Healthy Life Ad
Life Style

ရင်သားကင်ဆာအဆင့်(၂) ကုသအောင်မြင်ပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေသူ မသီတာခိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

စွယ်တော်ရိပ် ကင်ဆာဝေဒနာရှင်များပရဟိတ အဖွဲ့၏ တွေ့ဆုံပွဲအခမ်းအနားတစ်ခုတွင် မသီတာခိုင်ကို စတင်တွေ့ဆုံဖူးခဲ့ခြင်းဖြစ်သည်။ စာရင်းရေးမှတ်ခြင်း၊ အလှူငွေလက်ခံခြင်းတို့ကို အားတက်သရော ဆောင်ရွက်နေသည့် မသီတာခိုင်ကို ကျန်းမာတက်ကြွသည့် အမျိုးသမီးတစ်ဦးအဖြစ်သာ ထင်မှတ်ခဲ့သည်။ သို့ရာတွင် ရင်သားကင်ဆာကုသအောင်မြင်ထားသူဟု သိရသည့်အခိုက် အံ့အားသင့်ခဲ့ရသည်။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် နေထိုင်လျက်ရှိသည့် မသီတာခိုင်သည် ဖွံ့ဖြိုးမှုအားနည်းလှသည့် ချင်းတောင်တန်းတွင်လည်း ပရဟိတအလုပ်များကို စွမ်းစွမ်းတမံ လုပ်နေဆောင်နေကြောင်း သိရှိရရာ မသီတာခိုင်၏ ရင်သားကင်ဆာခရီးလမ်း ဖြတ်သန်းခဲ့ပုံနှင့် ကင်ဆာကုသအောင်မြင်ပြီးနောက်ပိုင်း ဘဝနေထိုင်မှုပုံစံတို့ကို မေးမြန်းကြည့်မိခဲ့ပါသည်။

“အစ်မအသက် ၄၂နှစ်အရွယ် ၁၄-၁-၂၀၁၆ ရက်နေ့မှာ ညာဘက်ရင်သားအကျိတ်ကို စတွေ့ခဲ့တယ်။ ခါးနာတာကလည်း တစ်လကျော်ကြာနေပြီ”ဟု မသီတာခိုင်က ရင်သားကင်ဆာခရီးလမ်းအစကို ပြန်ပြောင်းပြောပြခဲ့သည်။ “ရင်သားအကျိတ်တွေ့တာနဲ့ ညောင်ဦးမှာရှိတဲ့ လနှင့်နေ အထူးကုဆေးရုံခွဲစိတ်အထူးကု ဒေါက်တာကျော်သီဟနဲ့ပြဖြစ်ခဲ့ပါတယ်။ အကျိတ်ကို ဒီအတိုင်းမထားသင့်ဘူးဆိုပြီး ၃၀-၁-၂၀၁၆ ရက်နေ့မှာ ပထမအကြိမ် ခွဲလိုက်ပါတယ်”

ပထမအကြိမ်ခွဲပြီး အသားစစစ်ဆေးမှု ခံယူခဲ့ရာ ရင်သားကင်ဆာအဆင့် (၂) ဟုသိရသည်။ ရင်သားကင်ဆာဟုသိရသော်လည်း သတ္တိကောင်းသော မသီတာခိုင်အတွက် အထွေအထူး ကြောက်စိတ်မဝင်ခဲ့ပေ။

