Healthy Life Ad
Life Style

မျက်စိတွင် ရေယုန်ပေါက်ခြင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး၊ ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ရေယုန်က ဘယ်သူတွေမှာ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. လူတိုင်း ကျား၊ မ မရွေး ရေယုန်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားကျနေတဲ့သူတွေမှာ ရေယုန်ဖြစ်တာများပါတယ်။ ကိုယ်ခံအားကျနေရင် မျက်စိအပါအဝင် ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ရေယုန်ဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားကျစေတဲ့ရောဂါ (ဥပမာ – HIV၊ AIDS)တွေရှိတဲ့ သူတွေမှာ ရေယုန်ပေါက်နိုင်လို့ သတိပြုသင့်ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ရေယုန်ပေါက်တတ်တဲ့သူအားလုံးက မျက်စိမှာ ရေယုန်ပေါက်တတ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက နှာခေါင်းထိပ်မှာ ရေယုန်ပေါက်ရင် မျက်စိမှာကျိန်းသေရေယုန်ရှိတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ . . .

မေး. ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ ရေယုန်ပေါက်ရင် မျက်စိမှာရော ရေယုန်ပေါက်နိုင်ခြေများပါသလား ဆရာ။

ဖြေ. ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ရေယုန်ပေါက်တတ်တဲ့သူအားလုံးက မျက်စိမှာ ရေယုန်ပေါက်တတ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက နှာခေါင်းထိပ်မှာ ရေယုန်ပေါက်ရင် မျက်စိမှာ ကျိန်းသေ ရေယုန်ရှိတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နှာခေါင်းထိပ်ရှိ Trigeminal Nerve က အခွဲတွေ အများကြီးရှိပါတယ်၊ တစ်ခုက နှာခေါင်းကိုပေးပြီး တစ်ခုက မျက်စိကိုပေးတယ်၊ အဲဒီလို ဆက်သွယ်နေတော့ နှာခေါင်းကို ထိပြီဆိုရင် မျက်စိကိုလည်း ထိပြီလို့ ယူဆပါတယ်။ နှာခေါင်းကို ရေယုန်ရောက်ပြီဆိုရင် မျက်စိမှာလည်း ရေယုန်ရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ နှာခေါင်းအဆင့်ကို မရောက်ခင်မှာ မျက်စိမှာဖြစ်ပြီးသား ဖြစ်ပါတယ်။

မေး. မျက်စိရေယုန်က လူတစ်ဦးနဲ့တစ်ဦးကို ဘယ်လိုကူးစက်နိုင်ပါသလဲ ဆရာ။

ဖြေ. မျက်စိရေယုန်ရဲ့ ကူးစက်မှုတစ်ခုမှာ ထိတွေ့မှုဆိုတာရှိပါတယ်။ ဒါကြောင့် မျက်နှာသုတ်ပဝါနဲ့ ဆပ်ပြာစတာတွေကို အတူမျှဝေသုံးတာကြောင့် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ရေယုန်ပေါက်ရင် တစ်ကိုယ်ရေအသုံးအဆောင်တွေကို သီးသန့်ဖယ်ထားတာ ကောင်းပါတယ်။

မေး. မျက်စိရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ ရေယုန်ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. မျက်ခွံမှာလည်း ရေယုန်ဖြစ်နိုင်ပါတယ်။ မျက်နှာတင်မက မျက်ခွံမှာဆိုရင် အရည်ကြည်ဖု (Vesicle) လေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ ပြီးရင် မျက်ကြည်လွှာကို ပျံ့တတ်ပါတယ်။ အဓိကအားဖြင့် မျက်ကြည်လွှာမှာ ရေယုန်ဖြစ်တာများပါတယ်။ မျက်ကြည်လွှာမှာဆိုရင် Epithelium၊ Stroma နဲ့ En­dothelium ဆိုတဲ့ အပိုင်းသုံးပိုင်းအနက် Epithelium မှာ ရေယုန်ဖြစ်ရင် အချောင်းလေးတွေ (Dendrite) အနေနဲ့တွေ့ရပါတယ်။ အဲဒီမှာ ရေယုန်ဖြစ်တာတွေ့ရင် ကူးစက်တဲ့အဆင့်လို့ ဆရာတို့က သတ်မှတ်လိုက်ပါတယ်။ ကူးစက်နိုင်ပါတယ်။

