Healthy Life Ad
Life Style

လမ်းလျှောက်ရင်း ခါးကုန်းလာလျှင်

ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. တချို့လူတွေမှာ လမ်းလျှောက်ရင်း ခါးက ကုန်းကုန်းလာတာကို တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်ဖြစ်ရတာပါလဲ ဆရာ။

ဖြေ. လမ်းလျှောက်တဲ့အခါမှာ ခါးက ကုန်းလာတယ်၊ အစပိုင်းတော့ ခါးက မတ်မတ်နဲ့ပဲ လမ်းလျှောက်နေပြီး နည်းနည်းနာလာတဲ့အခါမှာ ခါးကို ကုန်းလိုက်မှပဲ သက်သာသွားပါတယ်.. ဒီရောဂါကို ခါးရိုးကျဉ်းရောဂါ (Spinal Stenosis) လို့ ခေါ်ပါတယ်။ ဒီအခြေအနေဖြစ်ရင် လမ်းလျှောက်ရင်း.. လမ်းလျှောက်ရင်း ခါးက ပိုပိုကုန်းလာပါတယ်။ ခါးကိုဆန့်လိုက်ရင် ပိုနာပါတယ်။ ဒါက ခါးဆန့်လိုက်တဲ့အခါမှာ ခါးထဲမှာရှိတဲ့ အာရုံကြောရဲ့နေရာက ကျဉ်းသွားတဲ့အတွက် အကြောကို ပိုဖိမိသွားပြီး ပိုနာလာတာပါ။

လမ်းလျှောက်နေတာက ဓာတ်တိုင်သုံးတိုင်လောက် လျှောက်ပြီးသွားရင် အဲဒီလိုတွေဖြစ်လာတယ်၊ ခါးနာလာလို့ ထိုင်ချလိုက်ပြီး နားလိုက်မှ ပြန်သက်သာသွားပါတယ်။ နောက်ထပ် ပြန်လျှောက်နေရင် အဲဒီလောက် အကွာအဝေးရောက်ရင် ပြန်ဖြစ်လာပြီး ပြန်နားလိုက်ရပါတယ်။ ဒီလိုနဲ့ . . .

မေး. အဲဒီလို ဖြစ်တဲ့သူတွေက တခြားကော ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသေးသလဲ ဆရာ။

ဖြေ. အများအားဖြင့်ကတော့ လမ်းလျှောက်တဲ့အခါတွေမှာသာ ပိုဆိုးလာတယ်။ လမ်းလျှောက်နေတာက ဓာတ်တိုင်သုံးတိုင်လောက် လျှောက်ပြီးသွားရင် အဲဒီလိုတွေဖြစ်လာတယ်၊ ခါးနာလာလို့ ထိုင်ချလိုက်ပြီး နားလိုက်မှ ပြန်သက်သာသွားပါတယ်။ နောက်ထပ် ပြန်လျှောက်နေရင် အဲဒီလောက် အကွာအဝေးရောက်ရင် ပြန်ဖြစ်လာပြီး ပြန်နားလိုက်ရပါတယ်။ ဒီလိုနဲ့ လမ်းလျှောက်ရတာ အဆင်မပြေတော့ပါဘူး။ အခြေအနေဆိုးလာတဲ့အခါမှာတော့ တစ်ခါတစ်ခါ လမ်းလျှောက်ရတဲ့ အကွာအဝေးက ပိုပိုပြီးတော့ နည်းလာပါတော့တယ်။ နောက်ဆုံး အိမ်ထဲမှာတင် သွားရလာရတာ အဆင်မပြေတော့ပဲ ဖြစ်လာပါတယ်။ ဒါကို Neurological Claudification လို့ ခေါ်ပါတယ်။ အာရုံကြောကြောင့်ဖြစ်တဲ့ ဝေဒနာလို့ ဆိုလိုတာပါပဲ။ သွေးကြောတွေပိတ်ပြီးဖြစ်လာတာပါ။