“ကြောက်တော့ မကြောက်ဘူး။ ကင်ဆာဆိုတော့ကုရမှာပဲဆိုပြီး ၁၄-၂-၂၀၁၆ရက်နေ့မှာ ညာဘက်ရင်သားကို ခွဲထုတ်ပစ်လိုက်ပါတယ်။ အစ်မ မကြောက်တတ်ပုံက ရင်သားလှီးဖြတ် ခွဲစိတ်ဒဏ်ရာကြီးနဲ့ လက်ဝှေ့ပွဲတွေလည်း ကြည့်တာပဲ။ ဘုရားတွေလည်း ပတ်ဖူးလိုက်သေးတယ်။ နောက်ပိုင်း ကင်ဆာဆေးသွင်းရမယ်ဆိုတော့လည်း သွင်းမယ်ဆိုပြီး မကွေးမှာ ကင်ဆာအထူးကုဆရာဝန်ဒေါက်တာ သော်တာပပထွန်းနဲ့ကုဖြစ်ခဲ့ပါတယ်”ဟု မသီတာခိုင်က ပြောသည်။
ကင်ဆာဆေး (၆)ကြိမ်သွင်းခဲ့ရပြီး ဓာတ်မကင်ခဲ့ရဟု မသီတာခိုင်ကပြောကာ ကင်ဆာဆေးသွင်းစဉ် ကျန်းမာရေးကောင်းမွန်စေရန် လိုက်နာဖြစ်ပုံကို ယခုလိုပြောပြခဲ့သည်။

“ဆေးရုံက စာရွက်လေးပေးတယ်။ ဆောင်ရန်/ရှောင်ရန်လေးတွေပါတယ်။ အစားအသောက်ကတော့ ဝမ်းသွားမှာစိုးလို့ ဝမ်းနူးစာမစားရဘူး။ ကျန်တာတော့ လတ်ဆတ်တာအကုန်စားလို့ရတယ်။ ဆေးသွင်းနေစဉ် တစ်ပတ်လုံး အစားမဝင်ဘူး။ တချိန်လုံး အန်တယ်။ ဆီးဖြူသီးပဲ စားလို့ရတယ်။ တပတ်ပြည့်တော့ ပြန်ကောင်းသွားတယ်။ အလုပ်လည်း ဆေးသွင်းနေစဉ် တစ်ရက်မှမပျက်ခဲ့ဘူး။

အစ်မက မိအိုဖအိုနှစ်ပါးကို လုပ်ကျွေးနေရတော့ ငွေအရမ်းမကုန်အောင် မကွေးသင်ကြားရေးဆေးရုံမှာ အခမဲ့ဆေးသွင်းခဲ့တာပါ။ ဆေးရုံမှာ အစ်မလောက်မတတ်နိုင်တဲ့လူနာတွေကိုလည်း ဆေးသွင်းစဉ်စားဆေး၊ လမ်းစရိတ်၊ စားစရိတ်တွေကို အပတ်တိုင်းလှူပေးပါတယ်။ လှူနေရရင် စိတ်ချမ်းသာပြီး ရောဂါသက်သာတယ် . .

ညောင်ဦးမှာ၂ကြိမ်ခွဲစိတ်ပြီး ဆေးသွင်းဖို့ကျတော့ တစ်လလေးသိန်းအနည်းဆုံးကုန်ကျမယ်ဆိုလို့ ဆရာက မကွေးသင်ကြားရေးဆေးရုံ လွှဲပေးပါတယ်။ အဲဒီမှာ အစ်မက မိအိုဖအိုနှစ်ပါးကိုလုပ်ကျွေးနေရတော့ ငွေအရမ်းမကုန်အောင် မကွေးသင်ကြားရေးဆေးရုံမှာ အခမဲ့ဆေးသွင်းခဲ့တာပါ။ ဆေးရုံမှာ အစ်မလောက်မတတ်နိုင်တဲ့ လူနာတွေကိုလည်း ဆေးသွင်းစဉ်စားဆေး၊ လမ်းစရိတ်၊ စားစရိတ်တွေကို အပတ်တိုင်းလှူပေးပါတယ်။ လှူနေရရင် စိတ်ချမ်းသာပြီး ရောဂါသက်သာတယ်”