အဲဒီကနေကြာသွားရင် Stroma အပိုင်းမှာ ရေယုန်ဖြစ်တဲ့အခါ ရောင်လာပါတယ်။ အဲဒါကို Stromal Edema လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာဆိုရင် လူနာက မျက်စိမှုန်ဝါးပြီး ရောက်လာတတ်ပါတယ်။ ဒီအဆင့်က ကုသရလွယ်ပါတယ်။ ဆရာတို့က စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတစ်မျိုးပေးလိုက်ရပါတယ်။ ဆိုးတာက Endothelium အပိုင်းကို ရေယုန်ရောက်သွားတဲ့ အခြေအနေပဲဖြစ်ပါတယ်။ အဲဒီမှာ ရောင်ရမ်းတဲ့အခါ သူငယ်အိမ်ရောင်တာ (Uveitis) နဲ့တွဲနေတတ်ပါတယ်။ ဒီအခြေအနေက မျက်စိကို ပိုပြီးထိခိုက်စေသလို ကုသရလည်း ပိုခက်ပါတယ်။ မျက်စိမှာ ရေယုန်ဖြစ်တဲ့ လူနာအများစု မျက်စိကွယ်ရင် ဒီအခြေအနေနဲ့ပဲ ကွယ်တာများပါတယ်။

မေး. မျက်ကြည်လွှာမှာ ရေယုန်ဖြစ်ရင်ကော နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. မျက်ကြည်လွှာမှာ ရေယုန်ဖြစ်ပြီး ပျောက်သွားတဲ့အခါ အမာရွတ်ထင်သွားတတ်ပါတယ်။ အဲဒီအဆင့်မှာ လူနာကရောက်လာရင် မျက်စိကွယ်သွားတာရှိပါတယ်။ အဲဒီအခါကျရင် Corneal Graft လုပ်ပေးရပါတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာ ပြဿနာရှိတာက ရေယုန်ပြန်ဖြစ်နိုင်ခြေဟာ တခြားအခြေအနေတွေထက်ပိုများပါတယ်။ ရေယုန်ရဲ့ သဘာဝကိုက ပြန်ဖြစ်နိုင်ခြေများတဲ့အတွက် Corneal Graft လုပ်တဲ့အခါ ရေယုန်ပြန်ဖြစ်နိုင်ခြေက ပိုများသွားပါတယ်။

မေး. ရေယုန်ကြောင့် မျက်ကြည်လွှာ အမာရွတ်ထင်တဲ့ သူတွေများပါသလား ဆရာ။

ဖြေ. အခုနောက်ပိုင်းမှာ ရေယုန်ကြောင့်ဖြစ်တဲ့ မျက်ကြည်လွှာ အမာရွတ်တွေက အတော်များများ တွေ့လာရပါတယ်။ အဲဒါက အကြောင်းရင်းနှစ်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။ နဂိုကတည်းကလည်း မျက်ကြည်လွှာအမာရွတ် ရှိချင်ရှိနေနိုင်ပါတယ်။ အခုအချိန်ကျတော့ ဆရာတို့ ရန်ကုန်မျက်စိဆေးရုံကြီးမှာ Corneal Graft လုပ်တာ အောင်မြင်လာတော့ စိတ်ဝင်စားပြီး လာပြကြတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က မျက်ကြည်လွှာမှာ ရေယုန်ဖြစ်တာ များလာလို့လည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်မှန်းမသိပေမယ့် နေ့တိုင်း ဒီလိုလူနာတွေကို တွေ့နေရပါတယ်။

မေး. မျက်စိမှာ ရေယုန်ဖြစ်ရင် ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။

ဖြေ. မျက်စိရေယုန်ဖြစ်ရင် ကုသနည်းကတစ်မျိုးပဲ ရှိပါတယ်။ အဲဒါက ဗိုင်းရပ်စ်တားဆေးနဲ့ ကုသတာဖြစ်ပါတယ်။ အဲဒီမှာ Acyclovir နဲ့ Ganglovir ဆိုပြီး နှစ်မျိုးရှိပါတယ်။ မျက်စဉ်းဆေးနဲ့ သောက်ဆေးဆိုပြီး အမျိုးအစားနှစ်မျိုးရှိလို့ နှစ်မျိုးစလုံးပေးကာ ကုသရပါတယ်။ ဈေးကွက်ထဲမှာတော့ Acyclovir ရေယုန်ပျောက်ဆေးကို အလွယ်တကူ ရရှိတတ်ပါတယ်။

