Healthy Life Ad
Life Style

အပြစ်မဲ့ကလေးငယ်တို့ရဲ့အိပ်မက်ဆိုး (သို့မဟုက်)သက်ငယ်မတရားပြုကျင့်ခံရခြင်း

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ယခုရက်ပိုင်းအတွင်း ရန်ကုန်ကလေးဆေးရုံကြီးတွင် လိင်အကြမ်းဖက်ခံရခြင်း သို့မဟုတ် သက်ငယ်မတရား ပြုကျင့်ခံရခြင်းကြောင့် အရေးပေါ်ခွဲ စိတ်ကုသမှု ခံယူနေရသော သမီးငယ်လေးသတင်းက အများပြည်သူတို့၏ စိတ်နှလုံးကို ထိခိုက်ကြေကွဲစေခဲ့သည်။ အသက်ခြောက်နှစ်ခွဲအရွယ် သမီးလေး . . အရွယ်နဲ့ မမျှ အရေးပေါ် ခွဲစိတ်မှုပြုလုပ်လိုက်ရသဖြင့် နှာခေါင်းပိုက်တန်းလန်း၊ ဗိုက်မှာလည်း ဝမ်း၊မစင်လွှဲသည့် ပိုက်တန်းလန်းနဲ့ . . သမီးလေး၏နုနယ်လှသော မျက်နှာထက်တွင် မတရားပြုကျင့်သူ၏ လူမဆန်လှသော ဒဏ်ရာဒဏ်ချက်ပေါင်း များစွာ . . အပေါ်ယံမြင်ရသော ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များထက် သမီးလေး၏ရင်တွင်း စိတ်ဒဏ်ရာက အဆပေါင်းများစွာ ပိုနာကျင်ခံစားရပေလိမ့်မည်။

“ဖြစ်ပုံက ဒီသမီးလေးရဲ့အဘိုးအိမ်မှာ အလုပ်လာလုပ်တဲ့ အသက် ၃၀ အရွယ်အလုပ်သမားက သူတို့မောင်နှမနှစ်ယောက်ကို မုန့်ကျွေးမယ်ဆိုပြီး နေ့လယ်ပိုင်း မှာခေါ်သွားတယ်။ သူတို့နေရာလေးက ကျူတောလေးရှိတယ်။ သူက ရည်ရွယ်ချက်ရှိတော့ ‘ပိုက်ဆံတစ်ထောင်ကျန်ခဲ့တယ်၊ ပြန်ယူလိုက်ဦး’ဆို ပြီး ကလေးမလေးအစ်ကိုကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ကလေးမလေးကို ကျူတောထဲခေါ်သွားပြီးတော ့မတရားပြုကျင့်လိုက်တယ်။ ရိုက်လည်း ရိုက်နှက်ထားတယ်။ ညနေ ၇ နာရီခွဲဝန်းကျင်လောက်မှာ မိပါတယ်”ဟုဖြစ်စဉ်ကိုသိခဲ့ရပြီး “ကလေးရဲ့ ကိုယ်တွင်းခေါင်းအထိပါ ထိခိုက်သွားတဲ့အတွက် အကြီးစားခွဲစိတ်မှုပြုလုပ်ပေးထားရတယ်”ဟု ခွဲစိတ်ဆရာဝန်ကြီးများကပြောကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိရသည်။

ဆံပင်ရှည်လေးနှင့် ချစ်စရာ သမီးငယ်လေး သည် ဆေးရုံကုတင်ထက်တွင် နှာခေါင်း ပိုက်တန်းလန်း၊ မျက်နှာနှင့် နှုတ်ခမ်းတို့တွင် ခြောက်သွေ့နေ သော သွေးစလေးများနှင့် ဖူးရောင်လျက် . .

