Healthy Life Ad
Life Style

မျက်စိကျိန်းခြင်း (Photophobia) အကြောင်း သိကောင်းစရာ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. တချို့သူတွေက မျက်စိကျိန်းတယ်ဆိုပြီး ပြောလေ့ရှိကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သိပါရစေ ဆရာ။

ဖြေ. မျက်စိကျိန်းတယ်လို့ခေါ်နေကြတဲ့ Photophobia ဆိုတာ အလင်းရောင်ကို ကြောက်တာပဲ ဖြစ်ပါတယ်။

မေး. အလင်းရောင်ကို ဘယ်လိုအခါတွေမှာ ကြောက်တတ်ပါသလဲ ဆရာ။

ဖြေ. ခန္ဓာကိုယ်မှာ မျက်စိရဲ့လုပ်ငန်းက ပုံရိပ်ကို ဖမ်းယူတာဖြစ်ပါတယ်။ ပုံရိပ်ကိုဖမ်းယူတဲ့အခါ အလင်းတန်းက မျက်စိကို ဖြတ်သွားပါတယ်။ အလင်းတန်းဖြတ်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ မျက်ကြည်လွှာ (Cornea)၊ မျက်နက်ဝန်း (Iris)၊ သူငယ်အိမ် (Pupil)၊ မှန်ဘီလူး (Lens)၊ Vitreous နဲ့ မျက်ကြောလွှာ (Retina) စတဲ့ အစိတ်အပိုင်းတစ်ခုခု ရောင်ရမ်းနေရင် မျက်စိကျိန်းတတ်ပါတယ်။

၁။ အလင်းတန်းဟာ မျက်ကြည်လွှာရှေ့က မျက်ရည်ကြည်ပြင် (Precorneal Tear Film) ကို ဖြတ်လို့ မျက်ရည်အထွက်နည်းပြီး ခြောက်သွေ့မျက်စိ (Dry Eye) ဖြစ်နေရင် မျက်စိကျိန်းခြင်းဖြစ်နိုင်တယ်။

၂။ အလင်းတန်းက မျက်ကြည်လွှာ (Cornea) ကို ဖြတ်လို့ မျက်ကြည်လွှာရောင်ရမ်းခြင်း (Keratitis) ဖြစ်နေရင်လည်း မျက်စိကျိန်းတတ်ပါတယ်။

၃။ မျက်ကြည်လွှာရဲ့ နောက်ဘက်က သူငယ်အိမ် (Iris)နဲ့ (Pupil) ရောင်နေတာကို Uveritis လို့ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အလင်းတန်းဖြတ်ရင်လည်း မျက်စိကျိန်းခြင်း ဖြစ်တတ်ပါတယ်။

၄။ နောက်ဘက်မှာရှိတဲ့ မှန်ဘီလူးမှာဆိုရင် အတွင်းတိမ်ရောဂါအမျိုးအစားတစ်ခုဖြစ်တဲ့ PSC (Poster­ior Subcapsular Cataract) ဖြစ်နေချိန်မှာ အလင်းတန်းဖြတ်ရင် မျက်စိကျိန်းတတ်ပါတယ်။ အဲဒါကို Glare လို့ ခေါ်ပါတယ်။

၅။ မျက်စိအာရုံခံလွှာ (Retina) ဟာ ရောင်ရမ်းနေရင်လည်း အလင်းတန်းဖြတ်တဲ့အခါ မျက်စိကျိန်းခြင်း ဖြစ်နိုင်ပါတယ်။

ဒါဟာ ပုံရိပ်တစ်ခုဖြစ်ပေါ်ဖို့အတွက် မျက်စိအတွင်းဖြတ်တဲ့ အလင်းတန်းသွားရာ လမ်းကြောင်းတစ်လျှောက်က အစိတ်အပိုင်းတစ်ခုခုရောင်ရမ်းနေရင် မျက်စိကျိန်းတတ်တယ်ဆိုတာကို ပြောပြလိုတာပါ။

သံဂဟေဆက်တဲ့အခါ ထွက်တဲ့မီးအလင်းရောင်ဆိုရင် လူတိုင်းခံနိုင်ရည်မရှိတဲ့အတွက် မျက်စိကျိန်းတာက သဘာဝကျပါတယ်။ ဒီလိုမဟုတ်ဘဲ ပုံမှန်သဘာဝ အလင်းရောင်ကိုပဲ ခံနိုင်ရည်မရှိဘဲ အမြဲတမ်း မျက်စိကျိန်းနေတာမျိုးဆိုရင် . . .

