွဲစိတ်တဲ့အချိန်အထိ အဆင့်ဆင့် တက်ရောက်ဖြေဆိုအောင်မြင်ခဲ့ပြီး မြတ်ဗုဒ္ဓရဲ့တရားတွေကို ရင်ထဲ ကိန်းနေအောင် သင်ကြား ပို့ချပေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ကျေးဇူးကြောင့် စိတ်ကို ထိန်းနိုင်တဲ့အတွက် အရမ်းကြီး မခံစားရပါဘူး။ ခွဲစိတ်ပြီးချိန်မှာလည်း ညတိုင်း ညတိုင်း တစ်ညလုံး တရားမှတ်ပါတယ်။ ကုသပေးတဲ့ ဆရာသမားတွေနဲ့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကြောင့် နာကျင်မှုသိပ်မရှိဘဲ ဆီးချိုရှိတာတောင် ခွဲ စိတ်ပြီး ၃ ရက်လောက်နဲ့အနာက ကျက်နေပြီး ၁၁-၄-၂၀၁၇ ရက်နေ့မှာ ဆေးရုံကဆင်းခွင့်ရခဲ့ပါတယ်” ဟု ဦးကျော်ကျော်အောင်က ဆေးရုံတက်နေစဉ် အတွေ့အကြုံများကို ပြောပြခဲ့သည်။

လျှာခွဲစိတ်ကုသပြီးချိန်တွင် တွဲဖက်ပါမောက္ခ ဒေါက်တာဦးထွန်းငွေက ၂၃-၄-၂၀၁၇ ရက်နေ့၌ ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဒေါ်ခင်ချိုဝင်းထံသို့ လွှဲပြောင်းပေးခဲ့ရာ ၂၈-၄-၂၀၁၈ ရက်နေ့တွင် စတင်ပြသခဲ့ကြောင်း သိရသည်။

“ဆရာမကြီးက အထွေထွေလိုအပ်ချက်တွေ ကို စစ်ဆေးပြီး ၅-၅-၂၀၁၇ ရက်နေ့ကနေ ၂-၈-၂၀၁၇ ရက်နေ့အထိ တစ်လမှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ ၄ ရက်နဲ့ ဆေး ၄ကြိမ်ကို အောင်ရတနာဆေးရုံ မှာသွင်းခဲ့ရပါတယ်။ ပြီးတော့ ရန်ကုန်ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဌာနမှာ ၇-၈-၂၀၁၇ ရက်နေ့မှ ၈-၉-၂၀၁၇ ရက်နေ့အထိ ၂၉ ကြိမ် ဓာတ်ရောင်ခြည်ကုထုံး ခံယူခဲ့ရပါတယ်”ဟု ဦးကျော်ကျော်အောင်က ဆိုသည်။

ကင်ဆာဆေးသွင်းကုသမှု လေးကြိမ်နှင့် ဓာတ်ရောင်ခြည်ကုထုံး ၂၅ ကြိမ်ခံယူခဲ့ရသော်လည်း ဆံပင် လုံးဝ မကျွတ်ခဲ့ဟု ဦးကျော်ကျော်အောင်က ဆိုသည်။

“ဆေးသွင်းမှုခံယူခဲ့တုန်းက အပူအစပ်တွေ မစားရဘဲ ဆေးဒဏ်ခံနိုင်အောင် အာဟာရရှိတဲ့ အစား အသောက်တွေကို ဆရာမကြီး ညွှန်ကြားတဲ့အတိုင်း ကျွန်တော့်အမျိုးသမီးက စနစ်တကျ ကျွေးပါတယ်။ အဲဒီအတွက်ဆံပင်လုံးဝမကျွတ်ခဲ့ပါဘူး”ဟု ဦးကျော်ကျော်အောင်က ပြောပြခဲ့သည်။

ဦးကျော်ကျော်အောင်ခံစားရသည့် လျှာကင်ဆာကို ကင်ဆာအဆင့်(၂)ဟုသတ်မှတ်ထားကြောင်း၊ ကင်ဆာဖြစ်ရခြင်းမှာ ကွမ်းအလွန်အမင်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့်ဟု ထင်ကြောင်း သိရသည်။

ကျွန်တော်က ကွမ်းကို အရမ်းစားပါတယ်။ ဆေးလိပ်လည်း သောက်ပါတယ်။ အဲဒါကြောင့် လျှာ ကင်ဆာဖြစ်တယ်လို့ ထင်ပါတယ်။ ကင်ဆာမျိုးရိုး မရှိပါဘူး

လျှာကင်ဆာမဖြစ်မီက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော အသက် ၄၇ နှစ်အရွယ် ဦးကျော်ကျော်အောင်က လက်ရှိဆေးကုသမှု ပြီးချိန်တွင် လက်ရှိအလုပ်ကိုပင် ကျန်းမာစွာ လုပ် ကိုင်လျက်ရှိကြောင်း သိရသည်။

“ကင်ဆာမဖြစ်ခင်မှာကတည်းက ဒါန၊ သီလ၊ ဘာဝနာတရားတွေကို ကိုယ်နိုင်သလောက် ဆောက်တည်ခဲ့ပြီး ကင်ဆာဖြစ်ပြီးချိန်မှာတော့ သေမင်းက တံခါးလာခေါက်ပြီဖြစ်တဲ့အတွက်၊ မှတ်တိုင်လာစိုက် ပြီဖြစ်တဲ့အတွက် ဒါန၊ သီလ၊ ဘာဝနာကိစ္စတွေကို အရင်ကထက်တိုးပြီး ဆောင်ရွက်ဖြစ်ပါတယ်”ဟု ဦးကျော်ကျော်အောင်က ဆိုသည်။

