Healthy Life Ad
Life Style

HER 2 အမျိုးအစား ရင်သားကင်ဆာအကြောင်း သိမှတ်ဖွယ်ရာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) (အတွင်းရေးမှူး-ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ HER 2 Positive ရင်သားကင်ဆာ ဖြစ်ပွားနှုန်းက များပါသလား ဆရာ။
ဖြေ ။ နိုင်ငံတကာစစ်တမ်းတွေအရ HER 2 Positive ရင်သားကင်ဆာလူနာတွေက ရင်သားကင်ဆာဖြစ်ပွားသူအားလုံးရဲ့ ငါးပုံတစ်ပုံပဲ ရှိတယ်လို့ သိရပါတယ်။ တစ်နည်းပြောရရင် ရင်သားကင်ဆာဖြစ်သူ ငါးယောက်မှာ တစ်ယောက်နှုန်း ရှိပါတယ်။

မေး ။ HER 2 Positive ရင်သားကင်ဆာက သာမန်ရင်သားကင်ဆာတွေနဲ့ ဘာကွာခြားမှုရှိပါသလဲ ဆရာ။
ဖြေ ။ HER 2 Positive ရင်သားကင်ဆာက ရင်သားကင်ဆာအားလုံးထဲမှာ ပြင်းပြင်းထန်ထန် ဖြစ်တဲ့ အမျိုးအစားတစ်မျိုးလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် HER 2 Positive ရင်သားကင်ဆာသမားတွေ သီးသန့်သုံးနိုင်တဲ့ ဆေးဝါးတွေထုတ်လာကြပါတယ်။ သူ့အတွက် သီးသန့်ထုတ်ထားတဲ့ ဆေးဝါးကို အသုံးမပြုရင် HER 2 Positive ရင်သားကင်ဆာသမားက ပြန့်ပွားမှုနှုန်းများတယ်။ သမားရိုးကျပေးနိုင်တဲ့ ကင်ဆာကုထုံးတွေနဲ့ဆိုရင် ဒီ HER 2 Positive ရင်သားကင်ဆာကို ထိန်းချုပ်ရခက်ပါတယ်။ ရိုးရိုးကင်ဆာကုထုံးတွေ၊ ကင်ဆာဆေးဝါးတွေ ပေးပေမယ့် ပြန့်ပွားနှုန်းမြန်တဲ့အတွက် အသက်အန္တရာယ် ထိခိုက်နိုင်ခြေရှိပါတယ်။ ဒါကြောင့် HER 2 Positive ရင်သားကင်ဆာသမားက သူတို့အတွက် သီးသန့်ထုတ်ထားတဲ့ ဆေးကုထုံးကို ခံယူသင့်တာ ဖြစ်ပါတယ်။

မေး ။ ရင်သားကင်ဆာလို့ သိပြီဆိုရင် HER 2 Positive ရင်သားကင်ဆာလားဆိုတာကို သိအောင် စစ်ဆေးဖို့ အရေးကြီးပါသလား ဆရာ။
ဖြေ ။ အရေးကြီးပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ရင်သားကင်ဆာသမားတွေကို ဟုတ်၊ မဟုတ် စစ်ဆေးမှုတွေ ခံယူဖို့ အကြံပြုတိုက် တွန်းရပါတယ်။

သာမန်ရင်သားကင်ဆာသမားက ကင်ဆာအကျိတ်ရှိတဲ့ရင်သားကို ခွဲထုတ်ပြီး ကင်ဆာ ဆေးသွင်းကုထုံးနဲ့ ပျောက်ကင်းပေမယ့် HER 2 Positive ရင်သားကင်ဆာသမားကကျတော့ သမားရိုးကျပေးနေတဲ့ ကင်ဆာဆေးသွင်းကုထုံးကို Resistance ဖြစ်နေတတ်ပါတယ်။

ပြီးတော့ တခြားအင်္ဂါအစိတ်အပိုင်းတွေကို ကင်ဆာဆဲလ်ရောက်တဲ့ နှုန်းကလည်း ပိုများတယ်။ ဒါကြောင့် ပြင်းထန်ပြီး ဆိုးရွားတဲ့ အမျိုးအစားလို့ သတ်မှတ်ထားတဲ့အတွက် ရင်သားကင်ဆာသမားတွေကို HER 2 Positive ဟုတ်၊ မဟုတ် စစ်ခိုင်းပါတယ်။ ပြီးရင် သူတို့အတွက် သီးသန့်ထုတ်ထားတဲ့ ဆေးကုသမှုကို ခံယူခိုင်းပါတယ်။ အဲဒီဆေးနဲ့ ကုသမှုခံယူမှသာ ဘဝသက်တမ်း ပိုရှည်တယ်ဆိုတဲ့ သုတေသနတွေလည်း တွေ့ရှိထားပါတယ်။

မေး ။ HER 2 Positive ရင်သားကင်ဆာရှိသူတွေက ဆေးကုသမှုကို အောင်မြင်စွာ ခံယူကျော်လွှားပြီးပြီဆိုရင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာ။
ဖြေ ။ ဒါကတော့ တခြားရင်သားကင်ဆာရှိသူတွေ ဆေးကုသမှု အောင်မြင်ပြီးချိန်မှာ လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံနဲ့ အတူတူ လိုက်နာရမှာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အညီ စားသောက်ရမယ်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ရမယ်၊ စိတ်ဖိစီးမှုလျှော့ချရမယ်၊ ကိုးကွယ်ရာ ဘာသာတရားအလိုက် တရားထိုင်တာတွေ ပြုလုပ်ရပါမယ်။ နောက်ဆက်တွဲ စစ်ဆေးမှုတွေကို ဆရာဝန်ချိန်းဆိုချက်အတိုင်း မှန်မှန် စစ်ဆေးခံယူရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top