Healthy Life Ad
Q & A

အစိမ်းရောင်ဝမ်း ဘာကြောင့် သွားရသလဲ . . .

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး. ဝမ်းသွားတဲ့အခါ ဝမ်းက ဘာကြောင့် အစိမ်းရောင် ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ဝမ်းက ပုံမှန်အားဖြင့် အညိုရောင်လို့ ပြောလို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ဝမ်းအရောင်က ပြောင်းလဲသွားတယ်။ ဥပမာ အဝါတွေပဲ တောက်လျှောက်သွားနေတာ၊ အနီတွေ သွားတာ၊ အမည်းတွေ သွားတာ၊ အဖြူတွေ သွားတာ၊ အစိမ်းတွေ သွားတာ . . ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုတွေ ရက်ရှည်သွားနေပြီဆိုရင်တော့ နည်းနည်းသတိထားရပါမယ်။ ဝမ်းအစိမ်းရောင်သွားတာက ရက်ရှည်ဆိုရင်လည်း သတိထားရပါမယ်။

မေး. ဝမ်းအစိမ်းရောင်သွားတာက ရောဂါနဲ့ ဆက်စပ်နေပါသလား ဆရာ။

ဖြေ. ဝမ်းအစိမ်းရောင်သွားတိုင်း ရောဂါလို့ ပြောလို့ မရပါဘူး။ စားသောက်လိုက်တဲ့ အစားအသောက် အရောင်တွေကြောင့်လည်း ဝမ်းအရောင်က အစိမ်းရောင်ဖြစ်နိုင်သလို တချို့ဆေးဝါးတွေကြောင့်လည်း ဝမ်းအရောင်က အစိမ်းရောင် ဖြစ်တတ်ပါတယ်။ ဥပမာ အစားအသောက်အနေနဲ့ အစိမ်းရင့်ရောင် အသီးအနှံ၊ ဟင်းရွက်စိမ်းတွေကို အများအပြား စားတာနဲ့လည်း ဆက်စပ်တတ်ပါတယ်။ တချို့သော ကလိုရိုဖီးပါတဲ့ အရည်တွေကို သောက်သုံးတာကြောင့်လည်း အစိမ်းရောင် ဝမ်းသွားတာရှိတတ်ပါတယ်။ တချို့ ဝမ်းနုတ်ဆေးတွေ၊ တချို့ ပဋိဇီဝပိုးသတ်ဆေး (Anti- biotics) မှီဝဲတာကြောင့်လည်း အစိမ်းရောင်ဝမ်းသွားတတ်တာကို တွေ့ရှိရပါတယ်။

လူတွေစားလိုက်တဲ့ အစားအသောက်ကို အစာခြေအဖွဲ့အစည်းက ချေဖျက်ပါတယ်။ အဲဒီနောက် သည်းခြေအိတ်ကနေ သည်းခြေရည်ထွက်ပြီး အစာတွေကို ထပ်မံချေဖျက်ပါတယ်။ တစ်ဆင့်တစ်ဆင့်နဲ့ နောက်ဆုံး ဝမ်းသွားတဲ့အခါ ပုံမှန်အားဖြင့် အညိုရောင်သွားတယ်လို့ ပြောနိုင်ပါတယ်။ သံဓာတ်အားဆေး မှီဝဲရင် ဝမ်းအမည်းရောင် သွားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သွားတဲ့ ဝမ်းအရောင်ကိုကြည့်ပြီး ပုံမှန်အရောင်မဟုတ်ဘဲ ရက်ရှည်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

တချို့သော ရောဂါပိုး၊ အထူးသဖြင့် ဆာမိုနဲလားဆိုတဲ့ ရောဂါပိုးတွေကြောင့်လည်း အစိမ်းရောင် ဝမ်းသွားတတ်ပါတယ်။ ကောင်းစွာ ကျက်အောင်မချက်ထားတဲ့ အစားအသောက်တွေ၊ သေချာကျိုချက်မထားတဲ့ နွားနို့တွေကို စားသောက်မိရင် ဆာမိုနဲလားပိုးကူးစက်ခံရပြီး ဝမ်းအစိမ်းရောင်သွားတာကို တွေ့ရှိရပါတယ်။

မေး. အစိမ်းရောင်ဝမ်းသွားတာက ဘယ်လိုရောဂါတွေနဲ့ ဆက်စပ်နေတတ်ပါသလဲ ဆရာ။

ဖြေ. တချို့သော ရောဂါပိုး၊ အထူးသဖြင့် ဆာမိုနဲလားဆိုတဲ့ ရောဂါပိုးတွေကြောင့်လည်း အစိမ်းရောင် ဝမ်းသွားတတ်ပါတယ်။ ကောင်းစွာ ကျက်အောင်မချက်ထားတဲ့ အစားအသောက်တွေ၊ သေချာ ကျိုချက်မထားတဲ့ နွားနို့တွေကို စားသောက်မိရင် ဆာမိုနဲလား ပိုးကူးစက်ခံရပြီး ဝမ်းအစိမ်းရောင်သွားတာကို တွေ့ရှိရပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်သူတချို့မှာ ဝမ်းအစိမ်းရင့်ရင့်သွားတာကို တွေ့ရှိရတတ်ပါတယ်။ တချို့သော ဝမ်းပိတ်ဆေးတွေကလည်း ဝမ်းအစိမ်းရောင်သွားတတ်တာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုများတဲ့ သူတွေကလည်း တစ်ခါတလေ ဝမ်းအစိမ်းရောင် သွားတတ်တယ်ဆိုပြီး သုတေသနစာတမ်းတွေမှာ တွေ့ရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းအရောင်က ကျန်းမာရေး တွေနဲ့ ဆက်စပ်နေနိုင်တာကြောင့် ဝမ်းသွားတဲ့အခါ ကိုယ့်ဝမ်းအရောင်ကို ပြန်ကြည့်ဖို့နဲ့ ဝမ်းအရောင်က ပုံမှန်မဟုတ်ဘဲ ပြောင်းလဲတာ ကြာနေရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top