Healthy Life Ad
Life Style

လူအများသိလိုသော အသည်းကျန်းမာရေးဆိုင်ရာ အမေးအဖြေများ (၅)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

ဘီပိုးနဲ့ စီပိုးတွဲဖြစ်တဲ့အခါ . . .
မေး ။ ဘီပိုးနဲ့ စီပိုးတွဲဖြစ်ရင် ဘယ်လို ကုသသင့်ပါသလဲရှင့်။
Kyaw Kyaw (Fb)

ဖြေ ။ ဘီပိုးနဲ့ စီပိုးတွဲဖြစ်တဲ့အခါ ကုသသင့်ပါတယ်။ အကြမ်းအားဖြင့် စီပိုးက သုံးလဆေးကုရတာ ဆိုတော့ စီပိုးကို အရင်ကုရပါတယ်။ ဒါပေမဲ့ ဘီပိုး ကိုကြည့်လိုက်လို့ ပိုးကောင်ရေအရမ်းများနေသလား၊ ဆိုးနေသလားဆိုတာကြည့်ပြီး ပိုးကောင်ရေအရမ်းများနေတယ်ဆိုရင်တော့ ဘီပိုးကို အရင်ငြိမ်အောင် ဆေးတိုက်ရပါတယ်။ ပြီးမှ စီပိုးအတွက် ဆေးကုပေးပါတယ်။ စီပိုးသုံးလကုပြီးမှ ဘီပိုးအတွက် ဆေးဆက်တိုက်ရပါတယ်။

ဘီပိုးအရမ်းဆိုးနေတဲ့အချိန်မှာ စီပိုးကို ဆေးတိုက်လိုက်ရင် ဘီပိုးက အရမ်းကြွလာတတ်တယ်။ အဲဒီလိုဖြစ်မှာစိုးလို့ အများအားဖြင့် ဘီပိုးဆေးသောက်ပြီး ငြိမ်အောင်ထိန်းရတယ်။ ပြီးရင် စီပိုးအတွက် ဆေးကုရတယ်။ စီပိုးက သုံးလလောက်နဲ့ ပြီးသွားတာဆိုတော့ နောက်ပိုင်းမှာ ဘီပိုးကို ဆက်ကုသင့်ပါတယ်။
————————–

ဘီပိုးနဲ့ HIV တွဲဖြစ်တဲ့အခါ
မေး ။ ဘီပိုးနဲ့ HIV တွဲဖြစ်တဲ့အခါ ဘယ်လို ကုသမှုခံယူရပါသလဲရှင့်။
NyanMaw (Fb)

ဖြေ ။ ဘီပိုးနဲ့ HIV တွဲဖြစ်ရင် ကုသမှုကို သပ်သပ် ခံယူစရာမလိုဘူးဖြစ်သွားတယ်။ HIV အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခမဲ့ကုပေးနေတဲ့ ဆေးသုံးမျိုးမှာ HIV အတွက် ဆေးလည်း ပါတဲ့အပြင် ဘီပိုးအတွက် ကုသဆေးလည်း ပါဝင်နေပါတယ်။ ဒါကြောင့် HIV အတွက် ဆေးကုရင် ဘီပိုးက အလိုလိုကုပြီးသားဖြစ်သွားတာပါ။ HIV ပိုးအတွက်ကလည်း အခုအခြေအနေအရ ဆေးကို တစ်သက်လုံးသောက်ရမှာဖြစ်တယ်၊ ဘီပိုးကလည်း အဲဒီလို သောက်ရတာကြောင့် ဘီပိုးအတွက်ပါ တစ်ခါတည်း ကုပြီးသား ဖြစ်သွားပါတယ်။
—————————

ဘီပိုးရှိရင် ဘာတွေ ရှောင်ရမလဲ . . .
မေး ။ ဘီပိုးရှိသူတွေက ဝိုင်သောက်လို့ရပါသလား။ ဘာတွေကို ရှောင်သင့်ပါသလဲ။
TT (Fb)

ဖြေ ။

ဘီပိုးရှိရင် အရက်ရှောင်ပါ။ ဝိုင်လည်း အရက်ပဲ၊ ဘီယာလည်း အရက်ပါပဲ။ အရက်ဆိုရင် အကုန် ရှောင်ပါ။ ကွမ်းယာ၊ ဆေးလိပ်ကိုလည်း ရှောင်ပါ။ ဘီပိုးလည်းရှိပြီး အသည်းအဆီဖုံးတယ်ဆိုရင် အသည်းခြောက်တာကပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆီအအိမ့်များတဲ့ အစားအသောက်၊ မှိုပါတဲ့ အစားအသောက်၊ ဆိုးဆေးပါတဲ့ အစားအသောက်၊ မှိုတက်နိုင်တဲ့ ငရုတ်သီးစတာတွေကို ရှောင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top