မသီတာခိုင်သည် ဇာတိမြို့မှာပင် မိဘနှစ်ပါးနှင့်အတူ နေထိုင်ရင်း စာသင်ကြားခြင်းနှင့် စက်ချုပ်သည့် အလုပ်တို့ကို လုပ်ဆောင်ခဲ့သူဖြစ်သည်။ “ကင်ဆာမဖြစ်ခင် သူငယ်ချင်းတွေနဲ့ စာသင်ပါတယ်။ နောက်ပိုင်းစာမသင်တော့ဘဲ စက်ချုပ်ပါတယ်။ ည ၂နာရီထိ စက်ချုပ်ပါတယ်။ ညဉ့်နက်အထိနေတော့ မအိပ်ချင်အောင် အဆင်သင့်စာတွေစားပြီး အလုပ်လုပ်ခဲ့တာ။ အဲဒီလိုလုပ်ရင်း ၅ နှစ်လောက် အကြာမှာကင်ဆာဖြစ်တာပါပဲ”ဟု မသီတာခိုင်က ကင်ဆာဖြစ်ရခြင်း ထင်မြင်ချက်ကို ပြောပြခဲ့သည်။

မျိုးရိုးအနေဖြင့် မသီတာခိုင်၏ အဒေါ်ဖြစ်သူက သားအိမ်ကင်ဆာဖြစ်ခဲ့ဖူးပြီး ယခု နှစ် ၂၀ ကြာသည်အထိ လူကောင်းအတိုင်း ကျန်းမာလျက်ရှိကြောင်း ဆိုသည်။ “ဆေးသွင်းပြီးတော့ တစ်လတစ်ခါ ခြောက်လပြန်ပြရတယ်။ ပြီးတော့ သုံးလတစ်ခါ တစ်နှစ်ပြရတယ်။ အခု ခြောက်လတစ်ခါပဲ ဆေးပြန်စစ်ရတယ်။ ဆေးပြန်စစ်တိုင်း ကောင်းပါတယ်”ဟု မသီတာခိုင် ကပြောသည်။

ကင်ဆာကုသမှု ခရီးလမ်းအောင်မြင်စေရန်အတွက် မိသားစု ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများ၏ ကူညီဖေးမစောင့်ရှောက်မှု၊ အားပေးထောက်ပံ့မှုများကလည်း အလွန်အရေးပါရာ တစ်ဦးတည်းသောသမီး မသီတာခိုင်အတွက် ထိုပံ့ပိုးကူညီမှုများ အပြည့်အဝရရှိခဲ့သဖြင့် ကံကောင်းသည်ဟု ဆိုရမည်။

“ကင်ဆာဖြစ်တော့ မိဘနှစ်ပါးနဲ့ အစ်မရဲ့ တပည့်မလေးငယ်ငယ်၊ ပြီးတော့ သူငယ်ချင်းတွေ သူတို့တွေရဲ့အားပေးမှုက အားရှိစရာပါ။ နိုင်ငံရပ်ခြားက သူငယ်ချင်းတွေကလည်း အစ်မက မပြောရဘဲ ငွေတွေလွှဲပေးကြတယ်။ အစ်မမိတ်ဆွေသူငယ်ချင်းတွေရဲ့ အားပေးမှုကလည်း တအားပါပဲ။ နေမကောင်းဘူးကြားတော့ အဝေးကြီးကနေလာတွေ့ကြတယ်”ဟုပြောပြခဲ့ပြီး ကင်ဆာကုသအောင်မြင်မှုတွင် အကောင်းမြင် စိတ်ထားရန်လည်း အရေးကြီးကြောင်းဆိုသည်။

