Healthy Life Ad
Q & A

ခါးနာသက်သာအောင် ဆေးပူလိမ်းလို့ရလား . . .

မေး ။ ခါးနာနေလို့ ဆေးပူတွေလိမ်းဖြစ်ပါတယ်။ ဆေးပူလိမ်းလိုက်တော့ သက်သာသလိုပဲ။ အဲဒါ ကောင်းပါသလား။
KK(FB)

ပါမောက္ခဦးနေဝင်း(အရိုးအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ လူနာအများစုက ခါးနာတာ သက်သာအောင် ဆေးပူတွေလိမ်းကြတယ်။ အရေပြားနဲ့ ကြွက်သားတွေမှာ အပူဓာတ်ရပြီး ဝေဒနာသက်သာသွားတဲ့ သဘောတော့ရှိပါတယ်။ ဒါပေမဲ့ အရိုးထဲက အာရုံကြောတွေအပေါ် တိကျတဲ့ အာနိသင်ကို မပေးနိုင်ပါဘူး။ တစ်ခါတလေမှာ အပူလိမ်းတာများလို့ အရေပြားလောင်သွားတဲ့အခါ နောက်ရောဂါတစ်ခုတိုးလာတတ်ပါတယ်။ ဒါကိုတော့ အထူးဂရုစိုက်ဖို့လိုပါတယ်။ ခါးနာတာက ရောဂါ မဟုတ်ပါဘူး။ လက္ခဏာ (Sympton)တစ်ခုပဲ ဖြစ်ပါတယ်။ အပူတွေလိမ်းတာ၊ Menthol ပါတဲ့ ဆေးတွေ လိမ်းတာ၊ UV lamp နဲ့ အပူပေးကုသတာ၊ Diatheramy ဆိုတဲ့ အပူပေးကုသမှု လုပ်တာစတာတွေ အားလုံးက ဝေဒနာကိုပဲ သက်သာစေတာပါ။ ခါးနာစေတဲ့ ရောဂါအရင်းအမြစ်ကို ကုသနေတာမဟုတ်ပါဘူး။ ဒါကြောင့် ခါးနာတာကို အပူနဲ့ကုလိုက်၊ သက်သာလိုက်၊ ပြန်ဖြစ်လာရင် အပူနဲ့ ကုလိုက် .. ဒီလိုကြာလာရင် တကယ်ဖြစ်နေတဲ့ ရောဂါကိုရှာဖို့ နောက်ကျပြီး ရောဂါရင့်သွားနိုင်ပါတယ်။
ခါးနာတာက အနေအထိုင်မှားလို့၊ အလေးအပင်မလိုက်လို့ဖြစ်တာဆိုရင်တော့အနားယူတာ၊ ဆေးလိမ်းတာနဲ့ သက်သာသွားပါလိမ့်မယ်။ ဒီလို လုပ်ပေမယ့် သက်သာမလာဘဲ ခါးက ဆက်တိုက်နာနေရင်၊ ခါးနာတာက ပိုဆိုးလာရင် ရောဂါရှာဖွေဖို့ အရေးကြီးတယ်ဆိုတာ လူနာတွေကို သိစေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top