Healthy Life Ad
Life Style

ရာသီလာချိန် အမျိုးသမီးတို့ ရင်ဆိုင်ရတတ်သည့် ပြဿနာများ

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ရာသီလာတာနဲ့ ပတ်သက်ရင် အမျိုးသမီးတွေက မျိုးစုံသောပြဿနာတွေ ရင်ဆိုင်ရတတ်ပါတယ်။

– ရာသီလာရင် ဆီးစပ်ပေါင်လယ်ကနေ ဆွဲဆုပ် လိုက်သလို ကိုက်ခဲနေတတ်တယ်၊

– ခါးကိုက်တတ်တယ်၊

– အိပ်ရာထဲမှာ ပုဇွန်တုပ်လေးလို ဒူးနဲ့ ဗိုက်နဲ့ ထိနေအောင် ကွေးပြီး အိပ်နေရတတ်တယ်၊

– စိတ်ဓာတ်ကျပြီး လုပ်ချင် ကိုင်ချင်စိတ် ဘာမှကို မရှိတော့တာမျိုး ဖြစ်တတ်တယ်၊

– ဗိုက်အောင့်တာ၊ မူးဝေပျို့အန်တာ စတဲ့ ဝေဒနာ တွေလည်း ဖြစ်တတ်ပါတယ်။

ဒါတွေက တစ်ခါတလေ ဘာရောဂါမှမရှိဘဲနဲ့ ဖြစ်နေတတ်သလို တစ်ခါတလေကျရင် တခြားရောဂါတွေကြောင့် ကိုက်ခဲနာကျင်တာလည်း ရှိတတ်ပါ တယ်။ ဥပမာ သားအိမ်ထဲမှာရှိတဲ့ အသားလုံးကြောင့် အပြင်းအထန် ကိုက်ခဲတတ်သလို နေရာလွဲမှား သားအိမ်အတွင်းသား (Endometriosis)ေကြာင့်လည်း ကိုက်ခဲတတ်တယ်။ တစ်ခါတလေ မျိုးပွားအင်္ဂါမှာ ပိုးတွေဝင်တာကြောင့် ကိုက်ခဲနာကျင်တတ်သလို တစ်ခါတစ်ရံမွေးရာပါ မွေးလမ်းကြောင်း ပိတ်ဆို့တဲ့ဝေဒနာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဘာအကြောင်းမှ မရှိဘဲနဲ့ ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဆရာဝန်တွေက ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှာဖွေပြီး အခြေခံရောဂါကို မတွေ့မှ ဟော်မုန်းတွေကြောင့် ဖြစ်တာလို့ ကောက်ချက်ချရတတ်ပါတယ်။
ဒီဟော်မုန်းတွေဟာ . . .

ဟိုးတလောက ဆေးရုံကို အပျိုပေါက်လေး ရောက်လာတယ်၊ အသက်က ၁၇ နှစ်လောက် ရှိနေပြီ၊ ရာသီမလာသေးဘူး။ ဒါပေမဲ့ တစ်လတစ်ခါ အလွန်ကိုက်ခဲနာကျင်လို့ အိပ်ရာထဲမှာ အိပ်နေရတယ်၊ ဘာကြောင့်မှန်း မသိဘူး၊ မိဘတွေကလည်း နားမလည်ဘူး။ တဖြည်းဖြည်းနဲ့ ဗိုက်မှာ အလုံးတစ်လုံး ပေါ်လာလို့ စိတ်ပူပြီး ရောက်လာတဲ့အခါကျတော့ မွေးလမ်းကြောင်းရဲ့ ထိပ်မှာ အပေါက်မပါဘဲ ထိပ်မှာ ပိတ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီတော့ ရာသီလာတိုင်း လာတိုင်း အဲဒီသွေးတွေက သားအိမ်ရဲ့ ဟိုးမွေးလမ်းကြောင်းအဝမှာ သွားပိတ်ဆို့နေတယ်။ အဲဒီအခါကျမှ မွေးလမ်းကြောင်းကို ဖောက်ပြီး ပုံမှန် မိန်းမပီပီသသဖြစ်အောင် ပြန်လုပ်ပေးလိုက်ရပါတယ်။ ဒါကြောင့် ရာသီလာရင် ကိုက်ခဲတယ်၊ ရာသီလုံးဝ မလာဘူး . . ဒီအခြေအနေတွေကို သတိထားဖို့လိုပါတယ်။

