Healthy Life Ad
Life Style

မျက်စိသူငယ်အိမ်ကျဉ်းခြင်းအကြောင်း သိမှတ်ဖွယ်ရာ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ မျက်စိသူငယ်အိမ်က ဘာကြောင့် ကျဉ်းရပါသလဲ ဆရာ။
ဖြေ ။ မျက်စိသူငယ်အိမ်ကျဉ်းစေတဲ့ အကြောင်းတွေ ရှိပါတယ်။ အဲဒါတွေကတော့-

(၁) အသက်ကြီးခြင်း (Senile)
အသက်ကြီးတဲ့သူတချို့မှာ မျက်စိသူငယ်အိမ် ကျဉ်းတတ်ပါတယ်။ လူတိုင်း အသက်ကြီးလာရင် ဖြစ်တတ်တာမျိုးတော့ မဟုတ်ပါဘူး။

(၂) မျက်စဉ်းဆေးခတ်ခြင်း
မျက်စိသူငယ်အိမ် ကျဉ်းစေတဲ့ မျက်စဉ်းဆေး၊ အထူးသဖြင့် Pilocarpine Eye Drop ခတ်ထားတဲ့ သူတွေမှာ မျက်စိသူငယ်အိမ် ကျဉ်းတတ်ပါတယ်။နောက်တစ်ခုက မော်ဖင်း(Morphine)တွေ ထိုးထားလို့လည်း ဖြစ်နိုင်ပါတယ်။ မူးယစ်ဆေးဝါးတွေ သုံးစွဲထားလို့လည်း ဖြစ်နိုင်ပါတယ်။

(၃) Horner’s Syndrome
ဦးနှောက်မှာရှိတဲ့ Sympathetic Nerve Chain က ဦးနှောက်ကနေ တောက်လျှောက်ဆင်းလာတယ်။ အဲဒီ Nerve Chain မှာ အဖု (Lesion) တစ်ခုခုရှိရင် သူငယ်အိမ်က ကျဉ်းနေတတ်ပါတယ်။

ဘယ်လိုသိနိုင်လဲဆိုရင် မျက်ခွံက ကျနေ (Ptosis) တတ်ပါတယ်။ သူငယ်အိမ်ကျဉ်း(Miosis)နေတတ်ပါတယ်။ ဖြစ်တဲ့ဘက်ရှိ ပါးတစ်ခြမ်းက ချွေးမထွက်(Anhydrosis) တတ်ပါဘူး။ ဒီလိုလက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေဖြစ်ရင် Apex of Lung မှာ ကင်ဆာအကျိတ်ရှိ၊ မရှိ စစ် ဆေးပါတယ်။ ဒါက အသက်အန္တရာယ်နဲ့ ဆက်စပ်နေတဲ့အချက်ဖြစ်လို့ အရေးအကြီးဆုံးပါပဲ။ ကျန်တာတွေက သိပ်အရေးမကြီးပါဘူး။ အများအားဖြင့် ဒီလို အခြေအနေမှာ သူငယ်အိမ်ကျဉ်းတယ်ဆိုပြီး လူနာတွေက ဆရာတို့ဆီ လာပြတာများပါတယ်။

(၄) Pontine Haemorrhage
ဦးနှောက်မှာ Cerebrum ၊ Mid-brain နဲ့ Pons ဆိုတဲ့ အစိတ်အပိုင်းတွေ ရှိတဲ့အနက် ဥပမာ-ဦးနှောက်သွေးကြောပေါက်တဲ့သူတွေမှာ Pons မှာ သွေးကြောတွေ ပြတ်ပြီး သူငယ်အိမ်က ကျဉ်းသွားတယ်။ တစ်ခါတလေ လူနာက သတိမေ့သွားတယ်ဆိုရင် သူငယ်အိမ်ကို ကြည့်ရပါတယ်။ သူငယ်အိမ်က ကျဉ်းနေတယ်ဆိုရင် Pontine Haemorrhage ဖြစ်နိုင်ပါတယ်။ သတိလစ်ပြီးရောက်လာတဲ့ လူနာတွေက သူငယ်အိမ်ကျဉ်းတာ ဖြစ်နိုင်သလို သူငယ်အိမ် ကျယ်တာလည်း ဖြစ်နိုင်ပါတယ်။ သူငယ်အိမ် ကျယ်တယ်ဆိုရင် Tentorial Herniata ကြောင့်ဖြစ်နိုင်တဲ့အတွက် ပိုစိုးရိမ်ရပါတယ်။

မေး ။ အသက်ကြီးလို့ မျက်စိသူငယ်အိမ်ကျဉ်းရင် ဘယ်လိုတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ အသက်ကြီးလို့ သူငယ်အိမ်ကျဉ်းတယ်ဆိုရင် အတွင်းတိမ်ရောဂါကလည်း ဝင်နေတယ်၊ အဲဒီတော့ အလင်းတန်းက နည်းပြီး ပိုမှုန်သွားပါတယ်။ တစ်ခါတလေ ကျရင်လည်း အနောက်က မှန်ဘီလူး (Lens) က ကြည်လင်နေပြီး သူငယ်အိမ်က ကျဉ်းလို့ရှိရင် ပိုတောင် မြင်ရတယ်။ အဝေးမှုန်တဲ့ သူတွေက မျက်မှန်မပါဘဲ ကြည့်ရင် မမြင်ရပေမယ့် စက္ကူမှာ အပေါက်လေး တစ်ပေါက် ဖောက်ပြီး ကြည့်ရင် မြင်ရတယ်။ ဒါကို Pin-hole Effect လို့ ခေါ်ပါတယ်။ အလင်းတန်းက စက္ကူပေါက်ထဲကို ဝင်ပြီး ပိုမြင်ရပါတယ်။ အဲဒါနဲ့ အလားသဏ္ဌာန် တူပါတယ်။

မေး ။ မျက်စိသူငယ်အိမ်ကျဉ်းတယ်ဆိုရင် ဘယ်လို ကုသမှု ခံယူသင့်ပါသလဲ ဆရာ။
ဖြေ ။

သူငယ်အိမ်ကျဉ်းတယ်ဆိုရင် အရင်ဆုံး ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အချက်ကို လေ့လာရပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မှာ မူတည်ပြီး ကုသလို့ ရ၊ မရဆိုတာ မျက်စိဆရာဝန်တွေက ဆုံးဖြတ်ပေးပါတယ်။ တချို့ အကြောင်းရင်းတွေက ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်တွေနဲ့ တွဲကုရတာမျိုးလည်း ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top