ဒီလိုသက်ငယ်မတရားပြုကျင့်ခံရသည့် သတင်းကို ယခုမှ ပထမဆုံး ကြားသိရတာ မဟုတ်။ ယခုလိုနည်းပညာတိုးတက်လာသော ခေတ်တွင် ဟိုမှသည်မှ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တဖုံ ခပ်စိပ်စိပ် ကြားနေရတာကြာပြီ။ ‘ဒီခေတ်ကျမှ မကြားဝံ့မနာသာတွေ ဖြစ်လာတာလား’ဟု လူအများ စိတ်ထဲပင် ဇဝေဇဝါ။ ထိုအကြောင်းနှင့် ပတ်သက်ပြီး ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ ဒေါက်တာ ကျော်စွာဦးက “ဒီလိုတော့လည်း မဟုတ်ပါဘူး။ ဒီနေ့ခေတ်က သတင်းနဲ့ နည်းပညာခေတ်ဖြစ်နေတော့ သတင်းတွေက အရမ်းမြန်တယ်။ ပွင့်လင်းလာတဲ့အခြေအနေဖြစ်တော့ ပြောရဲဆိုရဲလာတာလည်း ပါတယ်။ အရင်တုန်းက ပြောရဲဆိုရဲတဲ့အခြေအနေက အားနည်းခဲ့တဲ့အတွက် ဒီလိုမျိုး ပေါ်ပေါ်ထင်ထင် မရှိခဲ့တာပါ။

ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့ သုတေသနတချို့ရဲ့ ညွှန်းကိန်းတွေအရဆိုရင် သက်ငယ်မတရားပြုကျင့်မှု ရာခိုင်နှုန်းမှာ ကလေးတွေကို ဆွေမျိုးနီးစပ်တွေက ပြုကျင့်တဲ့ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။ အဖေသော်လည်းကောင်း၊ ဦးလေးသော်လည်းကောင်း၊ အစ်ကိုသော်လည်းကောင်း၊ ပထွေးကသော်လည်းကောင်း၊ ပထွေးက ပါလာတဲ့ သူကသော်လည်းကောင်း .. စသဖြင့် ပြုကျင့်တာက ၃၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။

ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ အဖေရဲ့မိတ်ဆွေ၊ အစ်ကိုရဲ့ သူငယ်ချင်း စသဖြင့် နီးစပ်ရာလူတွေက အကြမ်းဖက်ပြီး မတရားပြုကျင့်တဲ့ ရာခိုင်နှုန်းက ၆၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ လူစိမ်းက မတရားပြုကျင့်တာ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။

အခုဖြစ်သွားတဲ့ ပုံစံဆိုရင် ၆၀ ရာခိုင်နှုန်းထဲမှာ ပါတယ်။ အိမ်မှာ အလုပ်လာလုပ်တယ်၊ သိလည်း သိနေတယ်ဆိုတဲ့ အနေအထားမှာဖြစ်သွားတာပါ”ဟု ဆိုသည်။သက်ငယ်မတရားပြုကျင့်မှု ဖြစ်နိုင်ခြေများသည့်နေရာများမှာ လုပ်ငန်းခွင်၊ စာသင်ကျောင်း၊ လုံခြုံမှု အားနည်းသည့် ကျူးကျော်တန်းလို နေရာများ၊ ကျေးလက်ဒေသရှိလူအရောက်နည်းပါးသော လယ်ကွင်းပြင်လို နေရာများ စသည်တို့ ဖြစ်ကြောင်း သိရသည်။

“ကျူးလွန်သူရဲ့ စိတ်ထဲမှာ ကလေးတွေပေါ် လိင်ဆက်ဆံဖို့အားသန်နေတာရှိတယ်လို့ ဆေးပညာအရ လေ့လာတွေ့ရှိထားပါတယ်။ ဒါကို Pedophile လို့ ခေါ်ပါတယ်။ ကလေးငယ်တွေကို ဦးတည်ပြီး ကာမ ရယူတဲ့သူကို ပြောတာပါ။ ဒီလိုစိတ်ဆန္ဒရှိတဲ့သူလို့ လည်း ယူဆရပါတယ်။ တချို့ကျတော့လည်း သူတို ရဲ့ လိင်ဆက်ဆံလိုတဲ့ ဆန္ဒကို ကလေးတွေဘက် လှည့်လိုက်တာမျိုးလည်း ရှိပါတယ်။ တချို့ကျတော့လည်း ဒီကိစ္စ ကျူးလွန်ချင်လို့ကို ကျူးလွန်တယ်လို့ လည်းသုံးသပ်ရပါတယ်။ တချို့ကျတော့လည်း ဆေးကြောင်နေလို့လား၊ အရက်ကြောင်နေလို့လား၊ စိတ်ဖောက်ပြန်နေလို့လားဆိုပြီး ထင်ကြပါတယ်။ ဒါကတော့ဖြစ်နိုင်တဲ့ ရာခိုင်နှုန်း နည်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အကြောင်းပြချက်သက်သက်တွေပါပဲ။ လေ့လာသုံးသပ်မှုတွေအရ သက်ငယ်မတရားပြုကျင့်ဖို့အတွက် ဦးတည်နေတဲ့သဘောရှိတာ များတယ်လို့ သိရပါတယ်”ဟု ဒေါက်တာကျော်စွာဦးက ပြောသည်။