ကင်ဆာကုသပြီးနောက်ပိုင်းတွင်လည်း ပြသခဲ့သည့် ခွဲစိတ်ဆရာဝန်ကြီးနှင့်သာမက ကင်ဆာအထူးကု ဆရာဝန်နှင့်ပါ ၃ လတစ်ကြိမ် ပြန်လည်ပြသပြီး လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ အမြဲတမ်းပြု လုပ်ခဲ့ကြောင်း ဦးကျော်ကျော်အောင်က ပြောသည်။
“ကင်ဆာဖြစ်တော့ ဇနီးသည်နဲ့ သမီးနှစ်ဦးရဲ့ ကူညီထောက်ပံ့မှုတွေကို အဓိက ရရှိခဲ့ပါတယ်။ ကင်ဆာကုသအောင်မြင်ရတာက မိသားစုဝင်တွေရဲ့ စောင့်ရှောက်မှုကြောင့်သာမက သက်ဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ကုသမှုနဲ့ ပြောဆိုဆုံးမမှုအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက် နေထိုင် စားသောက်တာတွေကြောင့်လို့ ထင်ပါတယ်”ဟု ဦး ကျော်ကျော်အောင်က ကင်ဆာခရီးလမ်း ကျော်လွှား နိုင်ခဲ့ပုံကို ပြောပြခဲ့ပါသည်။

လျှာကင်ဆာကို ကုသအောင်မြင်ခဲ့ပြီး စွယ်တော်ရိပ်ကင်ဆာဝေဒနာရှင်များ ပရဟိတအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် ဦးကျော်ကျော်အောင်က ဘဝတူ ကင်ဆာဝေဒနာရှင်များအား တတ်နိုင်သမျှ ကူညီ ဖေးမလျက်ရှိပြီး တတ်နိုင်သမျှ ဘာသာရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ယခုလို ပြောကြားခဲ့သည်။

“အခု ကျွန်တော် ကင်ဆာဖြစ်ပြီးနောက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကျွန်တော့်လို ခံတွင်းကင်ဆာအဆင့် (၄) ခံစားနေရသူ နှစ်ယောက် (ဖြူးမှ တစ်ယောက်၊ မြောက်ဥက္ကလာမှတစ်ယောက်)ကို ကာယကံ၊ ဝစီကံနဲ့ ကူညီလိုက်ပါဆောင်ရွက်ပေးပြီး အခုအခါ သူတို့နှစ်ဦးက တော်တော်လေးကို တိုးတက် ကောင်းမွန်လာပြီ ဖြစ်ပါတယ်။

ကျွန်တော် ကင်ဆာခွဲစိတ်စဉ်နဲ့ ကုသမှု ခံယူနေစဉ် တရားမှတ်ပါတယ်။ ခွဲစိတ်ပြီး စကားမပီသတဲ့အတွက် ပဋ္ဌာန်းတရားတော်ကို နေ့စဉ် ရွတ်ဖတ်ရာမှာ ခက်ခဲပင်ပန်းပေမယ့်လည်း လေ့ကျင့်သလိုဖြစ်ပြီး တန်ခိုးကြီးမားတဲ့ ပဋ္ဌာန်းကို နေ့စဉ်ရွတ်ဖတ်တော့ စကားပီသစွာ ပြောဆိုလာနိုင်ပါတယ်။

အခုအခါ မိသားစုစားဝတ်နေရေးအတွက် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း တစ်ဖက်တစ်လမ်းကနေ မယ်လမုစေတီတော်အဘိဓမ္မာ ပြန့်ပွားရေးအသင်းမှာ EC တစ်ယောက်အဖြစ် ဆောင်ရွက်ပြီး အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်သင်တန်း၊ ပဋ္ဌာန်းသင်တန်းနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ လူငယ်အဘိဓမ္မာသင်တန်းတွေ အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ ပြီးတော့ တရားထိုင်တာ၊ ဂုဏ်တော်ပွားများတာ၊ မေတ္တာပို့တာ၊ အမျှပေးဝေတာတို့ကို အာစိဏ္ဏကံအဖြစ် လုပ်ဆောင်နေပါတယ်”

ယခုအခါ နေ့စဉ် ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းနေသော ဦးကျော်ကျော်အောင်က အခြား သူများ၊ ကင်ဆာဝေဒနာရှင်များကို သူ့အတွေ့အကြုံ အခြေခံ၍ –
“တခြားသူတွေကို အကြံပေးချင်တာက ခံတွင်း ကင်ဆာရောဂါအတွက် တကယ်ဒုက္ခပေးတဲ့ ကွမ်းနဲ့ ဆေးလိပ်ကို တစ်သက်လုံး ရှောင်ရှားစေချင်ပါတယ်။

ကင်ဆာဖြစ်လို့ ဆေးကုသမှု ခံယူရာမှာလည်း တကယ်ကို သုတေသနပြုလုပ်ပြီး စမ်းသပ်အောင်မြင်တဲ့ ဆေးတွေနဲ့ ကုသကာ ဆရာဝန်၊ ဆရာမတွေရဲ့ လမ်းညွှန်မှုတွေကို တသွေမတိမ်း လိုက်နာဆောင်ရွက်မယ်ဆိုရင် တကယ်ကို ပျောက်ကင်းမှာ ဖြစ်ပါတယ်။ အခုခေတ်ပေါ်နေတဲ့ ပျောက်စေဆရာတွေနဲ့ ကုသရင် မပျောက်တဲ့အပြင် ရောဂါ ပိုမိုဆိုးရွားလာပြီး ကုသရာမှာလည်း ခက်ခဲစေမှာ ဖြစ်ပါတယ်” ဟု အကြံပြုစကားများ ပြောကြားလိုက်ပါသည်။

* (မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးကျော်ကျော် အောင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top