“အကောင်းမြင်စိတ်ကလည်း အရေးကြီးတယ်။ ကင်ဆာလူနာက ဒေါသဖြစ်ရင် ကင်ဆာဆဲလ်ပိုတိုးတယ်လေ။ ဒါ့ကြောင့် အစ်မက အရာရာကိုအကောင်းမြင်စိတ်နဲ့ပဲ ကြည့်ပါတယ်။ ပြီးတော့ ကိုယ်ချင်းစာတရားက လူကိုနူးညံသိမ့်မွေ့စေပါတယ်။ ကုသိုလ် ရေးတွေများများလုပ်ရင် စိတ်ကြည်လင်ပါတယ်။ ဒေါသ၊ မောဟတွေထိန်းနိုင်ပါတယ်။ အစ်မကတော့ ပျော်ပျော်နေပါတယ်။ စိတ်ညစ်စရာသိပ်မတွေးဖြစ်ဘူး။ အရာရာကို အကောင်းဘက်က အမြဲတွေးပါတယ်။ ဒါကြောင့် ကုသအောင်မြင်တယ်လို့ ထင်ပါတယ်”

ကင်ဆာဖြစ်ပြီးနောက်ပိုင်းတွင် ဘဝကို ပိုတန်ဖိုးထားတတ်လာပြီး ဘဝခံယူချက်ပြောင်းလဲသွားပုံကိုလည်း မသီတာခိုင်က ပြောပြခဲ့သေးသည်။ “ကင်ဆာမဖြစ်ခင်ကတော့ ဘယ်အချိန် ဘာလုပ်မယ်ဆိုပြီး အစီအစဉ်တွေဆွဲနေတာပေါ့။ ကင်ဆာဖြစ်ပြီးတော့ နေရတဲ့အခိုက်အတန့်လေး ကောင်းတာတွေပဲလုပ်သွားမယ်။ လူတိုင်းကို အကောင်းမြင်စိတ်လေးအရင်ကထက်ပိုမွေးမယ်။ စေတနာကောင်းနဲ့ ပေးသောသူပဲဖြစ်ချင်တဲ့စိတ် ပိုဖြစ်လာတယ်။ ဖြစ်ချင်ရာဖြစ်မလာတဲ့ လူ့လောကသဘာဝမှာဖြစ်နေတဲ့ နေရာလေးမှာ အကောင်းဆုံးလုပ်ဆောင် သွားမယ်ဆိုတဲ့ ခံယူချက်လေးရှိသွားပါတယ်။ အဲဒီအတိုင်း လည်းနေဖြစ်သွားတယ်”

နောက်ပိုင်းတွင် မသီတာခိုင်သည် ကင်ဆာပိုင်ရှင်နှင့် မိတ်ဆွေကောင်းများအဖွဲ့မှတဆင့် မတတ်နိုင်သော ကင်ဆာလူနာများကို သနားဂရုဏာသက်မိကြပြီး ရင်ဘတ်ချင်းတူသူများနှင့် စုပေါင်း၍ အဖွဲ့လေးစုဖွဲ့မိကြကာ စွယ်တော်ရိပ်ကင်ဆာဝေဒနာရှင်များ ပရဟိတအဖွဲ့ကို စတည်ထောင်ခဲ့တော့သည်။ “စွယ်တော်ရိပ်ကင်ဆာဝေဒနာရှင်များ ပရဟိတအဖွဲ့ စဖွဲ့ကတည်းက အစ်မလစဉ် လှူဒါန်းခဲ့ပါတယ်။ ချင်းလုံချည်လေးတွေရောင်းပြီးလည်း ရတဲ့အမြတ်ငွေကို လှူဒါန်းပါတယ်။ အခုဆို စွယ်တော်ရိပ်က ချို့တဲ့ကင်ဆာလူနာတွေကို လှူဒါန်းနိုင်ရုံသာမက စွယ်တော်ရိပ်ကင်ဆာ အခမဲ့ဆေးခန်းလေးကိုလည်း ဖွင့်လှစ်ပြီး ကင်ဆာအထူးကု ဆရာဝန်ကြီးက အခမဲ့လာရောက်ကြည့်ရှုပေးနေပြီ ဖြစ်ပါတယ်။