ယခုအခါ သက်ငယ်မတရားပြုကျင့်မှုနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသည့် မိဘပြည်သူများ၊ ဆရာဝန်များ၊ အနုပညာရှင်များ ပါဝင်လုပ်ဆောင်နေကြသော ကမ်ပိန်းများ ရှိသော်လည်း အစိုးရက သက်ငယ်မတရားပြုကျင့်မှု နှင့် ပတ်သက်သည့် ဥပဒေတစ်ရပ်ကို တင်းကျပ်စွာ မချမှတ်ထားလျှင် ထိရောက်မှုမရှိနိုင်ဟု မိဘပြည်သူ အများစုက သုံးသပ်ထားသည်။ သက်ငယ်မတရားပြုကျင့်ခံရသည့် ကလေးငယ်များ ပြန်လည် ကျန်းမာလာရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကလည်း ပါဝင်ဆောင်ရွက်လျက်ရှိရာ နောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

“အစိုးရရဲ့ လမ်းညွှန်မှုနဲ့ Billboard ထောင်တာ၊ လက်ကမ်းစာစောင်ဝေတာ၊ ပညာပေးဟောပြော တာတွေကိုပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားပါမယ်။ အဓိက ဒီကိစ္စတွေဖြစ်တာက ကျူးကျော်တန်း၊ ကျေးလက်ဒေသ၊ အခြေခံလူတန်းစားတွေ ကြားမှာဖြစ်တာများတဲ့အတွက် အဲဒီအဆင့်အထိ အသိပညာပေးမှုတွေ ရောက်ရှိသွားအောင် လုပ်ဆောင်ဖို့ရည်ရွယ်ချက်ရှိပါတယ်။ အခုလုပ်ဆောင်မှု တွေကိုသုံးသပ်ကြည့်လိုက်ရင်

မြို့ပေါ်မှာ ပညာပေးတာတွေက များနေတယ်၊ တကယ့်တကယ်ကျတော့ ဟိုးကျေးလက်ဒေသတွေအထိ ပညာပေးတွေရောက်ရှိဖို့ ဝိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အဲဒီလို သွားဖို့ကလည်း ငွေကုန်ကြေးကျအကူအညီပေးမယ့် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ပါဝင်မှု၊ အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းပါဝင်မှု၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့မိဘပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ ပါဝင်မှ အောက်ခြေအထိ ရောက်မယ်လို့ ယူဆပါတယ်။

တရားဥပဒေစိုးမိုးရေးအပိုင်းက ပြောမယ်ဆိုရင် ဒီမှာဖြစ်နေတာကကျူးလွန်ခံရသူ (မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ်)ကိုပဲ အပြစ်မြင်ကြတယ်။ ပြုကျင့်တဲ့သူအပေါ်မှာ သိပ်အပြစ်မမြင်ဘဲ ကျူးလွန်ခံရသူပေါ်မှာပဲ အပြစ်တင်ပြောဆိုကြတာ များတယ်။ ပြစ်မှုကျူးလွန်သူက အပြစ်ကျပြီး လွတ်လာပြီးတဲ့ အချိန်မှာ တချို့နိုင်ငံတွေမှာ ဒီကလေးနားကို ပြန်ကပ်ခွင့်မရှိဘူးဆိုတဲ့ဥပဒေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြစ်မှုကျူးလွန်ထားသူတွေ အပြစ်ကျပြီး ပြန်လွတ်လာတဲ့အခါမှာ ဒီကလေးကို ပြန်ကလဲ့စားချေသလိုမျိုး လုပ်တာတွေရှိနေလို့ပါ။ အဲဒီလိုကလဲ့စားချေမှာကို ကလေးတင်မက အုပ်ထိန်းသူတွေ ကိုယ်တိုင်ကြောက်နေတာကို တွေ့ဖူးပါတယ်။ ဒါကြောင့် ဒီလိုကျူးလွန်သူကို ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းကကြဉ်ထားဖို့လိုပါတယ်။