မေး. ရေယုန်ဖြစ်ရင် ဘယ်အချိန်ကုသတာ ပိုကောင်းပါသလဲဆရာ။

ဖြေ. စောစောကုရင် ပိုကောင်းပါတယ်။ Epithelium မှာ ရေယုန်ပေါက်တဲ့ အဆင့်မှာ စောစောစီးစီး ကုသနိုင်ရင်ပိုကောင်းပါတယ်။ အဲဒီအဆင့်က ကူးစက်တဲ့အဆင့်ဖြစ်လို့ ကုသမှုမပေးရင် နောက်ပိုင်း ရောင်ရမ်းမှုက လိုက်လာပါတယ်။ ကူးစက်တဲ့အဆင့်မှာ ကုလို့အဆင်ပြေပေမယ့် ရောင်ရမ်းတဲ့ အခြေအနေနဲ့ရောက်သွားရင် ကုရအတော်ခက်ပါတယ်။ ရောင်ရမ်းတာကို ကုသဖို့စတီးရွိုက်ပေးရတဲ့အတွက် စတီးရွိုက်ပေးလိုက်ရင် ကူးစက်မှုက ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကုရအတော်ခက်ပါတယ်။ ရေယုန်ကဝင်ရင်လည်း Epithelium အဆင့်မှာ အရင်ဝင်ပါတယ်။ မသိကြလို့သာ နောက်ပိုင်းအဆင့်တွေ ရောက်သွားတာဖြစ်ပါတယ်။

မေး. မျက်စိမှာ ရေယုန်ဖြစ်တာကို လူနာတွေအနေနဲ့ ဘယ်လိုသိနိုင်ပါသလဲ ဆရာ။

ဖြေ. မျက်ခွံမှာ အရည်ကြည်ဖုအနေနဲ့ဖြစ်ရင်တော့ လူနာတွေကသိပါတယ်။ လူနာတွေက ရှက်လည်းရှက်ပါတယ်။ ဒါပေမဲ့ Epithelium မှာ အချောင်းလေးတွေအနေနဲ့ဖြစ်ရင်တော့ မျက်စိနီတာကလွဲရင် မသိနိုင်ပါဘူး။ အဲဒီတော့ ရေယုန်ကုသဆေးကို မရလိုက်တာများပါတယ်။ နောက်ပိုင်း Stroma အဆင့်ရောက်သွားရင်တော့ လူနာတွေက မျက်စိမှုန်လာတဲ့အတွက် သိတာများပါတယ်။ အဲဒီအဆင့်ရောက်ရင် ဆရာတို့ဆီ လာပြကြပါတယ်။

မေး. မျက်စိရေယုန်ကုသမှုနဲ့ပတ်သက်ပြီး လူနာတွေသိစေချင်တဲ့ အချက်ရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. ကူးစက်မှုနဲ့ ရောင်ရမ်းမှုတွဲနေတဲ့ မျက်စိရေယုန်ဆိုရင် စတီးရွိုက်မျက်စဉ်းဆေးရော Acyclovir မျက်စဉ်းဆေးကိုပါ ပေးရပါတယ်။ အဲဒီအဆင့်မှာဆိုရင် လူနာတွေကို နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ၊ တစ်ပတ်တစ်ခါလောက် ခေါ်ကြည့်ရပါတယ်။ အဲဒီအခြေအနေမှာ လူနာလာနိုင်သလား၊ မလာနိုင်ဘူးလားဆိုတာကို အရင်မေးရပါတယ်။ စတီးရွိုက်ဆေးက ကြာရှည်ပေးထားလို့မဖြစ်လို့ပါ။ လူနာက စတီးရွိုက်မျက်စဉ်းဆေးခတ်ထားပြီး ဆရာဝန်ချိန်းတဲ့အတိုင်း လာမပြရင်ကြာသွားတဲ့အခါ ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် လူနာကို မှန်မှန်ပြန်လာပြဖို့ သေချာစနစ်တကျရှင်းပြရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top