မေး. အဲဒီအချိန်မှာ ဘယ်လိုဝေဒနာတွေ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. ဒီရောဂါဖြစ်ပြီဆိုရင် လူနာတွေက တင်ပါးကနေ စူးပြီးတော့ ကိုက်တယ်၊ နာတယ်၊ ကျဉ်တယ်၊ ထုံတယ် . . စသဖြင့် ပြောတတ်ကြပါတယ်။ ပထမဆုံး တင်ပါးကနေစဖြစ်တယ်၊ ပြီးရင် ပေါင်တွေကို ကူးလာတယ်၊ နောက်ခြေသလုံးကနေ ခြေကျင်းဝတ်အထိကို အဲလိုဖြစ်လာတယ်။ တချို့လူနာတွေကတော့ ပြောင်းပြန်ပြောကြပါတယ်။ ခြေချင်းဝတ်ကနေ စဖြစ်လာပြီး တဖြည်းဖြည်းအပေါ်အထိ ကူးလာတာဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ လမ်းပါမလျှောက်နိုင်အောင် ဖြစ်လာပါတယ်။ တစ်ခါတလေမှာလည်း ခါးနာတာ ဖြစ်တတ်ပါတယ်။ တချို့လူနာတွေမှာတော့ ခါးမနာပါဘူး။ ညညလည်း အိပ်မပျော်တော့ဘူး။ လမ်းလျှောက်တဲ့အခါတွေမှာ အဲဒီလက္ခဏာတွေဖြစ်လာတဲ့ လူနာက ပိုများပါတယ်။ တချို့တွေကတော့ ရပ်နေရင်းနဲ့ ထိုင်နေရင်းနဲ့ ဒီလိုလက္ခဏာတွေ ပြတာလည်း ဖြစ်တတ်ပါတယ်။

မေး. ခါးအာရုံကြောကျဉ်းရတာက ဘာကြောင့်ဖြစ်ရတာပါလဲ ဆရာ။

ဖြေ. ခါးအာရုံကြောကျဉ်းရတဲ့ အကြောင်းရင်းကတော့ အများကြီးရှိပါတယ်။ မွေးရာပါကျဉ်းတာလည်း ရှိသလို တခြားရောဂါတွေကြောင့် ကျဉ်းတာလည်း ရှိပါတယ်။ ထိမိခိုက်မိလို့ ကျဉ်းတာတွေလည်းရှိပါတယ်။ ခါးရိုးမှာဖြစ်တဲ့ တခြားသော ပြဿနာတွေကြောင့် ကျဉ်းတာတွေလည်း ရှိပါတယ်။

မေး. ခါးရိုးကျဉ်းရောဂါကို ဘယ်လိုကုသမှုပေးလေ့ရှိပါသလဲ ဆရာ။

ဖြေ. ခါးရိုးကျဉ်းရောဂါရှိတဲ့ လူနာတွေကို ကုသမှုအနေနဲ့ သောက်ဆေးတွေပေးလို့ ရပါတယ်။ ထိုးဆေးတွေလည်း ပေးလို့ရပါတယ်။ ဒီဆေးတွေပေးလို့မှ မသက်သာဘူးဆိုရင်တော့ တစ်ခါတလေမှာ ခွဲစိတ်ရတာလည်းရှိပါတယ်။ အများအားဖြင့်တော့ မခွဲစိတ်ဘဲ သက်သာသွားတာများပါတယ်။ အခြေအနေကလည်း ဆိုးတယ်၊ ဆေးထိုး/ဆေးသောက်နဲ့လည်း မသက်သာဘူးဆိုရင်တော့ လူနည်းစုလောက်တော့ ခွဲစိတ်ကုသရပါတယ်။ ခွဲစိတ်တာကတော့ အာရုံကြောပေါ် ဖိမိနေတာတွေ လျော့သွားအောင် ပြုပြင်ပေးတာပါ။ သောက်ဆေး၊ ထိုးဆေးတွေက အများအားဖြင့် တစ်ပတ်-နှစ်ပတ်လောက်မှာ သိသာလာပါတယ်။ ချက်ချင်းကြီး လုံးဝမပျောက်သွားပေမယ့် တော်တော်ကိုသက်သာသွားပါတယ်။ နေလို့ထိုင်လို့ရသွားပါတယ်။

မေး. ဒီရောဂါ သက်သာပြီးချိန်မှာ ပြန်မဖြစ်စေဖို့ လူနာအနေနဲ့ ဘယ်လိုဂရုစိုက်နေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ. ဒီရောဂါ ပြန်မဖြစ်အောင် အဓိကကတော့ ခါးကို ဂရုစိုက်ရမှာပါ။ အလေးအပင်မရတာတွေ၊ ကုန်းရမယ့် အလုပ်တွေကို လျှော့လုပ်ရပါမယ်။ ခန္ဓာကိုယ်ကို ညှာညှာတာတာ ထားသင့်ပါတယ်။ ခါးတင်မကပါဘူး၊ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာအစိတ်အပိုင်းကိုမဆို ညှာညှာတာတာထားရပါမယ်။ အဲဒီလိုမထားဘဲ ပျက်စီးသွားမှဆိုရင် ပြန်ကုရတာ ခက်သွားတတ်ပါတယ်။

ယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top