အိန္ဒိယနိုင်ငံတွေမှာ ၁၂ နှစ်အောက် ကလေးတွေကို မတရားပြုကျင့်တဲ့အခါ ပြုကျင့်သူကို သေဒဏ်ပေးတယ်လို့ကြားသိရပါတယ်။ ဘယ်အသက်အရွယ်ကို ပြုကျင့်ရင် သေဒဏ်ပေးမယ်၊ ဘယ်အသက်အရွယ်ကိုပြုကျင့်ရင် ထောင်ဒဏ် နှစ် ၂၀ ချ မှတ်မယ်စသဖြင့် ဥပဒေပြုမလား ဒါတွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ ဆက်ဆွေးနွေးမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သက်ငယ်မတရားပြုကျင့်သူတွေနဲ့ပတ်သက်ပြီး အမိန့်တွေချမှတ်တဲ့အခါ လွတ်ငြိမ်းချမ်းသာခွင့်လုံးဝမပေး စေချင်ပါဘူး”ဟု ဒေါက်တာကျော်စွာဦးက သူ့ထင်မြင်ယူဆချက်ကို ပြောပြခဲ့သည်။

သက်ငယ်မတရားပြုကျင့်ခံရသည့် ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ ဆေးကုသပျောက်ကင်းနိုင်သော်လည်း စိတ်ကျန်းမာရေးချို့ယွင်းသည့် လက္ခဏာများကိုမူ အရွယ်ရောက်သည်အထိ ခံစားရတတ်ကြောင်း သိရသည်။

“သက်ငယ်မတရားပြုကျင့်ခံရတဲ့ ကလေးတွေထဲမှာ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ စိတ်ကျန်းမာရေးချို့ယွင်းတဲ့ လက္ခဏာတွေကို တွေ့ရှိရတယ်။ အဲဒီကလေးသူငယ်တွေ အရွယ်ရောက်လာရင် ပိုပြီး ဆိုးရွားပြင်းထန်တဲ့ စိတ်ဝေဒနာနှစ်မျိုး ဖြစ်ပွားတတ်တာလည်း တွေ့ရှိရတယ်။

ရောဂါနှစ်မျိုးကတော့ အစာစားခြင်းချို့ယွင်းဝေဒနာ (Eating Disorder)နဲ့ ငြိမ်သက်ခြင်းကင်းမဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းဝေဒနာ (Borderline Personality Disorder)တို့ ဖြစ်ပါတယ်။ အများအားဖြင့် ဘော်ဒါလိုင်းရောဂါလို့ အလွယ်တကူသုံးစွဲပါတယ်။