မျက်စိကျိန်းတယ်ဆိုတာ လူအများစုခံနိုင်ရည်ရှိတဲ့အလင်းရောင်ကို ကိုယ်က ခံနိုင်ရည်မရှိတာမျိုးပါ။ သံဂဟေဆက်တဲ့အခါ ထွက်တဲ့မီးအလင်းရောင်ဆိုရင် လူတိုင်းခံနိုင်ရည်မရှိတဲ့အတွက် မျက်စိကျိန်းတာက သဘာဝကျပါတယ်။ ဒီလိုမဟုတ်ဘဲ ပုံမှန်သဘာဝအလင်းရောင်ကိုပဲ ခံနိုင်ရည်မရှိဘဲ အမြဲတမ်း မျက်စိကျိန်းနေတာမျိုးဆိုရင် အထက်ကဖော်ပြထားတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မျက်စိကျိန်းတာပဲ၊ ဘာမှမဖြစ်ပါဘူးဆိုပြီး မပေါ့ဆသင့်ပါဘူး။ မျက်စိအထူးကုဆရာဝန်နဲ့ သေချာစစ်ဆေးကုသသင့်ပါတယ်။

မေး. မျက်စိကျိန်းတာကို ကုသလို့ရပါသလား ဆရာ။

ဖြေ. မျက်စိကျိန်းခြင်း ဖြစ်ရတဲ့အကြောင်းရင်းကို သိပြီဆိုရင် ကုသလို့ရပါတယ်။

– မျက်ရည်အထွက်နည်းပြီး မျက်စိခြောက်သွေ့တာကြောင့် မျက်စိကျိန်းတာဆိုရင် မျက်ရည်တု (Artifical Tear) ခတ်ပေးနေဖို့ လိုပါတယ်။

– မျက်ကြည်လွှာ ရောင်ရင်လည်း ဘာအကြောင်းကြောင့် မျက်ကြည်လွှာရောင်ရသလဲဆိုတာကို ရှာဖွေဆန်းစစ်ဖို့လိုတယ်။ အများအားဖြင့် ရေယုန် (Herpes)ကြောင့် မျက်ကြည်လွှာရောင်တတ်တဲ့အတွက် ရေယုန်ကုတဲ့ မျက်စိလိမ်းဆေး (Acyclovir Eye Ointment)တွေ ပေးလေ့ရှိပါတယ်။ တကယ်လို့ မကုသဘဲနေမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ မျက်ကြည်လွှာအမာရွတ်ဖြစ်တာ (Corneal Scar)နဲ့ မျက်ကြည်လွှာပေါက်တာ (Corneal Perforation)တွေ ဖြစ်လာနိုင်ပါတယ်။ Corneal Scar ဖြစ်တာက မျက်ကြည်လွှာရောင်တာ ပျောက်သွားပြီးမှဖြစ်တာပါ။ အဲဒီလိုဖြစ်ရင် မျက်စိက ကြည်လင်မှု မရှိတော့ဘဲ မှုန်သွားနိုင်တယ်။ မျက်ကြည်လွှာပေါက်သွားရင်တော့ အရေးပေါ်ခွဲပြီး ချုပ်ရပါမယ်။

– သူငယ်အိမ်ရောင်ရင် အတွင်းတိမ်ဖြစ်တာ၊ ရေတိမ်ဖြစ်တာနဲ့ မျက်ကြောလွှာ ကွာကျခြင်း (Retinal Detachment) တွေ ဖြစ်လာနိုင်ပါတယ်။ အတွင်းတိမ်ဖြစ်လာရင်တော့ ခွဲစိတ်ပြီးကုသလိုက်တာ အကောင်းဆုံးပါ။ တကယ်လို့ မကုသဘဲနေရင်တော့ ရေတိမ်နဲ့ မျက်ကြောလွှာကွာကျခြင်းဟာ မျက်စိကွယ်တဲ့အထိ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် စောစောစီးစီး ကုသသင့်ပါတယ်။

– မျက်စိမှန်ဘီလူး (Lens)မှာ အတွင်းတိမ်ဖြစ်နေရင်လည်း မျက်စိကျိန်းတတ်ပါတယ်။

– မျက်ကြောလွှာမှာ ရောင်ရမ်းနေရင်လည်း Retinal Detachment ကြောင့် မျက်စိကျိန်းတတ်ပါတယ်။

– မျက်စိထဲ အမှိုက်စဝင်လို့ မျက်စိကျိန်းရင် အမှိုက်စကို ဖယ်လိုက်တာနဲ့ မျက်စိက ကြည့်လို့ကောင်းသွားနိုင်တယ်။ အဲဒီလိုမဟုတ်ဘဲ သူများတွေ ခံနိုင်ရည်ရှိတဲ့အလင်းရောင်ကို ခံနိုင်ရည်မရှိဘဲ အမြဲတမ်း မျက်စိကျိန်းနေမယ်ဆိုရင် စစ်ဆေးသင့်ပါတယ်။ ကုသဖို့ လိုအပ်တယ်ဆိုရင်လည်း ကုသမှုကို ခံယူပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top