Healthy Life Ad
Life Style

မြန်မာနိုင်ငံတွင် ခံတွင်းကင်ဆာ ဖြစ်ပွားမှုနှုန်း လွန်စွာ မြင့်မားလာ

ဒေါက်တာ မိုးအောင်ကျော်နိုင်

မြန်မာနိုင်ငံတွင် ခံတွင်းကင်ဆာ ဖြစ်ပွားနှုန်းက ယခင်ကထက် လွန်စွာမြင့်မားလာကြောင်းနှင့် ကွမ်းစားသော နိုင်ငံတို့အား လေ့လာမှုစစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံ၏ ကွမ်းစားသူဦးရေမှာ အိန္ဒိယနိုင်ငံထက်ပင် ပိုများလာ သည်ဟု တွေ့ရှိရကြောင်း ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးဖြစ်သူ အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

“ ကိန်းဂဏန်းအတိအကျ မရှိပေမယ့်လည်း မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာ ဖြစ်ပွားနှုန်းက အရင်ကထက် အလွန်အမင်း မြင့်မားလာတယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ အိန္ဒိယနိုင်ငံက ကွမ်းစား သူဦးရေ အများဆုံး ဖြစ်ပေမယ့် အခုတော့ မြန်မာနိုင်ငံက ကွမ်းစားသူဦးရေ အများဆုံး ဖြစ်လာတယ်လို့ မှတ်တမ်း တစ်ခုအရ သိရပါတယ်။ ပြီးတော့ သွား နှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်တွေရဲ့ အပြောအရ ခံတွင်းကင်ဆာ ဖြစ်သူဦးရေက ပိုပိုများလာတယ်လို့ ဆိုပါတယ် ”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။
ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းအနေဖြင့် ကင်ဆာကာကွယ်ရေး အသိပညာဟောပြောပွဲများ၊ ကင်ဆာရှိ၊ မရှိ စစ်ဆေးမှုများ လိုက်လံလုပ်ဆောင်ရာတွင် ခံတွင်းကင်ဆာ ရှိ၊ မရှိ စစ်ဆေးမှုများကိုလည်း ပြုလုပ်ခဲ့ရာ ခံတွင်းကင်ဆာ အစပျိုးကာလ ဖြစ်သူဦးရေ ငါးဦးခန့်၊ ခံတွင်းကင်ဆာဖြစ်သူ နှစ်ဦးခန့် တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ ကွမ်းစားတဲ့သူတွေက ရွှေရောင်နှင်းဆီရဲ့ ကင်ဆာပညာပေး ဟောပြောပွဲကို မလာတာ များပါ တယ်။ ဆေးလည်း လာမစစ်ကြတာ များပါတယ်။ ခံတွင်းကင်ဆာဖြစ်ရတဲ့ အကြောင်းထဲမှာ တစ်ခုက ရေရှည်ပွတ်တိုက်မှု ( Irritation)ရှိလို့ ဖြစ်ရတာများပါတယ်။ သွားတုတွေတပ်တဲ့အခါမှာ သွားတုက နေရာမကျဖြစ်ပြီး အာခေါင်၊ လျှာ၊ ပါးစောင် တွေနဲ့ရေရှည်ပွတ်တိုက်မှုရှိတယ်။ အဲဒါကြောင့် ကင်ဆာတွေ ဖြစ်တတ်ပါတယ်။

ကွမ်းစားရင်လည်းကွမ်းကို အာခေါင်၊ ပါးစောင်ထဲအကြာကြီးငုံပြီး ရေရှည်ပွတ်တိုက်မှုရှိရာက တစ်ကြောင်း၊ နောက်ပိုင်းမှာ ကွမ်းထဲမှာထည့်တဲ့ ဆေးပေါင်းမှာ Carcinogen လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုဒြပ်ပေါင်း တွေပါရှိတာက တစ်ကြောင်းကြောင့် ခံတွင်းကင်ဆာဖြစ်နှုန်း သိသိသာသာမြင့် တက်ရတာပါ ”ဟု ဒေါက်တာ မိုးအောင်ကျော်နိုင်က ဆိုသည်။

ယခုအခါ ကွမ်းသီးကို ကြွပ်စေရန်နှင့် ဖြူစေရန် အချို့လုပ်ငန်းရှင်များက ဓာတုပစ္စည်းများ ထည့်လေ့ရှိသည်၊ ဆေးစိမ်သည်ဟု လူပြောများလျက်ရှိသည်။“နောက်တစ်ခု ပြောချင်တာက ကွမ်းစားပြီး ဆေးလိပ်သောက်တဲ့သူတွေက ကွမ်းတစ်မျိုးတည်း စားတဲ့သူတွေ ထက် နှစ်ဆမကတဲ့ ဆိုးကျိုး ရရှိနိုင်ပါတယ်။ တကယ်လို့ ကွမ်းစားတဲ့သူက ဆေးလိပ်ရော အရက်ပါသောက်တယ်ဆိုရင် ငါးဆမကတဲ့ ဆိုးကျိုးကိုရရှိနိုင်ပါတယ် ”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က သတိပေးပြောကြားခဲ့သည်။

Most Popular

Healthy Life Ad
To Top