ကလေးသူငယ်ဘဝမှာ လိင်စော်ကားတာခံရရင် မြီးကောင်ပေါက်အရွယ်ကစပြီး အစာစားခြင်းချို့ယွင်းဝေဒနာတွေထဲမှာ ဝတယ်ထင်လို့ အစားအစာ ရှောင်လွန်းတဲ့ရောဂါနဲ့ အစားကြူးအန်ထုတ်ရောဂါတွေက အဖြစ်များပါတယ်။ ကလေးသူငယ်ဘဝမှာ လိင်ကျူးလွန်စော်ကားတာခံရသူ ၁၂ရာခိုင်နှုန်းဟာ အရွယ်ရောက်လာတဲ့အခါ ဘော်ဒါလိုင်းရောဂါ ရရှိလာနိုင်တယ်။ လိင်စော်ကားခံရတာလည်း ရှိ၊ ရိုက်နှက်ညှင်းဆဲခံရတာလည်းရှိရင် ဘော်ဒါလိုင်းရောဂါ ဖြစ်နှုန်းက ၂၉ ရာခိုင်နှုန်းရှိပါတယ်။ ဘော်ဒါလိုင်း ရောဂါရှင်တွေရဲ့စိတ်ထဲမှာ အစဉ်အမြဲ ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရသလို ဘဝင်မကျဖြစ်နေတတ်တယ်။ စိတ်အပြောင်းအလဲကမြန်လွန်းတယ်။ စိတ်တိုလိုက်၊ စိတ်ညစ်လိုက်၊ ကြည်ကြည်သာသာဖြစ်လာလိုက်၊ အငြင်းပွားရန်လုပ်လိုက်၊ စိတ်ခံစားမှုမရှိသလို နေပြလိုက်စတဲ့ စိတ်ဂနာမငြိမ်တဲ့ အပြုအမူတွေကို တွေ့ရှိရမယ်။ အသေးအဖွဲပြဿနာကို ပုံကြီးချဲ့ပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်လေ့ရှိတယ်။ တက်သလို၊ နတ်ပူးသလို ဖြစ်လာတတ်တယ်။ ဗြုန်းကနဲ့ အကြမ်းဖက်မယ်။ မိမိကိုယ်ကိုယ်ဒဏ်ရာရ အောင်လုပ်မယ်။ တစ်ဦးဦးကို မှီခိုတွယ်တာနေရမှ စိတ်ထဲမှာလုံခြုံမှုရှိတယ်။ ဒါပေမဲ့ သူတို့မှီခိုတွယ်တာ နေရသူကိုအပြစ်တင်ရန်လုပ်လေ့ရှိတယ်။ ဒါကြောင့် လူမှုဆက်ဆံရေးမပြေလည်ဘူး။ အပေါင်းအသင်းမမြဲဘူး။ အရာရာမှာ တဇွတ်ထိုး ပြုမူလုပ်ကိုင်လေ့ရှိတယ်။ အရက်သောက်ရင် မူးအောင်သောက်မယ်။ တွေ့ရာ မူးယစ်ဆေးကို အတိုင်းအဆမရှိ သုံးစွဲမယ်။ မထိန်းနိုင်၊ မသိမ်းနိုင် လောင်းကစားလုပ်မယ်။ အန္တရာယ်မကင်းတဲ့ လိင်ဆက်ဆံမှုတွေကို မရှောင်ဘူး။ ဒါကြောင့် သူတို့ရဲ့ဘဝမှာ ပြဿနာမျိုးစုံနဲ့ အမှန်တကယ်တွေ့ကြုံဆုံဆည်းနေကြရပါတယ်။ ဒီတော့ ဘယ်လိုဖြစ်လာသလဲ၊ မကြာခဏ စိတ်ကျရောဂါ ခံစားရတယ်။ ဘော်ဒါလိုင်းရောဂါရှိသူတွေထဲမှာ ၇၀ ရာခိုင်နှုန်းကျော်ဟာ မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတဲ့ရာဇဝင်ရှိတယ်။ ၁၀ ရာခိုင်နှုန်းကတော့ မိမိကိုယ်ကိုယ် အန္တရာယ်ပြုလို့ အသက်ဆုံးပါးကြရတယ်”ဟု စိတ်ကျန်းမာရေးဆရာဝန်ကြီး ဒေါက်တာအုန်းကျော်က ဆိုသည်။

ကလေးသူငယ်များ မတရား ပြုကျင့်ခံခံရပြိး အရွယ်ရောက်လာသည့်အခါ စိတ်ဒုက္ခအမျိုးမျိုး၊ လူမှုပြဿနာအဖုံဖုံ ကြုံတွေ့ကြရသည့်အတွက် ကလေးသူငယ်များ မတရားပြုကျင့် မခံရစေရန် ယေဘုယျ အားဖြင့် အခန်းကဏ္ဍလေးမျိုးဖြင့် ကာကွယ်ပေးသင့်ကြောင်း ဒေါက်တာအုန်းကျော်ကအကြံပေးထားသည်။

“(၁) လိင်ကျူးကျော်စော်ကားတာနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း။ ဥပမာ စာသင်ကျောင်းတွေ၊ အဖွဲ့အစည်းတွေ၊ ဘာသာရေး ဟောပြောပွဲတွေ၊ ရပ်ကွက်အစည်းအဝေးတွေ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာတွေမှာ ပညာပေးအစီအစဉ်တွေ ထည့်သွင်းပေးနိုင်ပါတယ်။ ကလေးသူငယ်တွေကို လိင်ကျူးကျော်စော်ကားတာနဲ့ ပတ်သက်ရင် လုံးဝလက်မခံသင့်တဲ့ အယူအဆက ပြည်သူလူထုထဲ မှာ ပျံ့နှံ့နေဖို့ လိုအပ်ပါတယ်။

