Healthy Life Ad
Life Style

အိုမီဂါ ၃ ဖက်တီးအက်စစ်အကြောင်း

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ အိုမီဂါ၃ ဖက်တီးအက်စစ်အကြောင်း သိပါရစေ ဆရာမ။
ဖြေ ။ အိုမီဂါ ၃ ဖက်တီးအက်စစ်က ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရမ်းကို အကျိုးရှိတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကလေးငယ်တွေကို တိုက်တဲ့ ဖြည့်စွက်စာအတော်များများမှာ DHA ဆိုတဲ့ ဓာတ်တစ်မျိုး အခုနောက်ပိုင်းမှာ ပါဝင်တာကြားဖူးမှာပါ။ DHA ဓာတ်က ကလေးတွေရဲ့ဦးနှောက်ဖွံဖြိုးမှုအတွက် အရေးကြီးပြီး အိုမီဂါ ၃ဖက်တီးအက်စစ်ကရတာ ဖြစ်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ်ဆိုတာက အယ်လ်ဖာလီနိုလင်းနစ်အက်စစ် (ALA-alpha-linolenic acid) ကနေ ခွဲထွက်လာတာဖြစ်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အစာတွေ စားလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲ ရောက်တာနဲ့ EPA နဲ့ DHA ဆိုပြီး ဒြပ်နှစ်မျိုး ကွဲသွားပါတယ်။

မေး ။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို ဘယ်လိုအစားအသောက်တွေကနေ ရရှိနိုင်ပါသလဲ ဆရာမ။
ဖြေ ။ အဲဒီဓာတ်တွေအားလုံးက ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ အစားအသောက်တွေ စားပေးရမှာပါ။ အဓိကအားဖြင့် နှမ်းကြတ်စေ့ဆီ၊ ကြယ်ပဲဆီ၊ သစ်ကြားသီး၊ သီဟိုဠ်စေ့တို့လို အစေ့အဆန်တွေ၊ ပဲပုပ်စေ့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အထူးသဖြင့် ဟင်းနုနယ်ရွက်ကနေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် အဆီများတဲ့ငါးတွေ၊ ဥပမာ-ဆယ်လမွန်ငါး၊ တူနာငါး စတဲ့ ငါးတွေကနေရပါတယ်။ ခရု၊ ကမာတို့လို့ ပင်လယ်စာတွေကနေလည်း ရပါတယ်။

မေး ။ အိုမီဂါ ၃ ဖက်တီးအက်စစ်မှာ ဘယ်လိုကောင်း ကျိုးတွေရှိပါသလဲ ဆရာမ။
ဖြေ ။

အိုမီဂါ ၃ ရဲ့ လုပ်ငန်းဆောင်တာကတော့ အဓိက ဦးနှောက်ရဲ့စွမ်းအင်ကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းတွေအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ နောက်ပြီး နှလုံးအတွက်လည်း အရေးပါပါတယ်။ နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ်ကို သွေးတိုးရောဂါရှိတဲ့လူနာတွေ၊ အရိုးအဆစ် နာကျင်ရောင်ရမ်းတဲ့ရောဂါ ရှိတဲ့သူတွေ မှီဝဲနိုင်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ် များများစားရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့အဆီပမာဏကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေပါတယ်။

မေး ။ ခန္ဓာကိုယ်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေ မလုံလောက်တဲ့အခါ ဘာတွေဖြစ်နိုင်ပါသလဲဆရာမ။
ဖြေ ။ အိုမီဂါ ၃ ဖက်တီးအက်စစ်သာ မရှိဘူးဆိုရင် တချို့ခွဲစိတ်မှုခံယူထားတဲ့ လူနာတွေမှာ အနာကျက်နှေးတာမျိုး ဖြစ်တတ်ပါတယ်။

မေး ။ အိုမီဂါ ၃ ဖက်တီးအက်စစ် နေ့စဉ်လိုအပ်တဲ့ ပမာဏကိုပြောပြပေးပါဆရာမ။
ဖြေ ။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကတော့ တစ်နေ့ကို ၂ ဂရမ်လိုအပ်ပါတယ်။ အသက်အရွယ်နဲ့ပြောမယ် ဆိုရင်-

၆လအောက်ကလေးတွေမှာဆိုရင် ၄ ဒသမ ၄ ဂရမ် လိုအပ်ပါတယ်။

တစ်နှစ်အရွယ်ဆိုရင် ၄ဒသမ ၆ ဂရမ်လိုအပ်ပါတယ်။

တစ်နှစ်နဲ့ နှစ်နှစ်ကြားအရွယ်ဆို ၇ ဂရမ်လိုပါတယ်။

အသက်၉နှစ်ကနေ ၁၃ နှစ်အရွယ်ဆို ၁၀ ဂရမ်လိုအပ်ပါတယ်။

၁၈ နှစ်အရွယ်ဆို ၁၁ ~ ၁၆ ဂရမ်လိုအပ်ပါတယ်။

အရွယ်ရောက်ပြီးသား ၁၉နှစ်ကနေ အသက် ၅၀ အရွယ် အမျိုးသားဆိုရင် ၁၇ ဂရမ်လိုအပ်ပါတယ်။

အရွယ်ရောက်ပြီးသား ၁၉နှစ်ကနေ အသက် ၅၀ အရွယ်အမျိုးသမီးတွေဆိုရင်တော့ ၁၂ ဂရမ်လိုအပ်ပါတယ်။

အိုမီဂါ ၃ ထဲမှာပါတဲ့ EPA ၊ DHA တို့ကို တစ်နေ့ ၅၀ဝ မီလီဂရမ် မှီဝဲလို့ ရပါတယ်။

မေး ။ အိုမီဂါ၃ ဖက်တီးအက်စစ်နဲ့ ပတ်သက်ပြီး အများပြည်သူတွေကို ထပ်မံအကြံပြုလိုတာရှိရင် သိပါရစေ ဆရာမ။
ဖြေ ။ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ သူ့ကိုရရှိစေနိုင်တဲ့ သဘာဝအစားအစာတွေကို ပုံမှန်စားပေးပြီး သက်ရှည်ကျန်းမာစေဖို့ အကြံပြုလိုက်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top