Healthy Life Ad
Life Style

ဆီးထဲ အသားဓာတ်ပါခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)
(အတွင်းရေးမှူး-ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဆီးထဲမှာ ဘာကြောင့် အသားဓာတ်ပါရတာလဲ ဆရာ။

ဖြေ. သာမန်လူတစ်ယောက်ဟာ ကျောက်ကပ်ကနေတစ်ဆင့် တစ်နေ့မှာ ဆီးထဲ အသားဓာတ် (Protein) ၂၀ဝ မီလီဂရမ်ထက် လျော့နည်းပြီး ပါဝင်တတ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ အသားဓာတ်တွေများနေရင် ဒါမှမဟုတ် ကျောက်ကပ်အတွင်းက အရည်စစ်ထုတ်ပေးတဲ့ အမြှေးပါးပျက်စီးရင် ဒါမှမဟုတ် ဆီးထဲက ပရိုတင်းတွေကို ပြန်လည်စုပ်ယူပေးတဲ့ ကျောက်ကပ်အတွင်းကပြွန်ငယ်တွေ ထိခိုက်ပျက်စီးရင် ဆီးထဲမှာအသားဓာတ် (Protein) ပမာဏက ပုံမှန်ထက်ပိုပြီး ပါလာနိုင်ပါတယ်။

မေး. ဆီးထဲအသားဓာတ်ပါတဲ့အခါမှာ လူနာအနေနဲ့ ဘယ်လိုလက္ခဏာတွေကို ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. ဆီးထဲမှာ အသားဓာတ်အနည်းငယ်ပါနေရုံနဲ့ ဘယ်လိုလက္ခဏာမှ ခံစားရမှာမဟုတ်ပါဘူး။ ဆီးထဲမှာ အသားဓာတ်သုံးဂရမ်ထက်ပိုပြီး အချိန်အတော်ကြာပါဝင်နေခဲ့ရင်တော့ သွေးထဲကအသား ဓာတ်တွေဟာလျော့နည်းလာပြီး ခြေထောက်ဖောရောင်တာ၊ မျက်နှာအန်းတာ၊ ဝမ်းဗိုက်ရောင်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

မေး. ဆီးထဲမှာ အသားဓာတ်ပါရင် ဆီးအရောင်က ဘယ်လိုပြောင်းလဲမှု ရှိတတ်ပါသလဲ ဆရာ။

ဖြေ. ဆီးထဲမှာ အသားဓာတ်ပါဝင်နေတဲ့အတွက် ဆီးအရောင်ပြောင်းလဲမှုမရှိနိုင်ပါဘူး။ ဆီးအရောင်ရင့်တာ၊ ဖျော့တာစတာတွေကိုကြည့်ရုံနဲ့ ဆီးထဲအသားဓာတ်ပါဝင်မှု ရှိ၊ မရှိကို မသိနိုင်ပါဘူး။

မေး. ဆီးထဲ အသားဓာတ်ပါတာကို ဘယ်လိုစစ်ဆေးသိရှိနိုင်ပါသလဲ ဆရာ။

ဖြေ. ဆီးထဲမှာ အသားဓာတ်ပါဝင်တာကို Dipstick လို့ခေါ်တဲ့ ဆီးစစ်ဆေးတဲ့အိတ်ကလေးကို ဆီးထဲနှစ်စစ်ဆေးတာနဲ့ ဓာတ်ခွဲခန်းမှာစစ်ဆေးတဲ့နည်း. . စတဲ့နည်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။ ဓာတ်ခွဲခန်းမှာလည်း အပူပေးစစ်ဆေးတဲ့နည်းနဲ့ ပမာဏတွက်ချက်စစ်ဆေးတဲ့နည်းတွေကို အသုံးပြုစစ်ဆေးနိုင်ပါတယ်။

မေး. ဆီးထဲ အသားဓာတ်ပါတာက ရောဂါတစ်ခုခုနဲ့ ဆက်စပ်မှုရှိနေပါသလား ဆရာ။

ဖြေ. ဆီးထဲမှာ အသားဓာတ်ပါဝင်တာက ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ်တဲ့ အသားဓာတ်ထုတ်လုပ်မှုဖြစ်စေတဲ့ Myeloma ရောဂါ၊ ကြွက်သားပျက်စီးမှုရောဂါ (Rhabdomyo-lysis)၊ ရုတ်တရက် နှလုံးကြွက်သားပုပ်ရောဂါတွေ၊ ကျောက်ကပ်အတွင်းမှာရှိတဲ့ အမြှေးပါးရောင်ပြီး ပျက်စီးစေနိုင်တဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောင်ရောဂါ၊ SLE ရောဂါတွေ၊ ကျောက်ကပ်အတွင်းမှာရှိတဲ့ ပြွန်ငယ်တွေရောင်ရမ်းပျက်စီးတဲ့ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တာစတဲ့ ရောဂါတွေဖြစ်ရင် ဆီးထဲမှာ အသားဓာတ်ပါဝင်လာနိုင်ပါတယ်။