(၂) ကလေးသူငယ်တွေကို လိင်ကျူးကျော် စော်ကားနိုင်တဲ့ အခြေအနေတွေ လျော့နည်းအောင် စီမံဆောင်ရွက်နိုင်ပါတယ်။ ဥပမာ- လိင်ကျူးကျော် စော်ကားဖို့ အခြေအနေရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့ကလေးသူငယ်တွေကို ကာကွယ်မှုပေးခြင်း၊ လိင်ကျူးကျော်စော်ကားမှုရှိရင် တိုင်တန်းအရေးယူနိုင်အောင်လမ်းဖွင့်ပေးခြင်း၊ ကလေးသူငယ်တွေနဲ့ ထိတွေ့ဆက်ဆံရမယ့် အလုပ်အကိုင် (ဥပမာ ကျောင်း ဆရာ၊ ကလေးထိန်းလုပ်သား၊ အားကစားနည်းပြ၊ ကျန်းမာရေးဝန်ထမ်း)ကို မခန့်ထားခင် အလုပ်လျှောက်သူရဲ့ရာဇဝင်ကို ရဲက စစ်ဆေးခြင်း။

(၃) လိင်ကျူးကျော်စော်ကားသူကို ထိထိရောက်ရောက် အရေးယူတဲ့ ဥပဒေတွေ ပြဌာန်းပါတယ်။ ဥပမာ မပေးမနေရ ထောင်ဒဏ်အပြည့်အပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းထောင်ထဲမှာနေစဉ် လိင်ဖောက်ပြန်တဲ့ အပြုအမူလျော့နည်းအောင် ကုသမှု ခံယူရခြင်း။ ကတိဖြင့် ထောင်မှလွှတ်ပြီးရင် ရပ်ကွက်ထဲမှာ ဥပဒေနဲ့ ကြီးကြပ်မှု ဆက်လက်ခံယူရခြင်း။

(၄) လိင်ကျူးကျော်စော်ကားတာခံရတဲ့ ကလေးသူငယ်တွေ ကုသမှု ရရှိနိုင်အောင် သီးသန့်အစီအစဉ်တွေကို ဆောင်ရွက်ပေးရပါမယ်။ လိုအပ်တဲ့ ပြုစုပျိုးထောင်ပံ့ပိုးမှုတွေ ပြည့်စုံအောင် စီမံပေးရပါမယ်”

ယခုအခါ သက်ငယ်မတရားပြုကျင့်ခံရသူများတွင် သမီးမိန်းကလေးများသာမက သားယောကျာ်းလေးများလည်း ပါဝင်လာရာ မိဘအုပ်ထိန်းသူတို့အနေဖြင့် သားရော သမီးပါ အသက်အရွယ်အလိုက် လိင်မှုဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်းများကို ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။

“ကလေးတွေကို ပညာပေးမှုအပိုင်းမှာ မိဘအုပ်ထိန်းသူတွေက ကိုယ့်နိုင်ငံယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာနဲ့ ကိုက်ညီတဲ့ စကားလုံးအသုံးအနှုန်းလေးတွေ၊ သူ့အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ပုံတိုပတ်စလေးတွေ၊ အရွယ်အလိုက် နားလည်လွယ်မယ့် လိင်မှုဆိုင်ရာ ပညာပေး (Sex Education)ကို သင်ကြားပေးဖို့ လိုပါတယ်။ ငယ်ငယ်ကတည်းက သိသင့်သိထိုက်တာတွေကို အရွယ်အလိုက် တဖြည်းဖြည်း ပြောပြပညာပေးဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကို ကျူးလွန်ဖို့ ကြိုးစားလာပြီဆိုရင် ငြင်းဆန်ရမယ်။ အော်ရမယ်၊ ပြီးရင်ထွက်ပြေးနိုင်အောင် ကြိုးစားရမယ်၊ ပြီးတော့ ကျူးလွန်သူရဲ့ အကြောင်းကို ကိုယ်ယုံကြည်စိတ်ချရတဲ့ သူကို ဖွင့်ပြောရဲတဲ့ သတ္တိရှိရမယ်။ ဒါတွေကို ကလေးတွေကို သေချာသင်ကြားပေးထားရပါမယ်။