ဘာအကြောင်းမှ မရှိဘဲနဲ့ ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဆရာဝန်တွေက ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှာဖွေပြီး အခြေခံရောဂါကို မတွေ့မှဟော်မုန်းတွေကြောင့်ဖြစ် တာလို့ကောက်ချက်ချရတတ်ပါတယ်။ ဒီဟော်မုန်းတွေဟာ အမျိုးသမီးတွေကို လှပအောင် ဖန်တီးပေးသလို အကြီးအကျယ် စိတ်ဓာတ်ကျအောင်လည်း လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုက်ခဲနာကျင်တဲ့ ရာသီခွင်တစ်ခုကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးလိပ်ငွေ့ကို ဝေးဝေးရှောင်ရပါမယ်။ ဆေးလိပ်ငွေ့ရှူမိရင် ပိုဆိုးပါတယ်။ အစားအသောက်အနေနဲ့ အဆီအအိမ့် အချိုတွေ စားတာများရင် ပိုကိုက်ခဲတာကို တွေ့ရပါတယ်။
ဝမ်းချုပ်ရင် လေးလံထိုင်းမှိုင်းပြီး နေရထိုင်ရ ပိုခက်ခဲပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်၊အသီး အနှံတွေစားပြီး ရေများများသောက်၊ လေ့ကျင့်ခန်းလုပ်ရင်း ဝမ်းမှန်မှန်သွားအောင် ဂရုစိုက်ရပါမယ်။

တချို့က ရာသီလာတော့မယ်ဆိုရင် အိပ်ရာထဲ ခွေခေါက်နေတတ်ပါတယ်။ အဲဒီလိုလူတွေ ပိုဆိုးတတ် ပါတယ်။ အဲဒီအချိန်မှာ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်စရာရှိတဲ့ လေ့ကျင့်ခန်းတွေကို ဆက်ပြီး လုပ်ဆောင်နေဖို့ လိုပါတယ်။

ဖြစ်နိုင်ရင် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာစတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ် သင့်ပါတယ်။ ပြီးတော့ ရာသီလာတာက သဘာဝပဲ ဆိုပြီး စိတ်နဲ့ ခန္ဓာကိုယ်ကို ဖြေလျှော့တတ်ဖို့လည်း လိုပါတယ်။ လိုအပ်ရင် နှိပ်နယ်ပေးရပါမယ်။ ဗိုက်မှာ ရေနွေးအိတ်လေးကပ်တာမျိုးနဲ့ အပူပေးလို့လည်း ရပါတယ်။
အဲဒီအချိန်မှာ အကိုက်အခဲသက်သာစေတဲ့ ဆေးတွေကို ဆောင်ထားပြီး သောက်လို့ရပါတယ်။

တချို့ဆိုရင် ရာသီလာတဲ့အခါ ဘာဆိုဘာမှ မလုပ်နိုင်တော့ဘူး။ အဲဒီလိုလူတွေအတွက် ဘဝရဲ့ အရေးကြီးတဲ့အခိုက်အတန့်တွေဖြစ်တဲ့ စာမေးပွဲဖြေတာ၊ မင်္ဂလာဆောင်တာ၊ အရေးကြီးတဲ့ အလုပ်ကိစ္စရှိတာ၊ ခရီးသွားရတာ စတဲ့ အကြောင်းကိစ္စတွေပေါ်ရင် ရာသီခွင်ကိုရွှေ့လိုက်လို့ရပါတယ်။ ရာသီခွင်ကို နောက်ငါးရက် ရွှေ့မလား၊ ၁၀ ရက်ရွှေ့မလား၊ ၁၅ ရက်ရွှေ့မလား . . ဟော်မုန်းဆေးတွေသုံးပြီး ရက်ရွှေ့လို့ရတဲ့ အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါ တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top