မေး. ဆီးထဲအသားဓာတ်ပါတာဟာ ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ကော ဆက်စပ်မှုရှိနေပါသလားဆရာ။ သောက်တဲ့ဆေးဝါးတွေနဲ့ကော ဆက်စပ်မှုရှိနေပါသလား ဆရာ။

ဖြေ. ဆီးထဲမှာ အသားဓာတ် ဆက်တိုက်ပါဝင်နေရင်တော့ စောစောကဆရာပြောခဲ့တဲ့ ကျောက်ကပ်ရောဂါတစ်ခုခုနဲ့ ဆက်စပ်နေနိုင်ပြီး အချိန်၂၄ နာရီအတွင်းမှာ ဆီးထဲအသားဓာတ်ပါဝင်မှုကို ဆက်လက်စစ်ဆေးရပါမယ်။ ဒါ့အပြင် ဆီးထဲအသားဓာတ်ပါစေတဲ့ ရောဂါတွေကို စစ်ဆေးဖော်ထုတ်ပေးရပါမယ်။

ဒါပေမဲ့ ဆီးအတွင်း အသားဓာတ်ပါဝင်တာက ဆက်တိုက်မဟုတ်ဘဲ ရက်အနည်းငယ်အကြာမှာ အသားဓာတ်မပါဝင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကတော့ ကျောက်ကပ်ရောဂါကြောင့်မဟုတ်ဘဲ အများအားဖြင့် ပြန်လည်ပျောက်ကင်းသွားတတ်ပြီး ကျောက်ကပ်ရောဂါ ဆက်လက်ဖြစ်ပွားတာ အလွန်နည်းပါတယ်။ အဲဒီအထဲမှာ ရောဂါမဟုတ်တဲ့ အခြေအနေတစ်ခုပါဝင်ပါတယ်။ အဲဒါကတော့ ရပ်နေ၊ ထိုင်နေတဲ့အချိန်မှာ ဆီးထဲမှာအသားဓာတ်ပါဝင်လာပြီး ပက်လက်လှဲနေချိန်နဲ့ အိပ်နေချိန်တွေမှာ ဆီးထဲအသားဓာတ်မပါတော့ပါဘူး။ အဲဒီအခြေအနေဟာ ရောဂါတစ်ရပ်မဟုတ်ဘဲ ဆီးထဲမှာ ယာယီအသားဓာတ်ပါဝင်တာပဲဖြစ်ပြီး ကျောက်ကပ်ရောဂါဆက်လက်ဖြစ်ပွားတာကို မတွေ့ရပါဘူး။

တစ်ခါတစ်ရံ ဆီးအတွင်း အသားဓာတ်ပါတာက ခန္ဓာကိုယ်အတွင်း ဘက်တီးရီးယားပိုးဝင်တာ၊ တက်တာ၊ ကိုယ်ပူကြီးတာ၊ နှလုံးအားနည်းတာနဲ့ ပန်ကရိယရောင်ရမ်းတာ စတဲ့ ရောဂါအခြေအနေတွေနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ အဲဒီရောဂါတွေပျောက်ကင်းပြီး တစ်ပတ်အကြာမှာ ဆီးအတွင်း အသားဓာတ်ပါဝင်တာလည်း ပျောက်ကင်းသွားတတ်ပါတယ်။ ကျောက်ကပ်အတွင်းမှာရှိတဲ့ အမွေးနဲ့ပြွန်ငယ်တွေ ရောင်ရမ်းစေနိုင်တဲ့ ဆေးဝါးတချို့ကြောင့်လည်း ကျောက်ကပ်ထိခိုက်ပြီး ဆီးထဲမှာ အသားဓာတ်ပါဝင်လာနိုင်ပါတယ်။

မေ. ဆီးထဲအသားဓာတ်ပါတာက စိုးရိမ်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်လို့ ဆိုနိုင်ပါသလား ဆရာ။