မိဘတွေကို ပြောချင်တာက ဘယ်အရွယ်ပဲ ဖြစ်နေပါစေ၊ ကလေးကို လက်လွတ်စပယ်မလွှတ်ထားဖို့ပါပဲ။ စားဝတ်နေရေးအတွက် ထားခဲ့ရတဲ့ အခြေအနေတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကလေးတွေ ကို ဘောင်းဘီမပါ၊ အဝတ်မပါ သွားလာလှုပ်ရှားခိုင်းတာမျိုး ဆင်ခြင်သင့်ပါတယ်။ ဘယ်လို လူတန်းစားပဲဖြစ်ဖြစ် ကိုယ့်ကလေးကိုငယ်ငယ်ကတည်းက ရှက်ရှက်နဲ့ပတ်သက်ပြီး ဘယ်လို ကာကွယ်ဖုံးအုပ်ထား ရမယ်ဆိုတဲ့အကြောင်း၊ ကျန်းမာရေးနဲ့ အညီ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ အကြောင်း၊ လိင်အင်္ဂါကို သူများမမြင်အောင်ထားဖို့(သားဖြစ်စေ၊ သမီးဖြစ်စေ ဆီးသွားတာကအစ လူမမြင်တဲ့ နေရာမှာ သွားဖို့)၊ သေချာဆေးကြောသန့်စင်ဖို့ဆိုတဲ့အကြောင်းတွေကို ငယ်ငယ်ကတည်းက သင်ပေးထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်လိင်အင်္ဂါကို ဘယ်သူမဆို လာမကိုင်ဖို့၊ မထိဖို့ သင်ပေးထားရမယ်။ တချို့ကျတော့ အဲဒီလိင်အင်္ဂါကိုင်ရင်း စတာဆိုတော့ “ကိုယ့်လိင်အင်္ဂါတွေကို ကိုယ့်ဘာသာ ကာကွယ်ရတယ်”ဆိုတဲ့ အသိလေးကို ငယ်ငယ်ကတည်းက သင်ကြားလေ့ကျင့်ပေးထားဖို့ လိုပါတယ်”ဟု ဒေါက်တာကျော်စွာ ဦးက သားသမီးအုပ်ထိန်းသူ မိဘပြည်သူတို့အား အကြံပြုထားသည်။

သက်ငယ်မတရားပြုကျင့်ခံရခြင်းက ဖြူစင်သောကလေးငယ်တို့အတွက် ဘဝတစ်လျှောက် လိုက်လံနှောင့်ယှက်နေမည့် အရိပ်မည်း အိပ်မက်ဆိုး ဖြစ် သလို မည်သူမှမကြားလိုသော သတင်း၊ မမြင်လို သော မြင်ကွင်းမျိုးဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများသာမက ပြည်သူပြည်သား အားလုံး၊ လူကြီးမိဘအုပ်ထိန်းသူအားလုံးကလည်း ကိုယ်တတ်နိုင်သည့် နေရာမှပါဝင်ကာ စုပေါင်း အင်အားနှင့် ဝိုင်းဝန်းတိုက်ဖျက်ရန် လိုအပ်ကြောင်း၊ မတရားပြုကျင့်သူကို ဥပဒေအရထိရောက်စွာအပြစ်ပေးခြင်း၊ လူအားလုံးကရှောင်ကြဉ်ခြင်း၊ ပြုကျင့်ခံရခြင်း မရှိစေရန် သားသမီးများကို မိဘအုပ်ထိန်းသူများဝိုင်းဝန်း စောင့်ရှောက်ခြင်း၊ သားသမီးများကို လိင်ကျန်းမာရေး အသိပညာပေးခြင်း စသည်တို့ကိုဝိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း၊ သို့မှသာ သက်ငယ်မတရားပြုကျင့်မှု ကိစ္စရပ်များ လျော့ပါးသွားမည်ဟု ထင်မြင်ကြောင်း ဒေါက်တာကျော်စွာဦးက ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top