Healthy Life Ad
Life Style

ပါးတစ်ခြမ်းရွဲ့ခြင်း(Bell’s Palsy)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ ပါးတစ်ခြမ်းရွဲ့တာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ ပါးတစ်ခြမ်း ရွဲ့သွားတာက လေဖြန်းတာလည်း မဟုတ်ပါဘူး၊ လေဖြတ်တာလည်း မဟုတ်ပါဘူး။ ဒါက ပါးတစ်ခြမ်း အအေးမိတာကြောင့် ဖြစ်တာပါ။ ဒါကို Bell’s Palsy လို့ခေါ်ပါတယ်။ ဥပမာပြောရရင် မန္တလေးကနေ ရန်ကုန်ကို ကားမောင်းပြီး ပြန်လာတဲ့အခါ မှန်ဖွင့်ပြီး မောင်းတယ်၊ အဲဒီအခါ ပါးတစ်ခြမ်း အအေးမိတာမျိုး၊ နောက်တစ်ချက်ကအခုလို ရာသီဥတုအရမ်းအေးတဲ့အချိန်မှာ အေးစက်နေတဲ့ ရေ နဲ့မျက်နှာသစ်လိုက်လို့ အအေးမိသွားတာမျိုး . . ဒီလို အအေးမိတာတွေကြောင့် အဖြစ်များပါတယ်။

မေး ။ ဘယ်လို လူတွေက ပါးတစ်ခြမ်းရွဲ့တတ်ပါသလဲ ဆရာ။
ဖြေ ။ ဆံပင်ဖြောင့်တဲ့ မိန်းကလေးတွေလည်း အဖြစ်များတယ်၊ အေးတဲ့အချိန်မှာ ခေါင်းကို ရေတွေစိုလိုက်၊ အပူမှုတ်လိုက်၊ ပြန်ပြီးဆေးဆိုးလိုက်၊ ခေါင်းလျှော်လိုက်၊ အပူမှုတ်လိုက်..အဲဒီလိုလုပ်တာကြောင့် အဖြစ်များတယ်။

မေး ။ ပါးတစ်ခြမ်းရွဲ့တာက လေဖြန်းတာနဲ့ ဘယ်လို ခြားနားချက်ရှိပါသလဲဆရာ။
ဖြေ ။ ပါးတစ်ခြမ်းရွဲ့တာကို လူအများစုက လေဖြန်းတယ်၊ လေဖြတ်တယ်လို့ ထင်နေကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ လေဖြန်းတာနဲ့ မတူတဲ့ အချက်က ပါးတစ်ခြမ်း ရွဲ့တာဟာ အချိန်တစ်နာရီ-နှစ်နာရီ အတွင်း ချက်ချင်းပြန်မကောင်းသွားဘူး။ လေဖြတ်တာနဲ့မတူတဲ့ အချက်က ပါးတစ်ခြမ်းရွဲ့သွားတာ မှန်တယ်၊ ဒါပေမဲ့ လက်တွေ၊ ခြေထောက်တွေ ဘာမှမဖြစ်ဘူး၊ လေဖြတ်ရင် ပါးလည်းရွဲ့သလို လက်တစ်ခြမ်း၊ ခြေထောက်တစ်ခြမ်း သေသွားတတ်ပါတယ်။

မေး ။ ပါးတစ်ခြမ်းရွဲ့သွားရင် လူနာအနေနဲ့ ဘယ်လို လုပ်ဆောင်သင့်ပါသလဲ ဆရာ။
ဖြေ ။ ပါးတစ်ခြမ်းရွဲ့တဲ့ ရောဂါက ပါးမှာရှိတဲ့ အာရုံကြောတွေရှိတယ်။ နာ့ဗ်ကြော နံပါတ်ခုနစ် (7th nerve) အလုပ်မလုပ်ဘဲ အာရုံကြော အားနည်းသွားတာပဲ ဖြစ်ပါတယ်။ ပါးတစ်ခြမ်းရွဲ့သွားရင် သက်ဆိုင်ရာ ဆရာဝန်ဆီကိုသွားပြရပါတယ်။ ဆရာဝန်နဲ့ ပြပြီးရင် ဒါက ပါးတစ်ခြမ်းရွဲ့တဲ့ အခြေအနေလား၊ အာရုံကြောအလုပ်မလုပ်တဲ့ ရောဂါလား ဒါမှမဟုတ် တကယ်လေဖြတ်သွားတာလား ဆိုတာကို ကြည့်ပေးပါတယ်။

နံပါတ်ခုနစ်နာ့ဗ်ကို Upper Motor Neurone နဲ့ Lower Motor Neurone ဆိုပြီး ခွဲထားပါတယ်။ ပါးတစ်ခြမ်းရွဲ့တာက Lower Motor Neurone ထိခိုက်တာပဲ ဖြစ်တယ်။ လေဖြတ်တာက Upper Motor Neurone ထိတာ ဖြစ်ပါတယ်။

ပါးတစ်ခြမ်းရွဲ့တာနဲ့ လေဖြတ်တာခွဲဖို့ဆိုရင် လူနာကို နဖူးတွန့်ခိုင်းလိုက်ပါတယ်။ ပါးတစ်ခြမ်းရွဲ့ တာဆိုရင် နဖူးတစ်ဖက်က မတွန့်ဘူး၊ လေဖြတ်တာဆိုရင် နဖူးနှစ်ဖက်စလုံးတွန့်တယ်။

နံပါတ်နှစ်အချက်က ဘယ်လိုခွဲခြားသလဲဆိုရင် မျက်လုံးပိတ်ခိုင်းလိုက်တယ်၊ မျက်လုံးက ပိတ်လို့ မရဘူး၊ မျက်လုံးအပေါ်လန်ပြီး မျက်ဖြူလန်သွားတယ်ဆိုရင် အဲဒါကို Bell’s Sign လို့ ခေါ်တယ်။ ဒါဆိုရင် လေဖြတ်တာမဟုတ်တဲ့အတွက် လေဖြတ်တာကို ကုသတဲ့ ဆေးတွေပေးစရာမလိုဘူး။ သက်ဆိုင်ရာဆရာဝန်ကို အမြန်ဆုံးသွားပြဖို့တော့ လိုပါတယ်။ ၂၄ နာရီအတွင်း စတီးရွိုက်ဆေးတစ်မျိုးကို ၅ ရက်လောက် သောက်ခိုင်းလိုက်ရင် ပြန်ကောင်းသွားပါတယ်။ ဒါက ပါးတစ်ခြမ်း အအေးမိလို့ဖြစ်တာပါ၊ အအေးမမိအောင် သတိထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top