ဖြေ. ဆီးထဲအသားဓာတ်ပါတာဟာ ရောဂါတစ်ခုမဟုတ်ဘဲ ရောဂါလက္ခဏာ အခြေအနေတစ်ရပ်သာ ဖြစ်ပါတယ်။ ဆီးထဲမှာ ယာယီအသားဓာတ်ပါဝင်တာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကလွဲပြီး ကျန်တဲ့ ဆီးထဲအသားဓာတ်ပါဝင်တဲ့ အခြေအနေတွေဟာ ရောဂါတစ်ခုခုနဲ့ ဆက်စပ်နေတတ်တဲ့အတွက် အရေးကြီးပါတယ်။

မေး. ဆီးထဲအသားဓာတ်ပါနေတဲ့အချိန်မှာ လူနာအနေနဲ့ ဘယ်လိုအချက်တွေကို ဂရုစိုက်သင့်ပါသလဲ ဆရာ။

ဖြေ. ဆီးထဲ အသားဓာတ်ပါနေတဲ့အချိန်မှာ လူနာဟာ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ရောဂါတစ်ခုခုနဲ့ ဆက်စပ်မှု ရှိ၊ မရှိနဲ့ ဆီးအတွင်း ယာယီအသားဓာတ်ပါတာကို ခွဲခြားစစ်ဆေးပေးရပါမယ်။ ရောဂါတစ်ခုခုမတွေ့ခဲ့ရင်လည်း ညွှန်ကြားချက်အတိုင်း ထပ်မံစစ်ဆေးနေဖို့လည်း လိုအပ်နိုင်ပါတယ်။

မေး. ဆီးထဲမှာ အသားဓာတ်မပါဝင်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. ဆီးထဲအသားဓာတ်ပါဝင်တာက ရောဂါတစ်ခုမဟုတ်တဲ့အတွက် ဒီအခြေအနေကိုဖြစ်စေတဲ့ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး ရောဂါရှိနေရင်သာ ပျောက်ကင်းအောင် ကုသပေးရပါမယ်။ ဆီးချိုရောဂါရှိသူတွေအတွက်တော့ ဆီးထဲမှာ အသားဓာတ်ပါလာရင် ကျောက်ကပ်ထိခိုက်မှုရှိနေပြီလို့ ယူဆနိုင်ပါတယ်။ သွေးအတွင်း အချိုဓာတ်နဲ့ သွေးဖိအားတို့ကို ဆရာဝန်နဲ့ပြသပြီး စနစ်တကျထိန်းသိမ်းဖို့ အရေးကြီးလှပါတယ်။

ဆီးသွားတဲ့အခါ အမြှုပ်ထပြီး အဲဒီအမြှုပ်ထတာက တော်တော်နဲ့ပျောက်မသွားဘဲ အကြာကြီးဆက်ရှိနေတယ်ဆိုရင် ဆီးထဲမှာ အသားဓာတ်ပါနိုင်တယ်လို့ သံသယရှိသင့်ပါတယ်။ အဲဒီလို သံသယရှိရင်တော့ ဆီးအတွင်း အသားဓာတ်ပါဝင်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးသင့်ပါတယ်။

မေး. ဆီးထဲအသားဓာတ်ပါနေသလားဆိုတာကို လူနာအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သံသယရှိသင့်တဲ့ အချက်တွေရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. ဆီးသွားတဲ့အခါ အမြှုပ်ထပြီး အဲဒီအမြှုပ်ထတာက တော်တော်နဲ့ပျောက်မသွားဘဲ အကြာကြီးဆက်ရှိနေတယ်ဆိုရင် ဆီးထဲမှာ အသားဓာတ်ပါနိုင်တယ်လို့ သံသယရှိသင့်ပါတယ်။ အဲဒီလို သံသယရှိရင်တော့ ဆီးအတွင်း အသားဓာတ်ပါဝင်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးသင့်ပါတယ်။

မေး. ဆီးထဲအသားဓာတ်ပါတဲ့အခြေအနေအတွက် ဆရာဝန်ရဲ့ဆေးကုသမှုအပိုင်းကိုလည်း အကြမ်းဖျင်း သိပါရစေ ဆရာ။