ဆယ်တန်းအောင်ကတည်းက ကျောင်းဖွင့်တာစောင့်ရင်း မရှိဆင်းရဲသားကလေးတွေ စာသင်ပေးခဲ့တယ်။ ကျောင်ဝတ်စုံချုပ်ပေး၊ စာအုပ်က အစ ဝယ်ပေးလုပ်ပေးခဲ့တယ်။ တက္ကသိုလ်တက်တော့လည်း ဘိုးဘွားရိပ်သာမှာ လစဉ်ထမင်းတစ်နပ်ကို သူငယ်ချင်းတွေနဲ့စုလှူတယ်။ အဘိုးအဘွားအဝတ်တွေလျှော်ပေးခဲ့တယ်။ အခုနောက်ပိုင်းကျတော့ မိဘမဲ့ကလေးတွေ၊ စားဝတ်နေရေးချို့တဲ့တဲ့ အဘိုးအဘွားတွေ၊ ဆွမ်းချို့တဲ့ရှားပါးလှတဲ့ တောင်တန်းသာသနာပြုဆရာတော်တွေကို ကိုယ်တိုင်လှူဖြစ်သလို တခြားစေတနာရှင်တွေက လှူပေးပါဆိုရင်လည်း ကူညီပြီး လစဉ်လှူဒါန်းပေးနေပါတယ်”

ကင်ဆာကုသအောင်မြင်ထားသည်မှာ နှစ်နှစ်ခွဲခန့်ကြာခဲ့ပြီဖြစ်သည့် မသီတာခိုင်သည် ယခုအခါ ကျန်းမာလန်းဆန်းစွာဖြင့် မိဘနှစ်ပါးကို အလုပ်အကျွေးပြုရင်း ပရဟိတအလုပ်များကို တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေသူဖြစ်သည်။ သူက အခြားကင်ဆာဝေဒနာရှင်များ၊ ကင်ဆာကုသနေသူများကိုလည်း ယခုလို အားပေးစကား ပြောကြားလိုက်ပါသည်။ “အစ်မ ကင်ဆာဆေးသွင်းကုသစဉ် ဝေဒနာခံစားနေရတော့ ဝင်လေထွက်လေမှတ်ဖြစ်တယ်။ သီးသန့်တရားထိုင်တယ်မဟုတ်ဘဲ လှဲလျောင်းနေရင်း ဝင်လေထွက်လေမှတ်ပါတယ်။ အလှူဒါန ပိုပြီးလုပ်ပါတယ်။

ကင်ဆာဖြစ်နေသူတွေကို အဓိက အကြံပေးချင်တာကတော့ ဆေးပတ်လည်အောင် ကင်ဆာဆေးသွင်းပါ။ ပေးတဲ့ဆေးတွေ အချိန်မှန်သောက်ပါ။ ကင်ဆာဆေးသွင်းရင်ခံစားရတဲ့ ဝေဒနာက ကိုယ်တစ်ယောက်တည်းမှဖြစ်တာ မဟုတ်ပါဘူး။ အစ်မတို့လို အရှေ့က ကင်ဆာဆေးသွင်ပြီး နေကောင်းသွားသူတွေကိုကြည့်ပြီး အားတင်းပါ။ ကင်ဆာလူနာအများစုက စိတ်မကျေနပ်တာများကြတယ်။ ဒေါသကြီးကြတယ်။ ဒေါသတွေကို တတ်နိုင်သမျှ လျှော့ချပါ။ ကိုယ့်ရဲ့မိသားစုလည်း အရမ်းပင်ပန်းပါတယ်။ သူတို့တွေကို စိတ်ခံစားမှုမပေးပါနဲ့။ ဝေဒနာကိုတရားနဲ့မှတ်ပါ။ အကောင်းမြင်စိတ်မွေးပါ”ဟု မသီတာခိုင်က စေတနာကောင်းဖြင့် အကြံပြုလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top