ဖြေ. ဆီးထဲအသားဓာတ်ပါဝင်လာပြီဆိုရင် ပမာဏ ဘယ်လောက်များများပါသလဲနဲ့ နောက်ခံရောဂါတစ်ခုခုနဲ့ ဆက်စပ်မှု ရှိ၊ မရှိကို ရှာဖွေစစ်ဆေးဖော်ထုတ်ပေးရပါတယ်။ တချို့ရောဂါတွေကတော့ လွယ်လွယ်ကူကူစစ်ဆေးဖော်ထုတ်နိုင်ပြီး တချို့မှာတော့ တခြားရောဂါတွေနဲ့ဆက်စပ်မှုကို ရှာမတွေ့ဘဲ ဆီးထဲအသားဓာတ်ပါတာတစ်ခုပဲ တွေ့ရတတ်ပါတယ်။ ရောဂါရှာဖွေတွေ့ရှိသူတွေကို ရောဂါအလိုက် ထိရောက်တဲ့ကုသမှုပေးပါတယ်။ အဲဒီရောဂါပျောက်ကင်းရင် ဆီးအတွင်း အသားဓာတ်ပါတာလည်း ပျောက်သွားပါတယ်။ ရောဂါရှာဖွေမတွေ့ရှိသူတွေကိုတော့ ပြန်လည်စစ်ဆေးမှုတွေကို မှန်မှန်ပြုလုပ်ပေးနေရပါတယ်။ အဲဒီစစ်ဆေးနေရင်းကနေ ရောဂါရှာဖွေတွေ့ရှိလာခဲ့ရင် တွေ့တဲ့ရောဂါကို ဆက်လက်ကုသမှုပေးပါလိမ့်မယ်။

မေး. ဆီးထဲအသားဓာတ်ပါတာကို ကုသမှုမခံယူဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘယ်လိုဆိုးကျိုးတွေကို ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. ဆီးအတွင်း အသားဓာတ်ပါဝင်နေတာကို စစ်ဆေးကုသမှုမခံယူဘူးဆိုရင်၊ ပြီးတော့ နောက်ခံရောဂါ အခြေအနေတစ်ခုခုကို အရင်တုန်းကလည်း မသိခဲ့ဘူးဆိုရင် ရောဂါတွေ့ရှိမှုနောက်ကျပြီး ရောဂါအဆင့် ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ ဆီးချိုရောဂါလို ရောဂါသိရှိပြီးသားအခြေအနေမှာ ဆီးအတွင်းအသားဓာတ်ပါနေတာကို မကုသဘူးဆိုရင် တဖြည်းဖြည်း ကျောက်ကပ်ပျက်စီးသွားပါလိမ့်မယ်။

မေး. ဆီးထဲအသားဓာတ်ပါတာက ဆီးထဲသွေးပါတဲ့အခြေအနေနဲ့ လွဲမှားမှုရှိနိုင်ပါသလား ဆရာ။

ဖြေ. ဆီးအတွင်းသွေးပါရင် ဆီးစစ်တဲ့အခါ သွေးနီဥနဲ့အတူ အသားဓာတ်ပါဝင်တာကို တွေ့ရနိုင်ပါတယ်။ ဆီးအတွင်း အသားဓာတ်ပါတဲ့အခြေအနေမှာတော့ သွေးနီဥကိုမတွေ့ရပါဘူး။ ဆီးအတွင်း သွေးပါတဲ့အခြေအနေကို ကုသပျောက်ကင်းပြီး ဆီးအတွင်း အသားဓာတ် ဆက်လက်ပါရှိနေမယ်ဆိုရင်တော့ ထပ်မံစစ်ဆေးကုသရပါမယ်။ အဲဒါကြောင့် သာမန်အားဖြင့် ဆီးထဲသွေးပါတာနဲ့ လွဲမှားမှုတော့ မရှိနိုင်ပါဘူး။

မေး. ဆီးထဲအသားဓာတ်ပါတာနဲ့ပတ်သက်ပြီး အများပြည်သူကို ဆရာပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. အကြောင်းအမျိုးမျိုးကြောင့် ဆီးစစ်ဆေးရာမှာ ဆီးအတွင်း အသားဓာတ်ပါဝင်ကြောင်း တွေ့ရှိရခဲ့ရင်တော့ အမှုမဲ့ အမှတ်မဲ့ မနေဘဲ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးရပါမယ်။ ဆီးအတွင်းအသားဓာတ်ပါဝင်တာကို ထပ်မံတွေ့ရှိရရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသပြီး ဆက်လက်စစ်ဆေးမှုခံယူဖို့ လိုအပ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top